Search
  • Thant Myint-U

မြန်မာ့အကျပ်အတည်းကို ကမ္ဘာက ဘယ်လိုကူညီမလဲ

Updated: Oct 15




မြန်မာနိုင်ငံသည် နောက်ကြောင်းပြန်မလှည့်နိုင်သော အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခြင်းမှာ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းမှ တိုင်းပြည် အုပ်ချုပ်မှု အာဏာကို လွှဲပြောင်းယူပစ်လိုက်ဖို့ ရည်ရွယ်ခဲ့သော်လည်း တကယ်တမ်းတွင်မူ အရေးတော်ပုံကြီးသာ ပေါ်ပေါက်လာခဲ့ကာ ထိန်းမနိုင် သိမ်းမရ အခြေအနေသာ ဖြစ်လာတော့မည်။

လွန်ခဲ့သော ၄ လအတွင်း သေဆုံးသူ လူ ၈၀၀ ဦးကျော်၊ ဖမ်းဆီးခံရသူ ၅၀၀၀ ဦးနီးပါး ရှိခဲ့သည့်ကြားကပင် ဆန့်ကျင်ဆန္ဒပြပွဲများ၊ သပိတ်မှောက်မှုများကို ဆက်လက်ပြုလုပ်နေခဲ့ကြသည်။ ဧပြီလ ၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားသော နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ပူးပေါင်းကာ အာဏာသိမ်း စစ်ကောင်စီ၏ အချုပ်အချာ အာဏာကို စိန်ခေါ်ရန် “အမျိုးသားညီညွတ်ရေးအစိုးရ”ကို တရားဝင်ဖွဲ့စည်းလိုက်သည်။ ဧပြီလနှင့် မေလအတွင်း အာဏာသိမ်း စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ အကြား အပစ်အခတ်များ ပြန်လည်စတင်လာခဲ့သလို ဒီမိုကရေစီအရေး လှုပ်ရှားသူ မျိုးဆက်သစ်တစ်စုကလည်း စစ်တပ်စခန်းများ၊ အစိုးရ ရုံးဌာနများကို တိုက်ခိုက်ခြင်းများ တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားခဲ့သည်။

လာမည့်နှစ်အတွင်း စစ်ကောင်စီသည် ယင်းအုပ်ချုပ်မှုအာဏာ တစ်စိတ်တစ်ဒေသ တည်အောင် လုပ်ဆောင်နိုင်ဖွယ်ရာ ရှိသော်လည်း တိုင်းရေးပြည်ရေး အေးချမ်းမှု ရှိလာမည်တော့ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အရေးတကြီး လုပ်ဆောင်ရမည့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများမှာ အလွန်တရာ ရှုပ်ထွေးသည်။ ပြည်သူလူထု၏ စစ်တပ်အပေါ် အခဲမကျေမှုမှာလည်း ကြီးမားသည်။ ခေတ်နောက်ကျကျန်နေသည့် အစိုးရတစ်ရပ်အနေဖြင့် ထိုပြဿနာများကို တစ်ကိုယ်တည်း ကျိတ်၍ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်။ ထို့အတူ တော်လှန်ရေးသမားများကလည်း တစ်ချက်တည်းနှင့် အလဲထိုးနိုင်မည့် အလားအလာ မရှိနေ။

ယခုအခြေအနေ အတိုင်း မတိုးသာ မဆုတ်သာ ဆက်သွားပါက တိုင်းပြည်စီးပွားရေး ပြိုလဲသွားလိမ့်မည်။ ဆင်းရဲတွင်း နက်သထက် နက်လိမ့်မည်။ ကျန်းမာရေးစောင့်ရှောက်မှု စနစ်လည်း ပြိုပျက်သွားမည်။ လက်နက်ကိုင် အကြမ်းဖက်မှုများလည်းပို၍ ပြင်းထန်လာလိမ့်မည်။ စစ်ဘေးဒုက္ခသည် အမြောက်အမြား တစ်သုတ်ပြီး တစ်သုတ် တရုတ်၊ အိန္ဒိယ၊ ထိုင်းစသည့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးကြရမည်။ မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံတော် ဖြစ်လာလိမ့်မည်။ တိုင်းပြည် ဖရိုဖရဲ ဖြစ်နေခြင်းကို အခွင့်ကောင်းယူမည့် အုပ်စုသစ်များ ထွက်ပေါ်လာဦးမည်။ နှစ်စဉ် ဒေါ်လာဘီလီယံချီ လည်ပတ်နေသော မက်သဖက်တမင်းစျေးကွက် ကြီးထွားလာမည်။ ကမ္ဘာ့ အဖိုးတန်ဆုံးသော ဇီဝမျိုးကွဲများ ကျက်စားရာ သစ်တောများကို ခုတ်လှဲပစ်ကြမည်။ အိမ်နီးချင်း တရုတ်နိုင်ငံ၌ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားစေခဲ့သော သားရိုင်းတိရစ္ဆာန် မှောင်ခိုလမ်းကြောင်း အပါအဝင် တရားမဝင် သားရိုင်းတိရစ္ဆာန်များ ရောင်းဝယ်သည့် ကွန်ယက်များကို ချဲ့ထွင်ကြလိမ့်မည်။ ကိုဗစ်ကပ်ရောဂါသည်လည်း ပိုဆိုးလာဦးမည်။

လက်ရှိအချိန်တွင် ဆောင်ရွက်ရမည်မှာ တိုင်းရေးပြည်ရေး ဖရိုဖရဲဖြစ်သည့်ကာလ တိုတောင်းသွားအောင် ပြုလုပ်ရန်၊ အဆင်းရဲဆုံးနှင့် ထိခိုက်ရန် အလွယ်ဆုံးသော လူတန်းစားများကို အကာအကွယ်ပေးရန်၊ ပို၍ လွတ်လပ်မျှတ စည်ပင်ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းတစ်ရပ် နေထိုင်နိုင်မည့် ပြည်ထောင်သစ်တစ်ခု ပြန်လည်တည်ထောင်ရန် ဖြစ်သည်။ လူမျိုးစွဲ၊ နိုင်ငံစွဲ အယူအဆဟောင်းများကို ပစ်ပယ်ကာ လုံးဝဥဿုံ ကွဲပြားသည့် နိုင်ငံသားဆိုင်ရာ ခံယူချက် အယူအဆသစ်နှင့် အသွင်ပြောင်းထားသည့် နိုင်ငံရေးရာ စီးပွားရေးစနစ်ကို အခြေခံမှသာ မြန်မာနိုင်ငံသည် အနာဂတ်တွင် တည်ငြိမ်ငြိမ်းချမ်းသော နိုင်ငံတစ်ခု ဖြစ်လာနိုင်သည်။ လေးလံခက်ခဲခဲ့သည့် သမိုင်းကြောင်းများကြောင့် ဤသည်သာလျှင် လက်ခံနိုင်ဖွယ်ရာ တစ်ခုတည်းသော ရလဒ်ဖြစ်နေပြီး အောင်မြင်ရန် အလွန်တရာ ခက်ခဲလှသည်။ အာဏာရှင်စနစ်သည် ရွေးချယ်စရာ နည်းလမ်းတစ်ခု မဟုတ်။ စစ်အာဏာရှင် အုပ်ချုပ်ရေးဖြင့် ပြည်တွင်းအေးချမ်းမှုကို မတည်ဆောက်နိုင်ရုံမက နိုင်ငံရေး မတည်ငြိမ်မှု ပြဿနာကို ပို၍ပင် နက်ရှိုင်းသွားစေလိမ့်မည်။ မြန်မာနိုင်ငံသည် လာမည့်ဆယ်စုနှစ်များတွင် အာရှတိုက်၏ အချက်အချာ၌ အကြမ်းဖက်မှုများနှင့် ပြည့်နေသည့် မင်းမဲ့တိုင်းပြည် ဖြစ်လာအောင် တွန်းပို့သလို ဖြစ်နေပါလိမ့်မည်။


ကိုလိုနီခေတ်လက်ကျန် အမွေ

မြန်မာနိုင်ငံသည် ကိုလိုနီစနစ် လက်ရာတစ်ခုဖြစ်ပါသည်။ ၁၉ ရာစု တစ်လျှောက်လုံးနှင့် ၂၀ ရာစု အစောပိုင်းကာလများအတွင်း ဗြိတိသျှတို့သည် ဘင်္ဂလားမှ မလေးကျွန်းဆွယ်နှင့် (နှစ်တစ်ထောင်မျှ ဗမာစကားပြောသော ဗုဒ္ဓဘာသာ ကိုးကွယ်သည့် ဘုရင်များ အုပ်ချုပ်နေခဲ့သည့်) ဧရာဝတီမြစ်ဝှမ်းဒေသ အထိ၊ ထိုမှ အနီးဝန်းကျင်ရှိ (ပြင်ပထိန်းချုပ်မှုအောက်သို့ တစ်ခါမှ ကျရောက်ခြင်း မရှိခဲ့ဖူးသော) တောင်ပေါ်တောင်တန်းဒေသများကို နယ်မြေချဲ့ထွင်ခဲ့ကြသည်။

