Search
  • Thant Myint-U

မြန်မာနိုင်ငံ ဘာဆက်ဖြစ်ဦးမလဲ?

Updated: Mar 22

များမကြာမီက အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်မှာ အာဏာကိုသာ ခွဲထုတ်ယူကာ ကျန်သည့် အရေးအရာ အားလုံးကို လုပ်မြဲအတိုင်း ဆက်လုပ်စေရန် ရည်ရွယ်ခဲ့သည်။ သို့သော် လက်တွေ့တွင် အာဏာသိမ်းမှုကြောင့် စီးပွားရေးသည်လည်း အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားရုံမက နိုင်ငံတကာ၏ စွက်ဖက်နိုင်ခြေ ပိုမြင့်လာသလို နိုင်ငံရေး ငလျင် လှုပ်သည့်သဖွယ် ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးတို့ အတွက် တိုက်ပွဲဝင်နေခြင်းသာ မဟုတ်တော့။ လမ်းကြောင်း တစ်ခုက အဆုံးမရှိသည့် အာဏာရှင်စနစ်သို့ ဦးတည်နေသည်။ နောက်တစ်ခုကမူ မည်သို့ အသွင်သဏ္ဍာန် ဆောင်လာမည်ကို ခန့်မှန်းရခက်သည့် တော်လှန်ရေး ဖြစ်သည်။ လဲပြိုကျနေသည့် စီးပွားရေး စနစ်ကြောင့် လူသန်းချီကာ ဆင်းရဲမွဲတေကြဦးမည် ဖြစ်ပြီး အားနည်းသူများကလည်း ဒုက္ခဆင်းရဲနှင့် ရင်ဆိုင်ရလေဦးမည်။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို ဒေသတွင်းတင်မက ကမ္ဘာကလည်း လျစ်လျူရှုထားရန် ခက်ပေဦးမည်။ ၂၁ ရာစု အာရှ၏ ဗဟိုချက်၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကြားမှ တိုင်းပြည်ပျက်သဖွယ် ဖြစ်နေသည်ကိုး။


တင်းမာမှုများက ရက်သတ္တပတ်နှင့် ချီကာ ဖြစ်နေခဲ့သည်။ ၂၀၁၆ ခုနှစ်မှ စကာ နိုင်ငံ၏ ခေါင်းဆောင် တဖြစ်လဲအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နိုဝင်ဘာလက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည်။ မဲအချိုးအစား ၆၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီး မြန်မာ့နိုင်ငံရေးတွင် သူမ၏ ချုပ်ကိုင်ထားနိုင်မှု ပိုမို အားကောင်းလာကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများ ပြုလုပ်ရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ ပြင်ဆင်မှုများသည် တစ်ချိန်က အနှိုင်းမဲ့ခဲ့သည့် စစ်တပ်၏ အာဏာကို ပို၍ပင် ကန့်သတ်နိုင်မည် ဖြစ်သည်။


သူမ၏ ပြိုင်ဘက်ဖြစ်ပြီး တပ်မတော်၏ ထောက်ခံမှုရသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မဲမသမာမှုများ ပြုလုပ်သည်ဟု စွပ်စွဲလာခဲ့သည်။ ရွေးကောက်ပွဲသည်လည်း လွတ်လပ်၍ တရားမျှတသည်ဟု မဆိုနိုင်ပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရသည့် ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်များ အပါအဝင် ပြည်သူ ၁ သန်းကျော် မဲမပေးနိုင်ခဲ့သည့် အပြင် တိုင်းရင်းသားလူမျိုး အများစု နေထိုင်ရာ မဲဆန္ဒနယ် အချို့တွင်လည်း ရွေးကောက်ပွဲ ကျင်းပခြင်း မရှိခဲ့။ ထိုသို့ ပြဿနာများ ရှိသော်ညား လွတ်လပ်သည့် စောင့်ကြည့်လေ့လာသူများက စွပ်စွဲခဲ့သလို မဲသမာမှု ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်ဟု ဆိုထားကြသည်။


