Search
  • Thant Myint-U

မြန်မာနိုင်ငံနှင့် ကိုဗစ်-၁၉ အပေါ် အတွေးအမြင်

Updated: May 15

မြန်မာနိုင်ငံနှင့် Covid-19 ရောဂါ အကြောင်း ကျွန်တော်၏ အတွေးအမြင် အချို့ကို မျှဝေလိုပါသည်။

၁။ မြန်မာနိုင်ငံတွင် Covid-19 ရောဂါ အတည်ပြုလူနာ မတွေ့ရှိရသေးပါ။ ရောဂါပိုး စတင်ဖြစ်ပွားရာ ဗဟိုချက် ဖြစ်သည့် တရုတ်နိုင်ငံ၏ ကပ်လျက်တွင် တည်ရှိနေသော မြန်မာနိုင်ငံ၌ ရောဂါကူးစက်ခံရမှု လုံးဝမရှိဟု လက်ခံရန် ခက်ခဲပါသည်။ လူအယောက် ၂၀၀ ခန့်ကိုသာလျှင် ရောဂါပိုးရှိ မရှိ စစ်ဆေးခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် မြို့ကြီးပြကြီးများတွင် ရောဂါကူးစက်မှုများ သိသိသာသာ ဖြစ်ပွားပါက မသိနိုင်စရာ အကြောင်းမရှိ။ အဓိကအချက်မှာ လောလောဆယ်တွင် လူဘယ်နှယောက် ရောဂါပိုး ကူးစက်ခံထားရပြီလဲဆိုသည်ကို မသိကြခြင်းသာ ဖြစ်ပါသည်။ ရောဂါကူးစက်ခံရသည့် လူဦးရေ အနည်းငယ်သာ ရှိနေသေးခြင်းလည်း ဖြစ်နိုင်ပါသည်။

၂။ Covid-19 ရောဂါ အကြောင်း သိရှိမှု နည်းပါးသေးသဖြင့် မြန်မာနိုင်ငံ၌ ကျန်းမာရေး သက်ရောက်မှု မည်သို့မည်ပုံ ရှိမည်ကို မမှန်းဆနိုင်ပါ။ ထိုအချက်နှင့် ပတ်သက်ပြီး သီအိုရီများ၊ မှန်းဆချက်များ မြောက်မြားစွာ ရှိနေသော်လည်း အချက်အလက် အတိအကျ အနည်းအကျဉ်းသာ ရှိပါသေးသည်။ အဆိုးဆုံး အခြေအနေကို မှန်းဆရမည်ဆိုပါက မြန်မာနိုင်ငံရှိ လူဦးရေ၏ အတော်များများ (သန်းချီကာ) ရောဂါပိုး ကူးစက်ခံရလိမ့်မည်။ ယင်းတို့၏ ငါးပုံတစ်ပုံသည် အပြင်းအထန် နာမကျန်းဖြစ်ပြီး ဆေးရုံတင်ကုသဖို့ လိုအပ်ပါလိမ့်မည်။ သေဆုံးသူ မည်မျှရှိမည်မှာ ဆေးကုသမှုများ ပြုလုပ်ပေးနိုင်ခြင်း ရှိ၊ မရှိပေါ်တွင် တစ်စိတ်တစ်ဒေသ မူတည်ပါမည်။ သို့သော် လက်ရှိအချိန်တွင် မည်သူမှ အတပ်မပြောနိုင်သေးပါ။

၃။ အသေအချာ သိထားသည့်အချက်မှာ ရောဂါပိုးကူးစက်ပြန့်ပွားလာခဲ့သော် ကိုင်တွယ်ဖြေရှင်းရန် အရင်းအမြစ်များ အနည်းငယ်သာ ရှိပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း တိုးတက်မှုများ ရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည် ကမ္ဘာပေါ်တွင် အနိမ့်ကျဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်များထဲတွင် ပါဝင်နေပါသေးသည်။ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဆိုအရ စနစ် ၁၉၀ ခုရှိသည့်အနက် ၁၈၅ ဆင့်တွင် ရှိပါသည်။) ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကို မဆိုသလောက်သာ လက်လှမ်းမီသူ သို့မဟုတ် လုံးဝလက်လှမ်းမမီသူများမှာ လူအများစု ဖြစ်နေသည်။ နှစ်စဉ် ကူးစက်ရောဂါများကြောင့် လူထောင်နှင့် သောင်းနှင့်ချီကာ အသက်ဆုံးရှုံးလျက်ရှိသော နိုင်ငံတစ်ခုဖြစ်ပါသည်။ ပြည့်သူကျန်းမာရေး စောင့်ရှောက်မှု အားနည်းသည့် ဒေသများ၊ တစ်သက်တာလုံး ဆေးဝါးကုသမှု မည်မည်ရရဟူ၍ မရရှိခံဖူးသော ဒေသများတွင် ရောဂါပိုး ကူးစက်ပြန့်ပွားနေခြင်းကို ထောက်လှမ်းမသိရှိကြသည်မှာလည်း ဖြစ်နိုင်ပါသည်။ 