မြန်မာပြည် - ထိုခေတ်အခေါ် ဗမာပြည်ကို စစ်အင်အားသုံး သိမ်းပိုက်ကာ လူမျိုးရေးကို အဆင့်ဆင့် ခွဲခြားကာ အုပ်ချုပ်ခဲ့သည်။ မြန်မာပြည်သည် “မျိုးနွယ်များ အတည်တကျ မရှိသော နယ်မြေတစ်ခု” ဖြစ်ကြောင်း၊ နေထိုင်ကြသူများ၏ ကိုယ်ပိုင်ဝိသေသ လက္ခဏာများမှာ ကွဲပြားစုံလင်လှပြီး မည်သူက မည်သည့် မျိုးနွယ်ဝင် ဖြစ်သည်ဟု ခွဲခြားရန် ခက်ခဲလှကြောင်း ဗြိတိသျှနယ်ချဲ့တို့၏ သန်းခေါင်စာရင်း အရာရှိများက ညည်းညူခဲ့ကြသည်။ နောက်ဆုံးတွင် အရာရှိတို့က လူမျိုးအုပ်စု အမျိုးအစားများ ခွဲခြားလိုက်ပြီး အချို့အုပ်စုများကို “ဌာနေတိုင်းရင်းသား”၊ ကျန်အုပ်စုများကို “ဧည့်နိုင်ငံသားများ”ဟူ၍ သတ်မှတ်လိုက်သည်။ ဗြိတိသျှတို့က အလွန်တရာ မမျှတဘဲ ခေါင်းပုံဖြတ် အမြတ်ကြီးစားသည့် နိုင်ငံရေးရာ စီးပွားရေးစနစ်ကို ထူထောင်ခဲ့သည်။ အိန္ဒိယမှ ရွှေ့ပြောင်းလုပ်သားများ အလုံးအရင်း တင်သွင်းခြင်းနှင့် ဆန်၊ ရေနံ၊ သစ် စသည့် သဘာဝ သယံဇာတများကို ကမ္ဘာ့စျေးကွက်သို့ တင်ပို့ခြင်းကို အခြေခံသည့် ကိုလိုနီခေတ် စီးပွားရေးစနစ်တစ်ခု ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ရာခန့်က စတင်၍ ခေတ်သစ်မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပေါ်ပေါက်လာခဲ့သည်။ ဗမာဘာသာ စကားပြောကာ ဗုဒ္ဓဘာသာ ကိုးကွယ်သော လူမျိုးစု၏ ကိုယ်ပိုင်ဝိသေသလက္ခဏာမှ မြစ်ဖျားခံလာသည့် လူမျိုးရေးအခြေပြု အမျိုးသားရေးဝါဒမှာ အချက်အချာ ကျသည်။ ကိုးကွယ်သည့် ဘာသာ အလိုက် နယ်စည်းဆွဲကာ ပါကစ္စတန်ကို အိန္ဒိယမှ ခွဲထုတ်ရန် ၁၀ နှစ်အလို ၁၉၃၇ ခုနှစ်တွင် ဗြိတိသျှတို့သည် ယင်းတို့ ထင်မြင်ယူဆထားသည့် လူမျိုးနွယ်အရ ကွဲပြားမှုပေါ် အခြေခံကာ မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်ခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်သစ်တွင် ရှမ်း၊ ကရင်ကဲ့သို့ ဗမာလူမျိုး မဟုတ်သော ဌာနေတိုင်းရင်းသားအဖြစ် သတ်မှတ်ခံထားရသည့် လူမျိုးစုများကိုပါ ပေါင်းစည်းရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဗမာလူမျိုးကြီး ဝါဒဘောင် အတွင်းသို့ သွတ်သွင်းခြင်းသာ ဖြစ်သည်။ ပို၍ဆိုးသည့် အနေအထားကို ကြုံရသူများမှာ “ဧည့်နိုင်ငံသားများ” အဖြစ် သတ်မှတ်ခံထားရသည့်သူများ ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရက်ရက်စက်စက် နှင်ထုတ်ခံရသော ရိုဟင်ဂျာ မွတ်စလင် အသိုင်းအဝိုင်းမှ လူ ၇ သိန်းကျော် ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းပြည် တည်ဆောက်ရေး စီမံကိန်းသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ကျရှုံးနေဆဲ ဖြစ်သည်။ အကျိုးဆက်မှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမီးများ တောက်လောင်နေသော နိုင်ငံရေး အခင်းအကျင်းနှင့် တစ်ခါမှ ပေါင်းစည်းညီညွတ်ခြင်း မရှိသေးသည့် ပြည်ထောင်တစ်ခုသာ ဖြစ်သည်။

ဗမာ့စစ်တပ်သည် ထိုလူမျိုးရေးအခြေပြု အမျိုးသားရေးဝါဒ၏ အုပ်ထိန်းသူအဖြစ် မိမိကိုယ်ကို ရှုမြင်သည်။ ကမ္ဘာ့ပေါ်တွင် ဒုတိယကမ္ဘာစစ်မှသည် ယနေ့အထိ မနားတမ်း တိုက်ခိုက်နေခဲ့သည့် တစ်ခုတည်းသော စစ်တပ်ဟု ဆိုနိုင်သည်။ စစ်ကြီးအတွင်းက ဗြိတိသျှ၊ ယင်းနောက် ဂျပန်၊ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၀ ပြည့်နှစ်များတွင် ဝါရှင်တန်အစိုးရက ကျောထောက်နောက်ခံ ပြုသည့် တရုတ်အမျိုးသားရေးတပ်များ၊ ၁၉၆၀ ပြည့်နှစ်များတွင် ဘေကျင်းအစိုးရက ကျောထောက်နောက်ခံ ပေးသည့် ကွန်မြူနစ် အင်အားစုများ အပါအဝင် ဘိန်းဘုရင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ စသည့် ရန်သူမျိုးစုံကို တိုက်ခိုက်နေခဲ့သည်။ ၁၉၇၀ ပြည့်နှစ်အလွန်တွင် တိုက်ပွဲအများစုမှာ တောင်ပေါ်ဒေသများ၌သာ ဖြစ်ပွားခဲ့သည်။ စစ်တပ်သည် လူနည်းစု တိုင်းရင်းသား ဒေသများကို ပြည်မ၏ အုပ်ချုပ်မှု လက်အောက်သို့ သွတ်သွင်းရန် ကြိုးပမ်းစမြဲ။ တစ်ခါတစ်ရံ စစ်တပ်သည် ဆန့်ကျင်ပုန်ကန်သူများကို ချေမှုန်းရန် ဧရာဝတီမြစ်ဝှမ်း ဒေသများသို့လည်း ဆင်းဆင်းလာတတ်သည်။ ဗမာ့စစ်တပ်၏ အင်အားမှာ စစ်သား သုံးသိန်းကျော် အထိ ကြီးထွားလာခဲ့သည်။ မကြာသေးမီ နှစ်အနည်းငယ်က စစ်တပ်သည် တရုတ်နှင့် ရုရှားထံမှ တိုက်လေယာဥ်များ၊ မောင်းသူမဲ့ လေယာဥ်များ၊ ဒုံးပျံအမြှောက်များ ဝယ်ယူစုဆောင်းထားခဲ့သည်။ ဤသည်ကို ဦးဆောင်သူမှာ စစ်တပ်၏ အကြွင်းမဲ့အာဏာ မတည်သည့် မြန်မာနိုင်ငံကို စိတ်ပင် မကူးဖူးသည့် စစ်အရာရှိ တစ်သိုက် ဖြစ်သည်။

လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၄၀ ကြာ ကာလ အတွင်းက အရပ်သားအစိုးရနှင့် စစ်အစိုးရ အဆက်ဆက်က ကိုလိုနီခေတ်က စီးပွားရေးဆိုင်ရာ မညီမျှမှုတို့ကို တုံ့ပြန်သည့်အနေဖြင့် ဆိုရှယ်လစ်ဝါဒကို လက်ကိုင်စွဲခဲ့ကြသည်။ အာဏာပိုင်များအတွက် အဓိက အတိုက်အခံမှာ ကွန်မြူနစ်ဝါဒီများ ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်ကာလများတွင် အာဏာရစစ်အစိုးရက တိုင်းပြည်ကို တံခါးပိတ်စနစ် ကျင့်သုံးကာ အကြီးစား စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းသည်။ ထိုလမ်းကြောင်း အတိုင်း သွားနေရာမှ ၁၉၈၈ ခုနှစ်တွင် နောက်ထပ် စစ်အစိုးရတစ်ဖွဲ့ အာဏာရလာသည့်အခါ အပြောင်းအလဲများ ဖြစ်လာခဲ့သည်။ စစ်အစိုးရသစ်က ဆိုရှယ်လစ်စနစ်ကို မလက်ခံဘဲ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ နိုင်ငံခြား ကုန်သွယ်မှုနှင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍတို့ကို အားပေးသည်။ သို့သော်လည်း အနောက်နိုင်ငံများက ပြည်တွင်းရှိ ပေါ်ပေါက်ခါစ ဒီမိုကရေစီ လှုပ်ရှားမှုကို စုပေါင်းထောက်ခံကြောင်း ပြသသည့် အနေနှင့် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများကို စတင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် စစ်မျက်နှာတွင် ထိပ်တိုက်ရင်ဆိုင်နေရသည့် အဓိကရန်သူဖြစ်သော အရှေ့မြောက်ဘက်မှ ဘေကျင်းအစိုးရက ကျောထောက်နောက်ခံ ပြုသည့် ကွန်မြူနစ် အင်အားစု ပြိုကွဲသွားရာ ဆယ်စုနှစ်များစွာ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တရုတ်ပြည်နှင့် ကုန်သွယ်ရန် အခွင့်ဖန်လာခဲ့သည်။ နောက်ဆက်တွဲမှာ အိမ်နီးချင်း တရုတ်နိုင်ငံ၏ စက်မှုတော်လှန်ရေးကြီးထဲ အတွင်းကျကျ ပါဝင်ပတ်သက်နေသည့် ဗမာ့အရင်းရှင်စနစ် ပေါ်ပေါက်လာမှု ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်များနှင့် ယခုရာစုနှစ် အစောပိုင်းနှစ်များက ထွက်ပေါ်လာသည့် နိုင်ငံရေးရာ စီးပွားရေးစနစ်မှာ မမျှတမှု မရှိဆုံးသော အနေအထားကို ဖန်တီးခဲ့သည်။ အထူးသဖြင့် စစ်အစိုးရနှင့် ဒေသခံလက်နက်ကိုင် အုပ်စုများ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသည့် နယ်မြေများတွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် အုပ်စုများ ကြီးထွားလာခဲ့သည်။ ဗိုလ်ချုပ်ကြီးများ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၊ ယင်းတို့၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များနှင့် အပေါင်းအပါ တစ်သိုက်သည် သစ်နှင့် သတ္တုတွင်းလုပ်ငန်းများ (အထူးသဖြင့် ကျောက်စိမ်း) ဖြင့် ချမ်းသာလာခဲ့သည်။ ရရှိလာသော အမြတ်ငွေများကို နိုင်ငံ၏ အကြီးဆုံး ဖြစ်သည့် ရန်ကုန်မြို့ရှိ အိမ်ခြံမြေစျေးကွက်တွင် ရင်းနှီးမြုပ်နှံကြရာ အိမ်စျေးများ ဒေါ်လာသန်းချီ ထိုးတက်သွားခဲ့သည်။ ၂၀၀၈ ခုနှစ် အရောက်တွင် အသစ်ရှာတွေ့ထားသည့် ကမ်းလွန် သဘာဝဓါတ်ငွေ့သိုက်များက တစ်နှစ်လျှင် ဒေါ်လာ ၃ သန်းကျော် စစ်အစိုးရကို ထောက်ပံ့ပေးနေခဲ့သည်။ အချိတ်အဆက် ကောင်းလျှင် ထိုဒေါ်လာငွေများကို ငွေလဲနှုန်း မဖြစ်စလောက်ဖြင့် ဝယ်နိုင်သည်။ စစ်တပ်မှအရာရှိတိုင်း ကြီးပွားချမ်းသာလာသည် မဟုတ်သော်လည်း အားလုံးလိုလို ရာထူးအာဏာကို ဥစ္စာဓနအဖြစ်သို့ ပြောင်းလဲပေးနိုင်သော ဆိုင်ရာပိုင်ရာများနှင့် အဆက်အသွယ်ရှိကြသည်။