စစ်တပ်၏ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်က အခွင့်အလမ်းကို မြင်ခဲ့သည်။ သူကိုယ်တိုင်လည်း သမ္မတ ဖြစ်ချင်လိုသော စစ်တပ် အကြီးအကဲသည် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ပြုလုပ်ရန်နှင့် လွှတ်တော်တွင် အထူးခုံရုံးဖွဲ့ရန် တောင်းဆိုခဲ့သည်။ NLD က ခန့်အပ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်က တောင်းဆိုချက်များကို ငြင်းပယ်လေသောအခါ နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။ ဗိုလ်ချုပ်များက စိတ်ဆိုးမာန်ဆိုးဖြင့် မိမိတို့ကို မထီမဲ့မြင် ပြုသည်ဟု ယူဆပြီး ၎င်းတို့က ဆက်လက် အလျှော့ပေးပါက ဒေါ်အောင်ဆန်းစုကြည်၏ အာဏာသာ ပိုကျယ်ပြန့်လာမည်ဟု ယုံကြည်ခဲ့သည်။ သူမနှင့် တွဲဖက်လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များကလည်း ယူနီဖောင်းဝတ် စစ်တပ်ဘက်ကို နည်းနည်း လိုက်လျှောမိလျှင် အစိုးရအဖွဲ့ တစ်ခုလုံးကိုပါ အားလျော့အောင် လုပ်ကြမည်ဟု ယူဆခဲ့ကြသည်။


ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော NLD ခေါင်းဆောင်များကို ဖမ်းဆီးလိုက်ကာ အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ ၎င်းတို့က တိုင်းပြည်ကို ၄င်းတို့ တစ်နှစ် အုပ်ချုပ်မည်၊ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပကာ ရွေးကောက်တင်မြှောက်ခံ အစိုးရကို အာဏာ ပြန်လည်လွှဲပြောင်းပေးမည်ဟု ဆိုသည်။ ရက်ပိုင်း အတွင်းမှာပင် မင်းအောင်လှိုင်သည် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံကာ လက်ရှိ မူဝါဒများ ဆက်လက် ဆောင်ရွက်မည်၊ ထို့အပြင် ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းမှုကို ထိန်းညှိရန် ဒေါ်လာဘီလီယံချီ တန်ဖိုးရှိသည့် ထောက်ပံ့ရေး အစီအစဥ်များလည်း ဆောင်ရွက်ပေးမည်ဟု ဆိုခဲ့သေးသည်။ ပြည်သူလူထုကလည်း အလိုက်သင့် လက်ခံလိမ့်မည်ဟု မျှော်လင့်ထားခဲ့ဟန် တူသည်။ လက်တွေ့တွင်မူ ဆယ်စုနှစ်အတွင်း မတွေ့ခဲ့ မမြင်ခဲ့ရသည့် အရှိန်အဟုန်ဖြင့် ပြည်သူတို့ ဆန့်ကျင်အုံကြွကာ တန်ပြန်ခဲ့ကြသည်။


စစ်ကောင်စီသစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံတစ်ဝှမ်းတွင် ပေါ်ပေါက်လာခဲ့သည်။ ဖေဖော်ဝါရီ လလယ်သို့ ရောက်သောအခါ ရန်ကုန်မြို့တွင် လူသိန်းချီ ပါဝင်သည့် ဆန္ဒပြပွဲများ ပြုလုပ်နိုင်ခဲ့သည်။ ဆောက်လုပ်ရေးသုံး ဦးထုပ်မာ ဆောင်းထားသည့် ဆောက်လုပ်ရေး ဝန်ထမ်းများ၊ LGBTQ အခွင့်အရေး လှုပ်ရှားသူများမှ ဗုဒ္ဓဘာသာဝင် ရဟန်းတော်များ အထိ နောက်ခံအမျိုးမျိုးမှ ပြည်သူများ လမ်းပေါ် ထွက်လာသည်မှာ ရွှင်ရွှင်ပျပျပင် ရှိသေးသည်။ မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသည့် မောင်နှံကလည်း “မင်္ဂလာဆောင်ကို ရွှေ့ဆိုင်းလို့ ရပေမယ့် ဒီလှုပ်ရှားမှုကတော့ ရွှေ့ဆိုင်းလို့ မရဘူး” ဟူသည် ဆိုင်းဘုတ်ကိုင်ကာ ဆန္ဒပြကြသည်။ ရန်ကုန်မြို့တွင် တိုင်းရင်းသား အမျိုးမျိုး၊ ဘာသာရေး အမျိုးမျိုးမှ ဆန္ဒပြပွဲ အမျိုးစုံ ပေါ်ပေါက်လာခဲ့ပြီး အချို့ကလည်း ရှားရှားပါးပါး လူ့အဖွဲ့အစည်း၊ အသိုင်းအဝိုင်း ပေါင်းစုံ ရောနှောကာ စည်းလုံးမှုကို ပြသသည့် ဆန္ဒပြမှုများလည်း ရှိခဲ့သည်။