၄။ မြန်မာနိုင်ငံ အနေဖြင့် ပြောင်းလဲလာမည့် ကမ္ဘာ့စီးပွားရေးစနစ်ကြီးကို ရင်ဆိုင်စီမံနိုင်စွမ်းလည်း အကန့်အသတ် ရှိနေပါသည်။ ခေတ်မီတိုးတက်သော နိုင်ငံကြီးများကဲ့သို့ တုံ့ပြန်ရန် မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ လက်နက်ကိရိယာများ ရှိမနေပါ။ ကမ္ဘာ့ ကုန်စည်စီးဆင်းမှု လမ်းကြောင်း (Supply Chain) ပြတ်တောက်ခြင်း၊ ကုန်းလမ်း သွားလာမှု ကန့်သတ်ခံရခြင်း၊ အပြည်ပြည်ဆိုင်ရာ ခရီးသွား လုပ်ငန်းများ ပြိုလဲခြင်းတို့၏ အကျိုးဆက်များမှာ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်နေပြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး လက်ရှိအနေအထားမှ မည်သို့ရှေ့ဆက်မည်၊ တစ်ခဏတာအတွင်း ခေါင်းပြန်ထောင်လာနိုင်မည်လား အပေါ် မူတည်ပြီး ကြီးမားသော အကျိုးသက်ရောက်မှုကို ခံစားရပါလိမ့်မည်။

၅။ Lockdown (ပြည်သူများအား မိမိအိမ်တွင်သာ နေစေပြီး ပြင်ပသို့ ထွက်ရမည့် အရေးကိစ္စ အားလုံးကို ကန့်သတ်ထားခြင်း) ပြုလုပ်ရလျှင်လည်း မြန်မာနိုင်ငံတွင် စီမံခန့်ခွဲနိုင်စွမ်း နည်းပါးပါသည်။ တစ်ဖက်တွင် မြန်မာနိုင်ငံသည် အပြင်မထွက်ရ အမိန့်ထုတ်ခြင်းနှင့် လူအများ ရွေ့လျားမှုကို ထိန်းချုပ်ခြင်း စသည်တို့တွင် အတွေ့အကြုံများစွာ ရှိပါသည်။ ဤသို့ဆောင်ရွက်မည်ဆိုပါက အရပ်ဘက်နှင့် တပ်မတော်တို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ပါသည်။ တစ်ဖက်တွင်မူ မြန်မာနိုင်ငံတွင် လူအများစုမှာ နေ့စဉ် စားဝတ်နေရေးအတွက် ကျပန်းအလုပ်များကို လုပ်ကိုင်ကြပါသည်။ တောင်သူလယ်သမားများသည် "အိမ်ထဲတွင် နေပြီး အလုပ်လုပ်၍" မရနိုင်ပါ။ ရွာဈေးဆိုင်များ၊ ရပ်ကွက်ဈေးများတွင် ကုန်သွယ်ရောင်းဝယ်နေသူများ အတွက်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။ Lockdown လုပ်ခြင်းကြောင့် ခေတ်မီတိုးတက်သော နိုင်ငံကြီးများတွင်ပင် စီးပွားရေး အထိနာပါလိမ့်မည်။ မြန်မာနိုင်ငံတွင်မူ ဆင်းရဲချို့တဲ့သော လူထုအတွက် အငတ်ဘေးသဖွယ် ဖြစ်လာနိုင်ပါသည်။

၆။ အထူးသဖြင့် သင်္ကြန်ပိတ်ရက်များတွင် လူအများ ခရီးသွားလာမှုကို ခွင့်ပြုမည်လား၊ တားမြစ်မည်လား ဆိုသည်မှာ အရေးကြီး ကိစ္စရပ် ဖြစ်ပါသည်။