အခွန်ဆောင်သည့်သူ တစ်ယောက်မှ မရှိခဲ့။ အစိုးရက ထောက်ပံ့ပေးသည့် လူမှုဖူလုံရေး ဝန်ဆောင်မှုမှာ ရှိသည်ဆိုရုံမျှပင်။ ၂၀၀၀ ပြည့်နှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နိုင်ငံအသီးသီး၏ ကျန်းမာရေးစနစ်များ စာရင်းတွင် မြန်မာနိုင်ငံ နောက်ဆုံးနေရာတွင် ရှိနေခဲ့သည်။ စစ်တပ်က အရပ်သားများထံမှ လယ်မြေယာ ဧကအမြောက်အများကိုလည်း သိမ်းယူခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း တစ်သိန်းလေးသောင်းခန့် အသက်ဆုံးရှုံးခဲ့သည်။ မြေယာမဲ့ဖြစ်ခြင်း၊ ဆိုင်ကလုန်း မုန်တိုင်းဒဏ်၊ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်လာသည့် သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှု စသည့် အကြောင်းကြောင်းကြောင့် လူပေါင်းများစွာ ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်းမှုကြီး ဖြစ်လာခဲ့သည်။ အနောက်အရပ်မှ အရှေ့အရပ်သို့လည်းကောင်း၊ ဗမာတိုင်းရင်းသားတို့ နေထိုင်ရာ မြေပြန့်ဒေသများမှ ရန်ကုန်မြို့နှင့် လူနည်းစုများနေထိုင်ရာ တောင်ပေါ်ဒေသသို့လည်းကောင်း၊ နိုင်ငံအနှံ့အပြားမှသည် ထိုင်းနိုင်ငံသို့လည်းကောင်း ပြောင်းရွှေ့အခြေချမှုများ ဖြစ်ပေါ်ခဲ့သည်။ ယနေ့အထိ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်နေသည့် မြန်မာနိုင်ငံသား အခြေခံလုပ်သားဦးရေသည် ၃သန်းမှ ၄ သန်းမျှထိ ရှိနေသည်။ မြန်မာနိုင်ငံ၏ ဒေသခံ တိုင်းရင်းသား လူဦးရေမှာ ပိုမိုရောထွေးကာ မျိုးနွယ်စု ဝိသေသလက္ခဏာတို့မှာ နေရပ်ဒေသနှင့် ကွဲပြားလာတော့သည်။

လူမျိုးရေး အခြေပြု အမျိုးသားရေးဝါဒနှင့်ခေတ်ပြိုင် အယူအဆများ မရှိခဲ့ပါ။ ၁၉၈၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးသည်များ တိုင်းပြည်၏အမည်ကို ပြောင်းပစ်ခဲ့သည်။ ၁၆ ရာစုနှစ်ကပင် ဧရာဝတီမြစ်ဝှမ်းဒေသကို ရည်ညွှန်းရန် ဥရောပတိုက်သားများ အသုံးပြုခဲ့သော ပထဝီဝင် အခေါ်အဝေါ် ဗမာနိုင်ငံမှ ဗမာစကား ပြောဆိုသည့် လူများစု၏ လူမျိုးအမည်နာမ မြန်မာနိုင်ငံဟု အမည်ပြောင်းခဲ့သည်။ ဆိုရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒကို စွန့်ပယ်လိုက်ပြီး ယင်းတို့နေရာတွင် ဒေသခံပြည်ထောင်စု တိုင်းရင်းသားများ ပေါင်းစည်းနေထိုင်ရာ မြန်မာနိုင်ငံဟူသော ခံယူချက်ကို အခြေခံထားသည့် အမျိုးသားရေး ဇာတ်ကြောင်းခံတစ်ခု အစားထိုးဝင်ရောက်လာခဲ့သည်။ ဗမာစကားပြော ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် မြန်မာလူမျိုးများနှင့် ယင်းတို့၏ယဥ်ကျေးမှုကို ဗဟိုပြုထားခြင်း ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိချေ။


ပွင့်လင်းလာသော ဒီမိုကရေစီ

လွန်ခဲ့သော ဆယ်နှစ်ခန့်က မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးတို့ စတင်ပွင့်လင်းလာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းမှာ စီးပွားရေးပိတ်ဆို့မှုများကြောင့် မဟုတ်သလို သံတမန်ရေးရာ ကြိုးပမ်းမှုများကြောင့်လည်း မဟုတ်။ အရွယ်ရလာသော အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေက မိမိအငြိမ်းစားယူသည့်အခါ တစ်ချိန်ချိန်တွင် သူ့ကို ကလန်ကဆန် ပြုလာနိုင်မည့် စစ်အာဏာရှင်သစ် တစ်ယောက်၏ လက်ထဲသို့ အာဏာမလွှဲပေးခဲ့လိုခဲ့ပေ။ စိတ်အေးသက်သာစွာ အနားယူနိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် တစ်ရပ် လိုအပ်သည်ဟု စဥ်းစားခဲ့သည်။ အသက်သိပ်မကြီးလှသေးသော ဗိုလ်ချုပ်ကြီးများ ခေါင်းဆောင်သည့် စစ်တပ်နှင့် သူကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ထားသော စစ်တပ် ဘက်တော်သား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ အကြား အာဏာခွဲဝေ အုပ်ချုပ်စေလျှင် ပိုမိုသင့်လျော်မှန်ကန်မည်ဟု ဗိုလ်ချုပ်ကြီးသန်းရွှေက မြင်သည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် ထိုပါတီကို ခေါင်းဆောင်နေသည့် ပြုပြင်ပြောင်းလဲရေး ဗိုလ်ချုပ်ဟောင်းများက စီမံထားသည့် လမ်းကြောင်းမှ သွေဖယ်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးခဲ့သည်။ စာပေစိစစ်ရေးကို ဖျက်သိမ်းပြီး အင်တာနက်ကို ဖွင့်ပေးလိုက်သည်။ ရာစုနှစ်ဝက်အတွင်း မမြင်ဖူး မကြားဖူးသော နိုင်ငံရေးလွတ်လပ်ခွင့်များကို ပေးလာခဲ့သည်။ အနောက်နိုင်ငံ အစိုးရများကလည်း မြန်မာနိုင်ငံ အမှန်တကယ် ဒီမိုကရေစီ ရတော့မည်မှာ မကြာတော့ ဟူသော မျှော်လင့်ချက်ဖြင့် စီးပွားရေးပိတ်ဆို့ထားမှုများကို ရုတ်သိမ်းလိုက်သဖြင့် မြန်မာ့စီးပွားရေး ရုတ်တရက် တိုးတက်လာခဲ့သည်။ ဆက်သွယ်ရေးကဏ္ဍ ဖွင့်ပေးလိုက်ခြင်းကြောင့် ဆက်သွယ်ရေးခေတ်ပြောင်းကာလ အစပျိုးလာခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က ဖုန်းကိုင်နိုင်သူ ခပ်ရှားရှား အခြေအနေမှ ၂၀၁၆ ခုနှစ်တွင် အများစုမှာ စမတ်ဖုန်းများ ကိုင်နိုင်လာကာ ဖေ့စ်ဘွတ်ပေါ်သို့ ရောက်လာသည်။ ထိုကဲ့သို့ အတန်အသင့် လွတ်လပ်မှုရှိသည့် ခေတ်ကာလတွင် ကြီးပြင်းလာသော မျိုးဆက်သစ်တို့သည် မိမိတိုင်းပြည်ကို တည်ငြိမ်အေးချမ်းပြီး ကြီးပွားတိုးတက်သော ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာစေရန် ပြင်းပြစွာ လိုလားတောင့်တကြသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်များက စစ်တပ်အား သူ့ကိုယ်ပိုင်ကမ္ဘာထဲတွင် ကျန်ရစ်စေခဲ့သည်။ ဦးသန်းရွှေ အငြိမ်းစားယူချိန်တွင် ရာထူး သိပ်မကြီးသေးသည့် အငယ်တန်းအရာရှိ မင်းအောင်လှိုင်ကို စစ်ဦးစီးချုပ် ရာထူးသို့ တိုးပေးလိုက်ပြီး စစ်တပ်၏ အချုပ်အခြာ အာဏာ အထွဋ်အထိပ်တွင် ရှိမြဲရှိအောင် ကာကွယ်ရန် အထူးတာဝန် ပေးအပ်ခဲ့သည်။ မင်းအောင်လှိုင်နှင့် သူ့လက်အောက်ရှိ ဗိုလ်ချုပ်သစ်များမှာ ယခင်စစ်အစိုးရလက်ထက်မှ ဗိုလ်ချုပ်ကြီးများထက် များစွာ ငယ်ရွယ်ကြပြီး ထိုခေတ်က ငွေရပေါက်ရလမ်း အချိတ်အဆက်များကို လက်လှမ်းမမီခဲ့။ တစ်ချိန်တည်းမှာပင် ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲများ စတင်သည့်အခါ တိုင်းပြည်စီးပွားရေးတွင် စစ်တပ်၏ အခန်းကဏ္ဍမှာ သိသိသာသာ ကျုံ့သွားခဲ့သည်။ နိုင်ငံခြားငွေနှင့် စျေးကွက်ကို မောင်ပိုင်စီးထားသော စီးပွားရေးလုပ်ငန်းကြီးများ၏ အထူးအခွင့်အရေးများလည်း ဆုံးရှုံးသွားခဲ့သည်။ တိုင်းပြည်ဘဏ္ဍာထဲမှ ယင်းတို့၏ဝေစုလည်း လျော့နည်းသွားသည်။ ထိုမျှသာမက စီးပွားရေးမူဝါဒများနှင့် ပတ်သက်ပြီး ဝင်ရောက်ပြောဆိုပိုင်ခွင့်လည်း မရှိတော့။ ယခင်က စီးပွားဖက်အချို့ကလည်း အသစ်ဝင်လာသော ပြည်ပကုမ္ပဏီများနှင့် ယှဥ်ပြိုင်ကာ မရပ်တည်နိုင်တော့။ ပွင့်လင်းလာသော စီးပွားရေးနယ်ပယ်တွင် တိုးတက်ကြီးပွားလာသူများလည်း ရှိပါသည်။ သို့ရာတွင် စစ်တပ်၏ မျက်နှာသာပေးမှုကို ဆက်လက်မှီခိုကာ ရပ်တည်သော ကုမ္ပဏီ အနည်းငယ်သာ ကျန်တော့သည်။