အစိုးရဝန်ထမ်းများ၏ သပိတ်ကြောင့် အမျိုးသားအဆင့်၊ ပြည်နယ်အဆင့် အစိုးရယန္တရား ရပ်တန့်သွားခဲ့သည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် စစ်တပ်၏ ခြိမ်းခြောက်မှုများကို ဆန့်ကျင်ကာ အထွေထွေသပိတ်၏ တွန်းအားဖြင့် စီးပွားရေးလုပ်ငန်းများလည်း ရပ်တန့်သွားလေသည်။ သပိတ်များကို ဦးဆောင်စီစဥ်သူ အများစုမှာလွန်ခဲ့သည့် ဆယ်စုနှစ်က အထိုက်အလျောက် လွတ်လပ်စွာ ကြီးပြင်းလာသည့် အသက်နှစ်ဆယ်၊ သုံးဆယ်ဝန်းကျင်သာ ရှိသေးသော လူငယ်လူရွယ်များ ဖြစ်သည်။ VPN များ သုံးကာ လျှို့ဝှက်စွာ စာပို့နိုင်သည့် app များကို အသုံးပြုကာ အင်တာနက်ပေါ်တွင် စီစဥ်ကြပြီး ဘန်ကောက်နှင့် ဟောင်ကောင်တို့တွင် အသုံးပြုခဲ့ကြသည့် နည်းဗျူဟာများကို မှီငြမ်းကာ ဆောင်ရွက်ခဲ့ကြသည်။ The Hungar Games ရုပ်ရှင်စီးရီးမှ လက်သုံးချောင်းထောင် သင်္ကေတကို အသုံးပြုကြသည်။ အချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ထောက်ခံကြသူများ ဖြစ်သော်လည်း အချို့ကမူ NLD အစိုးရ၏ အာဏာရှင် ဆန်မှုကို ဝေဖန်သူများ ဖြစ်ကြသည်။ ထိုသို့ ကွဲပြားမှုများ ရှိသော်လည်း စစ်အုပ်ချုပ်ရေး အင်အားစုစည်းနိုင်မည်ကိုတော့ တိုက်ဖျက်လိုသူများသာ ဖြစ်သည်။ ၎င်းတို့ အများဆုံး အသုံးပြုသည့် ကြွေးကြော်သံ တစ်ခုမှာ “ဒီမျိုးဆက်ကို လာနှောင့်ယှက်တဲ့ ခင်ဗျားတို့ မှားပြီ” ဟူ၍ ဖြစ်သည်။