၇။ ဆင်းရဲချို့တဲ့သူများ၊ တစ်နေ့လုပ် တစ်နေ့စားများသည် Covid-19 ၏ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ကြီးမားစွာ ရင်ဆိုင်ခံစားရမည်မှာ သိသာ ထင်ရှားနေပါသည်။ ကာလတိုနှင့် ကာလလတ်အတွင်း ဖြစ်လာနိုင်ခြေရှိသော စီးပွားရေး အနေအထားများကို တွေးဆကာ ထိခိုက်နစ်နာမှု များနိုင်သည့် ပြည်သူများ အပေါ် သက်ရောက်နိုင်သည့် အကျိုးဆက်များကို ဆန်းစစ်ပြီး ငွေကြေးအထောက်အပံ့များ ချက်ချင်းပေးအပ်ခြင်း အပါအဝင် တိုင်းပြည်၏ မည်သည့်အရင်းအမြစ်များကို ထိုပြည်သူများအတွက် ထောက်ပံ့နိုင်မည်နည်းကို ပြုလုပ်သင့်ပါသည်။ စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေကြသူများ သို့မဟုတ် လက်နက်ကိုင်  ပဋိပက္ခများကြောင့် စစ်ဘေးရှောင်များ စသူတို့ကဲ့သို့ ထိခိုက်ခံစားရနိုင်ခြေများသော ပြည်သူများအတွက်လည်း စဉ်းစားဖို့ရာ အရေးကြီးလှပါသည်။

၈။ သဘာဝဘေးအန္တရာယ်ဆိုးများနှင့် ကြုံလာရတိုင်း မြန်မာပြည်သူများသည် အလွန်ပင် သဒ္ဒါတရား ထက်သန်ကြပါသည်။ လူမှုအဖွဲ့အစည်းများက လူသန်းချီကို စည်းရုံးကာ လိုအပ်သူများကို ကူညီနိုင်ခဲ့ကြပါသည်။ အကယ်၍ ပြည်သူ့ကျန်းမာရေး ဘေးအန္တရာယ် ကြုံတွေ့လာလျှင် လူမှုအဖွဲ့အစည်းများကလည်း မိမိတို့ မည်သို့ ကူညီထောက်ပံ့ပေးနိုင်ကြောင်း ကောင်းစွာ သိရှိထားရန် လိုအပ်ပါသည်။

၉။ မြန်မာနိုင်ငံမှာ အတော်ကိုပင် ဒူပေနာပေ ခံနိုင်ရည်ရှိသော နိုင်ငံတစ်ခု ဖြစ်ပါသည်။ ဆယ်စုနှစ်များ ချီကာ လက်နက်ကိုင် ပဋိပက္ခများ၊ အာဏာရှင် စနစ်များ၊ အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့မှုများနှင့် အလွန်အမင်း ဆင်းရဲမွဲတေမှုကို ကျော်လွှားနိုင်ခဲ့သော နိုင်ငံ ဖြစ်ပါသည်။ ဤကပ်ရောဂါကိုလည်း အခြားသူများထက် ချောမောစွာ ဖြတ်သန်းနိုင်မည်ဟု မျှော်လင့်နိုင်ပါသည်။ သို့သော် မျှော်လင့်ချက်သည် ဗျူဟာ မဟုတ်ပါ။ ယခုပင် ဗျူဟာကျ ရွေးချယ်မှုများကို ဆင်ခြင်သုံးသပ်ထားရန် အလွန် အရေးကြီးပါသည်။

၁၀။ ရှေ့သို့ မျှော်ကြည့်လျှင် မြန်မာနိုင်ငံ အနေဖြင့် ကာလရှည် အပြောင်းအလဲများ အတွက် ပြင်ဆင်သင့်ပါပြီ။ ရွေ့လျားသွားလာမှုများနှင့် စားသုံးမှုများ သိသိသာသာ လျော့ကျသွားသည်နှင့် ကမ္ဘာတစ်ဝှမ်းရှိ လူများကလည်း ရှင်သန်နေထိုင်မှု ပုံစံသစ် အမျိုးမျိုးနှင့် နေသားကျသွားနိုင်ပါသည်။ အင်အားကြီး အစိုးရများက အချို့သော စက်မှုလက်မှု လုပ်ငန်းကြီးများ ပြန်လည်ထူထောင်ရေး သို့မဟုတ် တိုးတက်ရေးအတွက် ဒေါ်လာ သန်းကုဋေပေါင်း မြောက်မြားစွာ သုံးစွဲကောင်း သုံးစွဲနိုင်ပါသည်။ အင်အားကြီးနိုင်ငံများ၏ ဆက်ဆံရေး လုံးလုံးလျားလျား ပြောင်းလဲသွားနိုင်ပါသည်။ ကမ္ဘာ့စီးပွားရေးစနစ် လုံးဝဥဿုံ ပုံစံပြောင်းသွားနိုင်ပါသည်။ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည့် ကမ္ဘာကြီးပေါ်တွင် မိမိအနာဂတ် မည်သို့မည်ပုံ ရှိလာနိုင်မည်ကို မြန်မာနိုင်ငံအနေနှင့် အခွင့်သာခိုက် ပြန်လည်သုံးသပ်သင့်ပါသည်။


246 views

©2019 by Thant Myint-U.