၂၀၁၀ ပြည့်နှစ်လွန် ကာလများတွင် စစ်တပ်သည် ငွေရှာဖို့ကို အဓိကမထားတော့ဘဲ အကြမ်းဖက်သည့် လုပ်ရပ်များ အပေါ် ပို၍ အာရုံစိုက်ခဲ့သည်။ ဗိုလ်ချုပ်ကြီးများက လက်နက်များကို အဆင့်မြှင့်ကာ ယင်းတို့ ဆိုသလို “ခေတ်မီတပ်မတော်” တစ်ခု ဖြစ်လာရန် မျှော်မှန်းခဲ့ကြသည်။ အဆုံးမသတ်နိုင်သေးသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ကိုယ့်နည်းကိုယ့်ဟန် ဖြေရှင်းရန် ရည်မှန်းထားခဲ့သည်။ တိုင်းရင်းသား လူနည်းစုများဘက်မှ ရပ်တည်နေကြသည့် များပြားစုံလင်လှသော အင်အားစုများ လက်နက်ဖြုတ်သိမ်းရေးနှင့် တပ်ဖျက်သိမ်းရေး ပြုလုပ်လာအောင် ချော့တစ်ဖုံ ခြောက်တစ်မျိုးနှင့် ဖိအားပေး သိမ်းသွင်းမည်ဟု စစ်တပ်က ရည်မှန်းထားခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်တာကာလ အတွင်း တရုတ်နှင့် ချိတ်ဆက်မှုရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအသစ်များ၊ အထူးသဖြင့် ရခိုင်၊ ကိုးကန့်၊ တအောင်းတပ်ဖွဲ့များကို ချေမှုန်းသည့် စစ်ဆင်ရေးများ အပြင် ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်ရေးတို့ကို အဓိက လုပ်ဆောင်ခဲ့သည်။ လူမှုကွန်ယက်တွင် လူမျိုးရေး အခြေပြု ဗမာ့အမျိုးသားရေးဝါဒ ပျံ့ပွားလာသဖြင့် စစ်တပ်၏တင်းမာသည့် ရပ်တည်ချက်မှာ လူထုထောက်ခံမှုကို အတိုင်းအတာတစ်ခု အထိ ရခဲ့သည်။ ထိုမျှ သာမက အစ္စလာမ်ဘာသာနှင့် နိုင်ငံခြား မှန်သမျှတို့သည် မိမိတို့ အလေးထား ယုံကြည်သော ရှေးရိုးစွဲစနစ်ကို ခြိမ်းခြောက်နေသည်ဟု လက်ခံထားသည့် ဗုဒ္ဓဘာသာ အခြေခံအဖွဲ့အစည်းများကလည်း စစ်တပ်၏ လုပ်ရပ်များကို အားပေးကြသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှထိ စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ မှ ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ဟောင်းကြီးများတို့ သင့်သင့်မြတ်မြတ်နှင့်ပင် တိုင်းပြည် အာဏာခွဲဝေခဲ့သည်။ သို့ရာတွင် ၂၀၁၆ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ မဲအပြတ်အသတ်နှင့် ရွေးကောက်ပွဲ နိုင်သွားသောအခါ ဗိုလ်ချုပ်ကြီးများက ၄င်းတို့၏ နိုင်ငံရေးရန်သူကို အစိုးရထဲတွင်ပါ ထိပ်တိုက်ရင်ဆိုင်ရတော့သည်။ ဖွဲ့စည်းပုံအရ စစ်တပ်က ကာကွယ်ရေး၊ (ရဲတပ်ဖွဲ့ကို အုပ်ချုပ်သည့်) ပြည်ထဲရေး၊ နယ်စပ်ရေးရာ စသည့် ဝန်ကြီးဌာန ၃ ခုအပြင် လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသည်။ တကယ်တမ်းတော့ စစ်မှန်သော အာဏာမှာ ဒေါ်အောင်ဆန်းစုကြည် လက်ထဲတွင်သာ ရှိပါသည်။ မဲအပြတ်အသတ်ဖြင့် နိုင်ထားခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သူမ အတည်ပြုလိုပါက မည်သည့်ဥပဒေကိုမဆို အတည်ပြုနိုင်သည့် အခြေအနေတွင် ရှိနေခဲ့သည်။ စစ်တပ်က တိုက်ရိုက်ချုပ်ကိုင်ထားသော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များက လွဲလျှင် သူမကပင် တိုင်းပြည်ဘဏ္ဍာငွေနှင့် အစိုးရမူဝါဒ မှန်သမျှကိုလည်း ထိန်းချုပ်ထားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ကြီးတို့သည် သက်ကြီးရွယ်အိုကို လေးစားခြင်း၊ မိမိကိုယ်ကို ပဲ့ပြင်ဆုံးမခြင်း၊ ဗုဒ္ဓဘာသာ ယုံကြည်ခြင်း အစရှိသော ရှေးဆန်သည့် တန်ဖိုးထားမှုများကို လက်ကိုင်ထားပုံချင်းတော့ တူညီကြသည်။ လူမျိုးရေး အခြေပြုသော အမျိုးသားရေး အမြင်ချင်းလည်း နီးစပ်သည်။ ရိုဟင်ဂျာလူမျိုးများကို နှင်ထုတ်သည့် ကိစ္စနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏ တုံ့ပြန်ချက်မှာ မတရားဟု ထင်သောကြောင့် နှစ်ဖက်သား ပေါင်းစည်းမိကြသည်။ ၂၀၁၉ ခုနှစ် The Hague ၌ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ရှေ့မှောက်တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို ခုခံပြောဆိုပေးခဲ့ခြင်းသည် နိုင်ငံရေးကစားကွက် မဟုတ်ဘဲ သူမကိုယ်တိုင် အခိုင်အမာ ယုံကြည်ထားခြင်းကြောင့် ဖြစ်သည်။ သို့သော် သူမနှင့် ဗိုလ်ချုပ်ကြီးများ ဆက်ဆံရေး မည်မျှပင် ကောင်းဟန် ရှိစေကာမူ တစ်ယောက်နှင့် တစ်ယောက် အမြင်ကြည်ကြလှသည်တော့ မဟုတ်ပါ။ NLD ဘက်မှ စစ်တပ် အာဏာသိမ်းမှာကို ကြောက်သည်။ စစ်တပ်ဘက်က အနောက်နိုင်ငံများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်း ကြံစည်ပြီး စစ်တပ်ကို အစိုးရအဖွဲ့ထဲမှ ထုတ်ပယ်ပစ်လိုက်မှာကို ကြောက်သည်။ ရိုဟင်ဂျာတို့အား အကြမ်းဖက် ဖယ်ရှားသည့် ကိစ္စပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ အားပေးထောက်ခံသူများ လျော့သွားလေရာ ၎င်းတို့ အမြင်ပြန်ကြည်လာအောင် မိမိအား တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသုံးချသွားမည်ကို မင်းအောင်လှိုင်က စိုးရိမ်သည်။

နိုင်ငံရေး အခြေအနေ တင်းမာလာသည်နှင့်သမျှ နိုင်ငံ့စီးပွားရေးမှာလည်း အလှည့်အပြောင်းကာလသို့ ရောက်ရှိလာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်းရှိ ချေးငွေ ထက်ဝက်နီးပါးသည် လည်ပတ်မှုမရှိဘဲ တစ်ချိန်က စျေးကောင်းလှခဲ့သည့် အိမ်ခြံမြေစျေးကွက် ထိုးဆင်းသွားသည့်အခါ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အကြံပြုချက်အရ ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ အတွက် ချင့်ချိန်ကာ ချမှတ်သည့် စည်းမျဥ်းများကို စတင် အကောင်အထည်ဖော်သည်။ ထိုအခိုက်တွင် သူမကို ထောက်ခံသူများ ရွံ့မုန်းသည့် စီးပွားရေးလူတန်းစားကို အသုံးချရန် ဒေါ်အောင်ဆန်းစုကြည် အကွက်တွေ့လာသည်။ ယခင် စစ်အုပ်ချုပ်ရေး လက်ထက်က သူဌေးဖြစ်လာသော ခရိုနီများက ယခုတော့ သူမ၏ အရေးစိုက်မှု ခံရအောင် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ သူမ၏ အစိုးရ အကြံပေးများကလည်း ဖြေလျှော့မှုများ တိုး၍ လုပ်ရန် တိုက်တွန်းသည်။ တစ်ဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တရင်းတနှီးဖြစ်အောင် ဆက်ဆံရေး တစ်ခုကို ပျိုးထောင်လာခဲ့သည့် တရုတ်အစိုးရက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ဘင်္ဂလားပင်လယ်အော်အထိ ပေါက်ရောက်မည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အပါအဝင် ပိုးလမ်းမကြီး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော ဒေါ်လာဘီလီယံ မြောက်မြားစွာ တန်ဖိုးရှိသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများကို တင်ပြလာသည်။

ထို့နောက် ကိုဗစ်ကပ်ရောဂါ ဆိုက်ကပ်လာတော့သည်။ ပြည်သူ့ကျန်းမာရေးအပေါ် ကိုဗစ်၏ သက်ရောက်မှုမှာ အနည်းဆုံး ဖြစ်သော်လည်း Lockdown နှင့် နိုင်ငံခြား ကုန်သွယ်မှုများ ပြတ်တောက်ခြင်းကြောင့် တိုင်းပြည်စီးပွားရေး ချာလပတ်ရမ်းကာ ထိုးကျသွားခဲ့သည်။ အစိုးရ၏ တုံ့ပြန်ချက်မှာ အပေါ်ယံ ဆန်လှသည်ဟု ဆိုနိုင်သည်။ အထိနာဆုံးသော လူထုကို ထောက်ပံ့ပေးသည့် ငွေသားမှာ မဖြစ်စလောက်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ (နေ့စဥ်ဝင်ငွေ ၁.၉ ဒေါ်လာသာ ရှိသော) ဆင်းရဲသား လူတန်းစား အချိုးအစား ၁၆ ရာခိုင်နှုန်းမှ ၆၃ ရာခိုင်နှုန်းသို့ ၈ လတာ ကာလအတွင်း မြင့်တက်လာခဲ့ကြောင်း၊ စစ်တမ်းဖြေဆိုသူ သုံးပုံတစ်ပုံမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လကတည်းက ဝင်ငွေလုံးဝ မရှိကြောင်း တွေ့ရှိခဲ့သည်။ ပထမဦးဆုံး အကြိမ်အဖြစ် သူမနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများ ဆွေးနွေးခန်းကို လူမှုကွန်ယက်တွင် တိုက်ရိုက်လွှင့်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတို့ ယုံကြည်မှုမှာတော့ ပိုပို၍သာ တိုးလာသည်။ စီးပွားရေး ကျဆင်းလာသည့် အတွက်လည်း သန်းချီသော ပြည်သူပြည်သားတို့က သူမကို အပြစ်မတင်ပါ။ ထိုအစား သူတို့ကို ကြည့်ရှုစောင့်ရှောက်ပေးနေသော ခေါင်းဆောင်တစ်ယောက် နောက်ဆုံးတော့ ရလေပြီဟုသာ ခံစားမိခဲ့ကြသည်။

သို့ဖြစ်တိုင် အချက်ပေး ခေါင်းလောင်းများကတော့ မြည်နေခဲ့ပြီ။ အထူးသဖြင့် လူများစု ဗမာလူမျိုးတို့ နေထိုင်ရာ ဒေသ ပြင်ပတွင် ဖြစ်သည်။ နိုင်ငံ၏ အနောက်ဘက် ဒေသရှိ ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာမွတ်စလင်တို့ကို လူမျိုးတုံး သတ်ဖြတ်ခြင်းများ ဖြစ်ပွားပြီးနောက် ရခိုင်စကားပြော ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလာအောင် ကြိုးပမ်းမည်ဆိုသော ရခိုင့်တပ်တော် (အေအေ) ပေါ်ထွက်လာချိန်တွင် ဒေသတွင်း အခင်းအကျင်းမှာ လုံးဝပြောင်းလဲသွားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အေအေမှ စစ်တပ် တပ်စခန်းများ အမြောက်အမြားကို စတင် စီးနင်းတိုက်ခိုက်ခဲ့သည်။ မျိုးဆက်တစ်ခုအတွင်း ဤမျှလောက် အကြီးအကျယ် လက်နက်ကိုင် ပုန်ကန်မှုမျိုး မဖြစ်ခဲ့ဖူးချေ။ ၂၀၂၀ပြည့်နှစ်ကုန်ခါနီးတွင် အေအေက စစ်တပ်ဌာနချုပ် အချို့ကို သိမ်းယူနိုင်ခဲ့ပြီး ကျယ်ပြန့်သော ရခိုင်ကျေးလက်ဒေသ တစ်ဝှမ်းကို ချုပ်ကိုင်ထားနိုင်ခဲ့သည်။

တိုင်းပြည်၏ အခြားတစ်ဘက်၌ကား ဂျပန်၊ နယူးဇီလန်ကဲ့သို့ ဝေးလံသည့် စျေးကွက်များ အထိ တင်သွင်းနေသော မက်သဖက်တမင်း လုပ်ငန်းကြီးမှာ ပို၍ပင် ထွန်းကာလာနေခဲ့သည်။ တရုတ်နယ်စပ်အနီး ပြည်သူ့စစ်များက မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ဒေသများကို ထိန်းချုပ်ထားသည်။ ပုံအောရရှိလာသော အမြတ်များကိုမူ မြန်မာဘက်မှ တစ်ယောက်မျှ မရဘဲ တရုတ်-ကနေဒီယန် လူမျိုး Tse Chi Lop ခေါင်းဆောင်သည့် အဖွဲ့ကဲ့သို့ နိုင်ငံဖြတ်ကျော် ဒုစရိုက်ဂိုဏ်းများ၏ လက်ထဲသို့ ရောက်သွားလေသည်။ ယင်းမှာ ပြီးခဲ့သည် ဇန်နဝါရီလက အမ်စတာဒမ်မြို့တွင် အဖမ်းခံရပြီး နှစ်စဥ်ပျမ်းမျှ ဝင်ငွေ ဒေါ်လာ ၁၇ ဘီလီယံခန့် ရှိသည်ဟု ဆိုကြသည်။ မူးယစ်ဆေးဝါးလုပ်ငန်းများသည် ငွေမည်းခဝါချခြင်းနှင့် အခြားသော တရားမဝင် လုပ်ငန်းများ ဂေဟစနစ်ကို ပိုမို ကြီးထွားလာစေခဲ့သည်။ တရုတ်နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ယူနန်ပြည်နယ်အနီး လောင်းကစားရုံ ရာကျော်ရှိပြီး ထိုင်းနယ်စပ်တွင် ခရစ်တိုငွေကြေး အသုံးပြုသည့် လောင်းကစားရုံကြီး ဖွင့်လှစ်ရန် စီစဥ်နေကြသည်။ ပဋိပက္ခများ၊ စီးပွားရေး အကျပ်အတည်းများ မြင့်တက်လာနေသည့် အနေအထားတွင် ရွေးကောက်ပွဲများကို ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးသူ အရေအတွက် အလွန်များပြားလှပါသေးသည်။ လက်ရှိ တိုင်းပြည်စီးပွားရေး အခြေအနေကြောင့် NLD မဲရှုံးလိမ့်မည်၊ သမ္မတသစ် ရွေးရာတွင် တပ်မှ ထိပ်တန်းအရာရှိကြီးများက ပြောရေးဆိုခွင့် ရှိလိမ့်မည်ဟု ယုံကြည်ထားကြသော စစ်တပ်ခေါင်းဆောင်ပိုင်းကို တုန်လှုန်သွားစေခဲ့သည်။ ရွေးကောက်ပွဲ အနိုင်ရလဒ်၏ ကျေးဇူးကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာ ပိုတိုး၍ ရလာဦးမည့် အခြေအနေကို မြင်ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းအောင်လှိုင်တို့ နားလည်မှု ရယူရန် ကြိုးစားကြသေးသော်လည်း မအောင်မြင်ခဲ့။ မဲလိမ်သည်ဟူသော စွပ်စွဲချက်ကိုသာ မင်းအောင်လှိုင်က မလွှတ်တမ်း ဆွဲကိုင်ထားသည်။ ထိုစွပ်စွဲချက်ကို ထည့်သွင်းစဥ်းစားရန် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်သည်။ စစ်တပ်ဘက်မှ သူတို့ကို သိက္ခာချသည်ဟု ခံစားရသည်။ ရွေးကောက်ပွဲ အနိုင်ရလဒ်အတွက် အောင်ပွဲနေကြသော ပြည်သူလူထုမှာမူ ကောင်းမွန်လှပသော အနာဂတ်ကိုသာ စိတ်ကူးနေခဲ့ကြသည်။


စစ်အာဏာသိမ်းမှုနှင့် တော်လှန်ရေးသပိတ်ကြီး

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် အာဏာသိမ်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော NLD ခေါင်းဆောင်များ ထိန်းသိမ်းခံရသည်။ စစ်တပ်အာဏာသိမ်းသည်ဟု မသုံးနှုန်းလိုသည့် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်သည်ဟု ဆိုကာ (NLD မှ လွဲ၍) အခြားသော နိုင်ငံရေးပါတီများ၊ စစ်ဗိုလ်ချုပ်များနှင့် ဖွဲ့စည်းထားသည့် စစ်ကောင်စီအစိုးရသစ် တက်လာသည်။ မင်းအောင်လှိုင်က သူ၏ ဝန်ကြီးအဖွဲ့တွင် အကြီးတန်းပညာရှင် အမြောက်အမြားကို ထည့်သွင်းထားသည်။ အစောပိုင်းကာလများ၌ အများပြည်သူ ပရိသတ်ရှေ့မှောက်တွင် ကပ်ရောဂါလွန် စီးပွားရေး ပြန်လည်ကုစားရေးကို ဦးစားပေးသွားမည် ဖြစ်ကြောင်း၊ ကပ်ရောဂါကြောင့် ဆုတ်ယုတ်ခဲ့သော တိုင်းပြည်စီးပွားရေးကို ပြန်လည်လှုံ့ဆော်ရန် မိမိတို့အစိုးရမှ ဒေါ်လာဘီလီယံချီကာ အထောက်အပံ့ပေးရန် အစီအစဥ်ရှိကြောင်း ကတိပေးခဲ့သည်။ NLD ကို ရှင်းထုတ်၊ စီးပွားရေး ပြန်လည်ထူထောင်မှုကို အာရုံစိုက်၊ ပြီးနောက် ရွေးကောက်ပွဲများကို မိမိတစ်ပန်းသာအောင် ကြံဖန်ပြီး ပြန်လည်ကျင်းပလိုက်မည်ဆိုလျှင် အနှောင့်အယှက် မရှိဘဲ အာဏာယူနိုင်လိမ့်မည်ဟု ထင်ထားပုံရသည်။ ထိုအတိုင်းသာဆိုလျှင် ပြည်သူ့သဘောထားအပေါ် သူ့တွက်ကိန်း တက်တက်စင်အောင် လွဲခဲ့လေပြီ။

အာဏာသိမ်းမှုအပေါ် တုံ့ပြန်မှုမှာ စည်းရုံးစရာပင် မလိုဘဲ အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။ ရက်ပိုင်း အတွင်းမှာပင် သိန်းနှင့်ချီသော ဆန္ဒပြပြည်သူများ လမ်းပေါ်ထွက်လာခဲ့ပြီး စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော လူထုခေါင်းဆောင်များကို လွှတ်ပေးရန်နှင့် ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအဖွဲ့ကို အာဏာပြန်လည်ပေးအပ်ရန် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အစိုးရဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ ရာထူးတာဝန်မှ ထွက်ခွာရာမှ အစပြု၍ လူထုအခြေပြု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လည်း ပေါ်ပေါက်လာကာ ဝန်ကြီးဌာနများမှသည် ဒေသန္တရအုပ်ချုပ်ရေးရုံးများအထိ အစိုးရဌာနများသို့ ပျံ့နှံ့သွားခဲ့သည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အထွေထွေသပိတ်ကြောင့် နိုင်ငံတစ်ဝှမ်းရှိ ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများ ပိတ်လိုက်ရသည်။ ထို့အပြင် စစ်တပ်နှင့်ဖြစ်စေ၊ စစ်ကောင်စီအစိုးရနှင့်ဖြစ်စေ ဆက်စပ်မှုရှိသည်ဟု ထင်ရသော လူပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းများကို ပြည်သူများ ဝိုင်းဝန်းတိုက်ခိုက် ဖယ်ကျဥ်ကြသည့် လူမှုရေး ပြစ်ဒဏ်ခတ်မှု (Social punishment) လှုပ်ရှားမှု ဖေ့စ်ဘွတ်လူမှုကွန်ယက်၌ ပေါ်ထွက်လာခဲ့သည်။

စစ်တပ်က ညှာတာမှုကင်းမဲ့စွာ သပိတ်များကို ဖြိုခွင်းခဲ့သည်။ အစကတော့ ဆန္ဒပြပွဲများသည် သူ့အလိုလို အရှိန်သေသွားလိမ့်မည်ဟု မျှော်လင့်ကာ ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့သေးသည်။ သို့သော်လည်း ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် တိုက်ပွဲရည်ဝနေသော လက်ရွေးစင် ခြေမြန်တပ်ရင်းများသည် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများသို့ ရောက်ရှိလာကြသည်။ ထိုအထဲ ရိုဟင်ဂျာတို့ကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် တပ်ဖွဲ့များလည်း ပါဝင်သည်။ ထိုအချိန်မှစ၍ အင်အားသုံး ဖြိုခွဲခြင်းများနှင့် အကြမ်းဖက်နှိပ်နင်းရေး စတင်တော့သည်။ နေဝင်သည်နှင့် အင်တာနက် အမှောင်ချသည်။ စစ်သားများက လူနေရပ်ကွက်များအတွင်းသို့ သိမ်းကျုံးပြီး သေနတ်နှင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ တံခါးများကို ချိုးဖျက်ပြီး နေအိမ်တွင်းလူများကို ဝင်ဆွဲခြင်းတို့ကို ပြုလုပ်လာသည်။ ဆန္ဒပြလူအုပ်ကြီးများ ပျောက်သွားသော်လည်း မလျှော့သောဇွဲဖြင့် အုပ်စုလိုက် ဆန္ဒပြမှုများကတော့ ကျန်ရစ်ခဲ့သည်။ အမျိုးသား၊ အမျိုးသမီးငယ်များက လမ်းများကို တားဆီးပိတ်ဆို့ကာ ဒိုင်းများဖြင့် အကာအကွယ်ယူလျက် ရရာလက်နက် ကိုင်စွဲကာ စစ်သားများ မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်မှုကို ကြံ့ကြံ့ခံ ခုခံခဲ့ကြသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်းမှာပင် ရန်ကုန်မြို့၏ စက်မှုဇုန် လှိုင်သာယာမြို့နယ်တွင် ဒါဇင်ချီ အသတ်ခံရသည်။ မတ်လ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ အနှံ့အပြားတွင် လူအုပ်များအတွင်းထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသူ တစ်ရာကျော်ပင် ရှိခဲ့သည်။

ထိုသို့ ရက်စက်စွာ အကြမ်းဖက် နှိမ်နင်းမှုများကြောင့် တော်လှန်ရေးကြီးကို အစွန်းရောက်သွားစေခဲ့သည်။​ ပြည်သူများကို ရိုက်နှိက်သတ်ဖြတ်နေသည့် ဗီဒီယိုများ အင်တာနက်ပေါ်တွင် တက်လာသောအခါ မူလက စစ်အာဏာသိမ်းမှုကို ပြောင်းပြန်လှည့်လိုသည့် ဆန္ဒမှသည် စစ်တပ် အဖွဲ့အစည်း တစ်ခုလုံးကိုပါ အမြစ်ဖြတ်လိုသည် အထိ ဖြစ်လာခဲ့သည်။ ဆန္ဒပြသူများသည် ဆိုင်းဘုတ်များတွင်“R2P” (နိုင်ငံတစ်နိုင်ငံ၌ ပြည်သူလူထုအား လူသားချင်းစာနာမှု ကင်းမဲ့စွာ အကြမ်းဖက်မှုများ ကျူးလွန်နေပါက ထိုနိုင်ငံ၏ အချုပ်အချာ အာဏာကို ထိပါးနိုင်သည့်တိုင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဝင်ရောက်စွက်ဖက်ရန် တာဝန်ရှိသည်ဟု ဆိုသော “ကာကွယ်ပေးရမည့် ဝတ္တရား”) ကို တောင်းဆိုကြသည်။ တစ်ခဏတာတော့ နိုင်ငံတကာသည် မိမိတို့ကို စစ်အာဏာရှင်သစ်၏ လက်အောက်မှ ကယ်တင်လိမ့်မည်ဟု ပြည်သူ အများစုအနေနှင့် တကယ်ပင် ယုံကြည်ခဲ့ကြသည်။ သို့သော် မတ်လနှောင်းပိုင်းသို့ ရောက်သည်အထိ နိုင်ငံတကာ လက်နက်ကိုင်တပ်များ ဝင်ရောက်ဖြန်ဖြေခြင်း မရှိသောအခါ ဆန္ဒပြသည့် လူငယ် အများက လက်နက်ကိုင် တော်လှန်ရန် ဆုံးဖြတ်ခဲ့ကြသည်။​ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံ နယ်စပ်အနီးရှိ ကလေးမြို့တွင် ဒေသခံများက “ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်” ကို ဖွဲ့စည်းပြီး ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။ အမဲလိုက်ရာတွင် သုံးသည့် လက်လုပ် ရိုင်ဖယ်သေနတ်များဖြင့် စစ်တပ်ကို ခုခံရာ စစ်တပ်ဘက်မှ အကျအဆုံး အတော်များခဲ့သည်။ ဆယ်ရက်ကြာ တောင့်ခံထားခဲ့ပြီးမှ စစ်တပ်မှ မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုသို့ဖြင့် ဒေသခံများက ဦးဆောင်ပြီး လက်နက် အနည်းငယ်သာ ရှိသည့် အဖွဲ့သစ်များ အနယ်နယ် အရပ်ရပ်တွင် ပေါ်ပေါက်လာသည်။ မေလတွင် “ချင်းပြည်နယ် ကာကွယ်ရေးတပ်”ဟု အမည်ရသည့် လက်နက်ကိုင် အဖွဲ့က အနောက်ဘက် တောင်တန်းဒေသရှိ မင်းတပ်မြို့၌ ၃ ပတ်မျှ တပ်စွဲထားနိုင်ခဲ့ပြီး စစ်တပ်က အမြောက်များ၊ လေတပ်ပစ်ကူများ သုံး၍ တိုက်ခိုက်မှသာ တပ်ဆုတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရာချီသော ကျားမမရွေး လူငယ်တို့သည် ဖောက်ခွဲရေး အပါအဝင် အခြားသော စစ်သင်တန်း တက်ရန် တိုင်းရင်းသား လက်နက်ကိုင်တို့၏ နယ်မြေများသို့ ထွက်ခွာသွားကြသည်။ မေလကုန်သို့ ရောက်သောအခါ ရဲ၊ အုပ်ချုပ်ရေးရုံးများကို မီးရှို့ခြင်း၊ တိုက်ခိုက်ခြင်းများ ဒါဇင်ချီကာ လုပ်ဆောင်နေကြပြီ ဖြစ်သည်။ ရန်ကုန်မြို့ အပါအဝင် အရပ်ရပ်ရှိ စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် ပစ်မှတ်များကို ဗုံးဖောက်ခွဲမှု ၁၀၀ နီးပါး ဖြစ်ပွားခဲ့သည်။

ထိုပျောက်ကြားတိုက်ခိုက်မှုများက စစ်ကောင်စီကို အခြေပျက်စေသည်။ သို့သော်လည်း ထိုလက်နက်ကိုင်သစ်များသည် လက်ရှိစစ်တပ်ကို စိန်ခေါ်နိုင်မည့် စစ်တပ်သစ်ကို အိမ်နီးချင်းနိုင်ငံ တစ်ခုခု၏ ထောက်ပံ့မှု မရှိဘဲ ဖွဲ့စည်ရန်မှာ မဖြစ်နိုင်သည့်သဖွယ် ရှိနေသည်။ မြန်မာစစ်တပ်၏ သမိုင်းကြောင်း တလျှောက်တွင်လည်း အင်အား ကြီးကြီးမားမား ခွဲထွက်သွားကာ တော်လှန်ရေးတွင် ပါဝင်လာခဲ့သည်ဟူ၍ မရှိခဲ့။ ထိုအခါ တိုင်းရင်းသား လက်နက်ကိုင်တပ်များသည်သာ ကျယ်ကျယ်ပြန့်ပြန့် တော်လှန်နိုင်မည့် အကြောင်း ဖြစ်လာသည်။ ကချင်လွတ်မြောက်ရေး စစ်တပ် (KIA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး စစ်တပ် (KNLA) တို့ကတော့ နိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသ အသီးသီးတွင် စစ်တပ်စခန်းများကို တိုက်ခိုက်လျက် ရှိကြသည်။ အခြားအဖွဲ့များကလည်း နိုင်ငံရေးအရ ထောက်ခံမှုမှ လက်နက်ကိုင် တိုက်ခိုက်သည်ထိ ဖြစ်လာနိုင်သည်။ သို့သော် ထိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို စုပေါင်းလိုက်လျှင်ပင် အင်အား ၇၅,၀၀၀ မျှသာ ရှိပြီး အင်အားကြီး အမြောက်တပ်များနှင့် လေတပ်ပိုင် ရှိနေသည့် စစ်တပ်နှင့် ယှဥ်ရန် မဖြစ်နိုင်သေး။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်များတွင် အင်အားအကြီးဆုံး ဖြစ်သည့် တပ်အင်အား ၃၀,၀၀၀ မျှ ရှိ“ဝ”ပြည်နယ် သွေးစည်းညီညွတ်ရေး စစ်တပ် (UWSA) သည် ကွန်မြူနစ် လက်နက်ကိုင် အဖွဲ့ဟောင်းမှ ပေါ်ထွက်လာသဖြင့် တရုတ်နိုင်ငံနှင့် ခိုင်မာသော အချိတ်အဆက်များ ရှိသည်။ မြန်မာစစ်တပ်ကို နှစ်သက်၍ မဟုတ်သော်လည်း ပြည်တွင်းစစ်ကို မလိုလားသည့် ဘေဂျင်းအစိုးရ၏ အကြံပေးမှုကို နားဆင်မည်သာ ဖြစ်သည်။


ကျဆုံးနိုင်ငံတော်

စစ်မြေပြင်တွင် ဖြစ်ပျက်နေသမျှထက် စီးပွားရေးစနစ် အတွင်း ပြိုလဲမှုများကြောင့် မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံတော်တစ်ခု ဖြစ်လာမည့်ဟန် ရှိနေသည်။ သာမန်အိမ်ထောင်စုများက အားကိုးနေရသည့် ခရီးသွားလုပ်ငန်း အစရှိသည့် စီးပွားရေးကဏ္ဍများ ပြိုလဲသွားခဲ့ပြီ။ ကမ္ဘ့ာကပ်ရောဂါ ကာလတွင် နိုင်ငံရပ်ခြားရှိ ရွှေ့ပြောင်းလုပ်သားများက ဝင်ငွေဆုံးရှုံးသွားခြင်း၏ နောက်ဆက်တွဲကြောင့် နိုင်ငံခြားမှ ငွေပို့လွှဲခြင်းများကဲ့သို့ အခြားသော ဝင်ငွေများကလည်း မရှိသလောက် ဖြစ်နေသည်။ ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ပြည်ပငွေပို့လွှဲသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံခန့်ပင် ရှိခဲ့သည်။ အမျိုးသမီးငယ် အများစု ဖြစ်သည့် လူတစ်သန်းမျှကို အလုပ်ပေးထားနိုင်သည့် အထည်ချုပ်လုပ်ငန်းများမှာ လွန်ခဲ့သည့် ဆယ်စုနှစ်တာ ကာလများက အောင်မြင်သည့် ကဏ္ဍတစ်ခု ဖြစ်ခဲ့သော်လည်း ဥရောပဘက်မှ အမှာနည်းလာသည်နှင့် ပြိုလဲမတတ် ဖြစ်နေပြီ ဖြစ်သည်။ နိုင်ငံ၏ အကြီးဆုံးသော ကဏ္ဍဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၏ အနာဂတ်မှာလည်း မရေရာလှ။ ဆန္ဒပြမှုများကြောင့် ကုန်စည် သယ်ယူပို့ဆောင်ရေးတွင် အဟန့်အတား ဖြစ်သလို ကိုဗစ်-၁၉ ကပ်ရောဂါကို စိုးရိမ်ကာ တရုတ်နိုင်ငံက နယ်စပ်ကူးသန်းမှုများကို ပိတ်လိုက်သဖြင့် ပိုခက်ခဲလာသည်။ အဆိုးဝါးဆုံးမှာ တိုင်းပြည်တွင်း ငွေကြေးလည်ပတ်မှုကဏ္ဍ ရပ်တန့်သွားခြင်းဖြစ်သည်။ ဆန္ဒပြမှုများ၊ ဗဟိုဘဏ်က ငွေသားကို ထုတ်မပေးနိုင်မှု သို့မဟုတ် ထုတ်မပေးလိုမှု၊ အစိုးရအပေါ် ယုံကြည်စိတ်ချမှု လျော့ပါးသွားမှု စသဖြင့် အကြောင်းစုံကြောင့် ဘဏ္ဍာရေးကဏ္ဍမှာ ဆန့်တငင်ငင် ဖြစ်နေလေပြီ။ ဘဏ်လုပ်ငန်းများ မလည်ပတ်တော့သည့်အခါ ATM ငွေထုတ်စက်တွင် ပိုက်ဆံ ထုတ်ယူ၍ မရတော့သလို ထောင်ချီသည့် စီးပွားရေးလုပ်ငန်းများကလည်း လစာပေးနိုင်မည် မဟုတ်။ လစဥ် ကျပ်ထရီလီယံချီ (ဒေါ်လာဘီလီယံများစွာ တန်ဖိုးရှိ) ငွေကြေး လည်ပတ်မှု ရပ်တန့်သွားမည်။ နောက်ဆက်တွဲ သက်ရောက်မှုများက တိုင်းပြည်ကဏ္ဍအားလုံးအပေါ် ဆိုးဝါးစွာ ထိခိုက်စေလျက်ရှိသည်။

စီးပွားရေးစနစ်သည်သာ ပြိုလဲမတတ် ဖြစ်နေသော်လည်း စစ်အစိုးရက အထိနာလိမ့်မည် မဟုတ်။ သဘာဝဓါတ်ငွေ့နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများမှ အမြတ်အစွန်းများက ၎င်းတို့၏ အိပ်ကပ်ထဲသို့ စီးဝင်မြဲ။ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများမှ ရရှိသည့် ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံ အများဆုံးဖြစ်ပြီး စစ်တပ်နှစ်စဥ် ရနေသော ပုံမှန်ဘတ်ဂျက်၏ မပြောပလောက်သည့် တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။ စစ်တပ်ပိုင် လုပ်ငန်းများအပေါ် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုများက သိပ်ပြီးထိရောက်မှု ရှိလှမည်မဟုတ်။ လက်ရှိတွင် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ တန်ဖိုးရှိ တိုင်းပြည်ဘတ်ဂျက် တစ်ခုလုံးကို စစ်တပ်အနေနှင့် ချုပ်ကိုင်ထားနိုင်ပြီ ဖြစ်ရာ ဘဏ္ဍာရေး ကြပ်တည်း၍ အသုံးစရိတ် လျှော့ချတော့မည်ဆိုလျှင် ကာကွယ်ရေးကဏ္ဍကို ဦးဆုံး စဥ်းစားမည်မဟုတ်။

သို့ဖြစ်စေ မြန်မာပြည်သူပြည်သားများကတော့ ကြီးစွာ ဒုက္ခရောက်ကြလိမ့်မည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဥ်က လာမည့် ၆လတာ ကာလ အတွင်း မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ထက်ဝက်မျှသည် ဆင်းရဲတွင်းထဲ ကျနိုင်သည်ဟု မှန်းချက်ထုတ်ထားသည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဥ်ကလည်း လူဦးရေ ၃.၅ သန်းကျော်တို့သည် အငတ်ဘေးသို့ ရောက်နိုင်သည်ကို ပူပန်နေသည်။ အသက်ကယ်နိုင်သည့် ဆေးဝါးများနှင် ဆေးကုသမှုတို့သည်လည်း အလွန်ပင် ရှားပါးနေပြီ ဖြစ်ပြီး ယခုနှစ်ကုန်သည့်အခါ တီဘီရောဂါနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေး ထိုးခွင့်မရသသည့် မွေးကင်းစ ကလေးငယ် အရေအတွက် ၉၅,၀၀၀ မျှ ရှိလာလိမ့်မည်။မြေပိုင်ယာပိုင် မရှိသည့် တောင်သူလယ်သမားများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ရိုဟင်ဂျာမွတ်ဆလင်များ၊ တောင်အာရှအနွယ်ဝင်များနှင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူများ အစရှိသော ဆင်းရဲနွမ်းပါးသည့် အားနွဲ့သောလူစုများပင် အထိနာဆုံး ဖြစ်ရပေအုံးမည်။ စီးပွားရေးစနစ်က ဝုန်းကနဲ ပြိုလဲသွားမည် မဟုတ်သော်လည်း တစစနှင့် လုံးပါးပါးကာ မျိုးဆက်သစ်တို့မှာ အာဟာရ ပြတ်လတ်ချို့တဲ့စွာ စာမတတ်ပေမတတ်ဖြင့် လူလားမြောက်လာရဦးမည်။

မြန်မာနိုင်ငံသည် အောက်ပါအတိုင်း ကျဆုံးနိုင်ငံ ဖြစ်လာနိုင်သည်။ စစ်တပ်က မြို့ကြီးများနှင့် ဧရာဝတီ မြစ်ဝှမ်းဒေသများကို ထိန်းချုပ်ထားနိုင်သော်လည်း မြို့တွင်းပျောက်ကြား တိုက်ခိုက်မှုများနှင့် ပို၍ ကျယ်ပြန့်လာသည့် တော်လှန်ရေးက စစ်အုပ်ချုပ်ရေး အာဏာတည်၍ မရအောင် အဟန့်အတား ဖြစ်စေမည်။ ဆန္ဒပြမှုများ မရှိတော့သော်လည်း လူသန်းချီက အလုပ်လက်မဲ့နှင့် ပြည်သူ အများစုမှာ အခြေခံ ဝန်ဆောင်မှု အနည်းငယ်သာ ရရှိသည်၊ သို့မဟုတ် လုံးဝ မရရှိသည်လည်း ဖြစ်နိုင်သည်။ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက နယ်မြေ အနည်းငယ်မျှ တိုးချဲ့နိုင်ပြီး အချို့ကမူ ကြည်းကြောင်း၊ လေကြောင်းမှ တိုက်ခိုက်မှုဒဏ် ခံရမည်။ ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော် (အေအေ) က ၎င်းတို့၏ အုပ်ချုပ်ရေးကို တိုးချဲ့ကာ အရှေ့ဘက် ကုန်းပြင်မြင့် ဒေသများတွင်မှု လက်ရှိ လက်နက်ကိုင် အဖွဲ့များ၊ အဖွဲ့သစ်များနှင့် နိုင်ငံဖြတ်ကျော် ဒုစရိုက် ကွန်ရက်များ အကြား ဆက်ဆံရေး ပိုမိုခိုင်မာလာမည်။ မြန်မာ့စီးပွားရေးတွင် သဘာဝရင်းမြစ်များ ထုတ်ဖော်ရေး ကဏ္ဍနှင့် တရားမဝင် လုပ်ငန်းများ ပို၍ တွင်ကျယ်လာမည်။ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ပို၍ ပြင်းထန်လာသည်နှင့် အမျှ မတည်ငြိမ်မှုကို မလိုလားသည့် ဘေဂျင်းအစိုးရသည် သံလွင်မြစ် အရှေ့ပိုင်းဒေသများတွင် မိမိတို့၏ အာဏာကို တိုးချဲ့ရန် စဥ်းစားလိမ့်မည်။ ထိုသို့ဖြင့် မြန်မာနိုင်ငံသည်လည်း ရောဂါဘယ ပေါများသော၊ ဒုစရိုက်မှု ပေါသော၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေသော၊ လူသားရပိုင်ခွင့်များကို ချိုးဖောက်သော်လည်း အရေးယူမှု မရှိသော နေရာတစ်ခု ဖြစ်လာလိမ့်မည်။

အတိတ်မှ ရုန်းထွက်ခြင်း

ကျဥ်းထဲကြပ်ထဲ ရောက်နေခိုက် အမြစ်လှန် ပြောင်းလဲမှု ပြုလုပ်ရန် အခွင့်သာပါသည်။ ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် နိုင်ငံတစ်ဝှမ်းရှိ ဆန္ဒပြလှုပ်ရှားမှု ကွန်ယက်များအနေနှင့် နှစ်ပေါင်းများစွာ အမြစ်စွဲနေသော လူမျိုးရေးကို အခြေခံသည့် ဝိဝါဒ ကွဲပြားမှုကို ဖောက်ထွက်ရန် ကြိုးပမ်းနေကြခြင်းသည် ဧရာမအရွေ့တစ်ခုကို ထင်ဟပ်နေပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တာ ဒီမိုကရေစီ အကူးအပြောင်း ကာလကပင် မဆောင်ရွက်နိုင်ခဲ့သည့် ကိုလိုနီခေတ် လက်ကျန် အမွေဆိုးဖြစ်သော လူမျိုးရေးခွဲခြားမှုကြီးနှင့် နှစ်တစ်ရာ သက်တမ်းရှိ လူမျိုးရေးနှင့် ဆက်စပ် အမျိုးသားရေးဝါဒ အခြေခံသည့် နိုင်ငံရေးတို့ကို ကျော်လွှားပြီး ခွဲခြားဆက်ဆံမှုကို အဆုံးသတ်ကာ ယဥ်ကျေးမှုအမျိုးမျိုးနှင့် အညီ နိုင်ငံသားခံယူချက်အသစ် တစ်ရပ် မြေတောင်မြှောက်ပေးနိုင်သည့် အခြေအနေသို့ ပြောင်းလဲနိုင်ပါသည်။ အလားတူ အရေးကြီးလှသည်မှာ စီးပွားရေးစနစ်ကို ပြန်လည် ဖန်တီးပုံဖော်ရန် ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ဆင်းရဲချမ်းသာ မညီမျှမှု လွန်ကဲစေခဲ့သည့် လွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ်အပေါ် အားထားနေမှုကို ခဝါချပြီး လူမှုဖူလုံရေးကို ပဓာနထားသည့် စနစ်တစ်ခု ပေါ်ပေါက်လာရေးနှင့် လူတိုင်းအကျုံးဝင် ပါဝင်သည့် အင်အားကောင်းသော ဖွံ့ဖြိုးမှုကို ဖန်တီးပေးနိုင်မည့် လူ့အဖွဲ့အစည်းသို့ အသွင်ကူပြောင်းရေး ဖြစ်သည်။

မြန်မာနိုင်ငံ၏ အနာဂတ်သည် မှောင်မိုက်နေစရာ အကြောင်းမရှိပါ။ အောင်မြင်သော အပြောင်းအလဲ ဟူသည် အတွင်းပိုင်းမှ စရစမြဲ ဖြစ်သကဲ့သို့ ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှု နောက်တွင် မြန်မာ့လူငယ်တို့သည် နိုင်ငံ၏ သမိုင်းကြောင်းကို ပြောင်းလဲပစ်ရန် စိတ်ပိုင်းဖြတ်ထားကြပြီ ဟူသည်မှာ ယုံမှားဖွယ်ရာ မရှိ။ ရှေ့ဆက်ရန်လမ်းကို ဖောက်ထွင်းကြရမည့်သူများမှာ ယင်းတို့ဖြစ်ပါသည်။ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြောင့် တိုင်းပြည်အတွင်း ဖြစ်ပွားနေသော ဘေးဒုက္ခ အချို့တဝက်ကို လျော့ကျသွားစေနိုင်ပြီး ကျရောက်လာမည့် ကပ်ဆိုးကြီးမှ အလျင်အမြန် လွတ်မြောက်နိုင်ရန် အကူအညီဖြစ်စေနိုင်ပါသည်။

ပထမဦးစွာ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရကို အမြန်ဆုံး ငြိမ်းချမ်းစွာ ပြန်လည်လွှဲပြောင်းရေး တောင်းဆိုနိုင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သဘောတူညီ ဆုံးဖြတ်ရမည်။ မြန်မာနိုင်ငံတွင် စီးပွားရေး အရှိန်အဝါကြီးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေး ရှိသော တရုတ်နိုင်ငံကိုလည်း ဘေးဖယ်ထား၍ မဖြစ်နိုင်။ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများသည် မြင်သာရန် အရေးကြီးသော်လည်း တရုတ်နိုင်ငံ မပါဝင်ပါက ဟန်ပြသဘောသာ ဖြစ်ပေမည်။ စစ်အစိုးရသည် တရုတ်နိုင်ငံ၏ တိတ်တဆိတ် ထောက်ခံမှုနှင့်ပင် အသက်ဆက်နိုင်သည်။ သို့သော် ဘေဂျင်းအစိုးရသည် အပြုသဘော ဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်သေးသည်။ အမြဲတစေ စစ်ဗိုလ်ချုပ်များနှင့် အဆင်မပြေခဲ့သလို မတည်ငြိမ်မှုကို မလိုလားသည့် ဘေဂျင်းအစိုးရသည် အရပ်သား အစိုးရကို ပို၍ လိုလားနိုင်ပြီး ယခုတွင်မူ ဘာဆက်လုပ်ရမည်မှာ မရေရာလှ။ ဘေဂျင်းအစိုးရနှင့် ဝါရှင်တန်အစိုးရ အကြား သံတမန်ရေးရာ ဆက်ဆံရေးသည် လုံခြုံရေး ကောင်စီတွင် ဆုံးဖြတ်ချက် ချရာနှင့် မြန်မာနိုင်ငံအရေး အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် ချမှတ်ရာတွင် အခရာကျမည် ဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံကဲ့သို့ ဒေသတွင်းရှိ နိုင်ငံများက အရေးကြီးသလို မြန်မာနိုင်ငံကို များစွာ ကူညီထောက်ပံ့မှု ပြုနေပြီး လွန်ခဲ့သည့် ၁၀ နှစ်တာ ကာလ စီးပွားရေး ဖွံ့ဖြိုးမှုတွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည့် ဂျပန်နိုင်ငံသည်လည်း အချက်အချာ ကျသည်။ ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့၏ အရေးပါမှုက နည်းပါးလှသည်။ ဧပြီလက စစ်အစိုးရနှင့် ဆွေးနွေးမှုများ စတင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ယခုထိ ဘာမှ မထူးသေး။

ဒုတိယအချက်မှာ ပြင်ပမှ အင်အားစုများသည် မြန်မာနိုင်ငံတွင်းမှ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားပေးရမည် မကဘဲ ပို၍ ကျယ်ပြန့်စွာ မြန်မာ့နိုင်ငံရေးနှင့် လူမှုအဝန်းအဝန်းကို အသွင်ပြောင်းနိုင်ရန်ပါ ကူညီပေးရန် လိုအပ်သည်။ ဤအတွက် မြန်မာနိုင်ငံတွင် လူသားရပိုင်ခွင့် ချိုးဖောက်ခံရမှုများကို စောင့်ကြည့်ရန်နှင့် နိုင်ငံရေး အကျဥ်းသားများကို ပြန်လွှတ်ရေး အတွက် ညှိနှိုင်းရန်တို့ အတွက် ကုလသမဂ္ဂက လက်ရှိ အနေအထားမှသည် လုပ်ငန်းများ တိုးချဲ့ရခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ အရေးကြီးသည်မှာ မြန်မာနိုင်ငံသားများကို နိုင်ငံတကာက ကယ်တင်တော့မည့်ဟန် မျှော်လင့်ချက် အတုအယောင်များ မပေးမိရန် ဖြစ်သည်။ ထိုသို့ ကယ်တင်ခံရနိုးနိုး စောင့်မျှော်နေသည့်အခါ ပြည်တွင်းတွင် လိုအပ်သည့် အကျယ်ပြန့်ဆုံးသော အင်အားစု ဖွဲ့စည်းရန် အင်အားများကို ဖြုန်းတီးပစ်ရာကျမည်။

တတိယအချက်မှာ အခက်ထန်ဆုံးသော နိုင်ငံတကာ၏ ဖယ်ကျဥ်မှုကို ကြံ့ကြံ့ခံခဲ့သော အတိတ်က စစ်အုပ်ချုပ်ရေးများ၊ စစ်ဗိုလ်ချုပ်များ၏ စိတ်အခြေခံ တွေးခေါ်ပုံနှင့် ဆယ်စုနှစ်များစွာ အကြမ်းဖက်မှု အမျိုးမျိုးကို တွေ့ကြုံခဲ့ရခြင်းတို့မှ ပုံဖော်ခဲ့သည့် ထူးခြားသော မြန်မာ့သမိုင်းကြောင်းကို နားလည် အခြေပြုမှသာ ပြည်ပ အကူအညီ အထောက်အပံ့များက ထိရောက်နိုင်မည်။ ယခင်က နိုင်ငံတကာ အသိုင်းအဝိုင်းက ကျင့်သုံးနေကျ ဖြစ်သည့် ဆုပေးဒဏ်ပေးစနစ်များက အသုံးဝင်လိမ့်မည် မဟုတ်။

စတုတ္ထအချက်မှာ ပြည်ပအစိုးရအဖွဲ့များသည် ဆင်းရဲပြီး ထိခိုက်ရန် အလွယ်ဆုံးသောသူများကို တတ်နိုင်သရွေ့ ကူညီထောက်ပံ့ရန် လိုအပ်သည်။ ကနဦးအားဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းမျိုး ပြုလုပ်နိုင်သည်။ သို့ရာတွင် ထိုသို့ထောက်ပံ့ရာ၌ မတော်တဆ စစ်အစိုးရ၏ ချုပ်ကိုင်မှုကို မြဲမြံအောင် လုပ်ပေးသည်မျိုး မဖြစ်ရအောင် နိုင်ငံရေး ကျွမ်းကျင်မှု ကြီးစွာ လိုအပ်ပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် တိုက်ရိုက် ပူးပေါင်းဆောင်ရွက်ခြင်းမျိုး ပြုလုပ်နိုင်သည်။​ စစ်အစိုးရ၏ ရန်ဘက် အများစုက တော်လှန်ရေး အစပျိုးနိုင်အောင် စီးပွားရေးစနစ်ကို ဖြိုချရန် လိုလားကြသော်လည်း ရက်သတ္တပတ်များမှ လချီကြာ၊ နှစ်ချီကြာနိုင်သည့် အခါ အရပ်ဘက် စီးပွားရေးစနစ်ကို တတ်စွမ်းသရွေ့ အကာအကွယ် ပြုမှသာလျှင် ပိုဒုက္ခကြီးမည့် ဆင်းရဲခေါင်းပါးမှု အကြပ်အတည်းကို ဟန့်တားနိုင်မည်။ စစ်တပ်နှင့် စီးပွားဖက် မဟုတ်သည့် တာဝန်ယူမှု ရှိသော နိုင်ငံတကာ ကုမ္ပဏီများကို နိုင်ငံတွင်း ဆက်လက် လုပ်ကိုင်ရန် အားပေးရမည်။ ကျန်းမာပြီး အာဟာရ ပြည့်သော လူဦးရေ ရှိမှသာ နိုင်ငံရေး အပြောင်းအလဲ အတွက် တွန်းအားဖြစ်မည်။

အစိုးရအဖွဲ့ များသည် တတ်နိုင်သမျှ ပြင်ဆင်ရန် လွယ်ကူပြီး နိုင်ငံတကာနှင့် ချိတ်ဆက်ထားသည့် မတူညီသော နည်းလမ်းများနှင့် အသီးသီး ကြိုးစားမှ ရမည်။ မြန်မာနိုင်ငံ ပဋိပက္ခကို တစ်ချက်တည်းနှင့် ကုစားပေးမည့် နတ်ဆေးသဖွယ် မူဝါဒဟူ၍လည်း မရှိပါ။ အကြောင်းမှာ လက်ရှိ ကြုံတွေ့နေရသော ပဋိပက္ခသည် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သည် အာဏာသိမ်းမှု တစ်ခုတည်းကြောင့် မဟုတ်၊ ဆယ်စုနှစ်များစွာ မအောင်မြင်ခဲ့သည့် အစိုးရ ဖွဲ့စည်းရေး၊ နိုင်ငံ တည်ဆောက်ရေး၊ ခေါင်းပုံဖြတ်သော စီးပွားရေးစနစ်နှင့် ကာလရှည်ကြာစွာ တရားမျှတမှုကို မရရှိခဲ့သည့် လူ့အဖွဲ့အစည်းမှ ပေါက်ဖွားလာသော ရလာဒ် ဖြစ်သောကြောင့် ဖြစ်သည်။ ပြင်ပကမ္ဘာသည် မြန်မာနိုင်ငံ၏ ရှုပ်ထွေးပွေလီမှုများကို မျက်ကွယ်ပြုကာ မကြာခင် ပျော်ရွှင်စွာ ဇာတ်သိမ်းကြတော့မည့် နတ်သမီးပုံပြင်သဖွယ် ရှုမြင်ခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီ။ ထိုသို့ အမြင်ကို အဆုံးသတ်ပြီး လေးနက်သည့် သံတမန်ရေးရာ၊ ကောင်းစွာ သိမြင်နားလည်သည့် ဗျူဟာများနှင့် အစားထိုးရတော့မည်။ သို့မှသာလျှင် မှော်အစွမ်းနှင့် ညတွင်းချင်း မဟုတ်သော်လည်း နှစ်အနည်းငယ် အတွင်း မြန်မာပြည်သူများက လိုလားတောင့်တနေသည့် ငြိမ်းချမ်းသော ဒီမိုကရေစီစနစ်ကို ရရှိနိုင်မည် ဖြစ်သည်။


(အမေရိကန်နိုင်ငံ၏ ထိပ်တန်း အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဆိုင်ရာ စာစောင်ဖြစ်သည့် “Foreign Affairs”က ၂၀၂၁ ခုနစ်၊ ဇူလိုင်လတွင် ထုတ်ဝေသည့် စာစောင်တွင် ဖော်ပြခဲ့သည့် ဒေါက်တာသန့်မြင့်ဦး၏ Myanmar’s Coming Revolution အမည်ရှိ ဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြပါသည်။)





10,074 views2 comments

Recent Posts

See All

မြန်မာနိုင်ငံ ဘာဆက်ဖြစ်ဦးမလဲ?

များမကြာမီက အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်မှာ အာဏာကိုသာ ခွဲထုတ်ယူကာ ကျန်သည့် အရေးအရာ အားလုံးကို လုပ်မြဲအတိုင်း ဆက်လုပ်စေရန် ရည်ရွယ်ခဲ့သည်။ သို့သော် လက်တွေ့တွင် အာဏာသိမ်းမှုကြောင့် စီးပွားရေးသည်လည်း အရှ