ထို့နောက် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အမှတ် (၃၃)၊ (၇၇) အစရှိသည့် ခြေမြန်တပ်ရင်းများက ရန်ကုန်နှင့် အခြားသော မြို့ကြီးများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ထိုတပ်များတွင် ၂၀၁၆-၂၀၁၇ ခုနှစ်များက ရိုဟင်ဂျာမူဆလင်များကို လူမျိုးသုဉ်း သတ်ဖြတ်ခဲ့သည့် တပ်ရင်းများလည်း ပါဝင်သည်။ ပျော်ပျော်ရွှင်ရွှင် ဆန္ဒပြနေသူများ နေရာတွင် အစားထိုးမည့် အဆင်ပြေသလို ဖန်တီးယူထားသည့် ဒိုင်းကာများ၊ မျက်ရည်ယိုဗုံးဒဏ် ခံနိုင်စေရန် မျက်မှန်ကာများ ဝတ်ဆင်ထားကာ စနစ်တကျ ဖွဲ့စည်းထားသည့် ကြံ့ကြံ့ခံနိုင်မည့် ဆန္ဒပြသူများ ရောက်ရှိလာသည်။ ရေအားအမြှောက်များ၊ ရော်ဘာကျည်များမှ ကျည်အစစ်ထိ အသုံးပြုခဲ့ကြသည်။ အင်တာနက် ဖြတ်တောက်မှုများ၊ နေအိမ်ဝင်ရောက်စီးနင်းမှုများ၊ တရားမဝင် ဖမ်းဆီးမှုများနှင့် ရိုက်နှက်မှုများ ရှိလာသည်။ မတ်လလယ်သို့ ရောက်သောအခါ ဦးခေါင်းနှင့် ရင်ဘတ်ကို ချိန်မှတ် ပစ်ခတ်နှိမ်နင်းမှုများကြောင့် လူ ၁၅၀ ဦးမက သေဆုံးခဲ့ရပြီး ဖြစ်သည်။ ဖမ်းဆီးခံရသူများမှာလည်း ထောင်ဂဏန်း ဖြစ်လာခဲ့ပြီ။ ထိုသို့ စိတ်တုန်လှုပ် ခြောက်ခြားရသော်လည်း အမျက်ချောင်းချောင်း ထွက်နေသည့် ပြည်သူလူထုက အကြမ်းဖက်လုပ်ရပ်များကို တိုက်ရိုက် ထုတ်လွှင့်ပြသနေခဲ့သည်။ တစ်ဖက်ဖက်ကမှ အလျှော့ပေးမည့် အရိပ်အယောင် မတွေ့ရသလို ပဋိပက္ခကလည်း ကြာနိုင်သည့် အလားအလာ ရှိနေသည်။ စီးပွားရေး ပြိုလဲမှုလည်း မကြာခင် ဖြစ်တော့မည်။


မြန်မာနိုင်ငံသည် အာရှတိုက်တွင် အဆင်းရဲဆုံးသော နိုင်ငံတစ်ခု ဖြစ်ပြီး အာဟာရချို့တဲ့မှုနှုန်း မြင့်ကာ ကလေးသူငယ် ဦးရေ၏ သုံးပုံတစ်ပုံခန့်ပင် ဖွံ့ဖြိုးမှု နှောင့်နှေးသည်ဟု ဆိုသည်။ ပြည်သူအများစုသည် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရကြဘဲ တီဘီ အဆုတ်ယောင်ရောဂါကဲ့သို့ ကုသပျောက်ကင်းနိုင်သည့် ရောဂါများကြောင့် နှစ်စဥ် သေဆုံးသူ သောင်းချီ ရှိခဲ့သည်။ ကိုဗစ်-၁၉၏ ကျန်းမာရေး အကျိုးသက်ရောက်မှု နည်းပါးသော်လည်း lockdown ပြုလုပ်ခြင်း၊ ကုန်သွယ်မှု အဟန့်အတား ဖြစ်ခြင်း၊ ခရီးသွားကဏ္ဍ ချုန်းချုန်းကျသွားခြင်း၊ နိုင်ငံရပ်ခြားရှိ ရွှေ့ပြောင်း အလုပ်သမားများမှ ပြည်တွင်းသို့လွှဲငွေ လျော့နည်းသွားခြင်း စသည်တို့ကြောင့် စီးပွားရေး အကျိုးသက်ရောက်မှုမှာမူ အထိနာခဲ့သည်။ ၂၀၂၁ နှစ်ကုန်ပိုင်း အရောက်တွင် စီးပွားရေးလုပ်ငန်း ကြီးငယ်မဟူတို့သည် နောက်ထပ်တစ်လ၊ နှစ်လ ဆက်လက် လည်ပတ်ရန်ပင် မနည်းရုန်းကန်နေရသည့် အနေအထားတွင် ရှိနေခဲ့သည်။ လွန်ခဲ့သည့်နှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် စစ်တမ်းအရ တစ်လလျှင် ၂ ဒေါ်လာ (မြန်မာငွေ ၂၅၀၀ ကျပ်မျှ၊ အနိမ့်ဆုံးလုပ်ခပင် မဟုတ်) အောက်သာ ဝင်ငွေရှိသူဦးရေသည် ၁၆ ရာခိုင်နှုန်းမှ ၆၃ ရာခိုင်နှုန်းထိပင် ထိုးတက်သွားခဲ့သေးသည်။ လွန်ခဲ့သည့် သုံးလအတွင်း ဝင်ငွေ တစ်ပြားမှ မရှိသူ ဦးရေမှာ ထိုရာခိုင်နှုန်း၏ သုံးပုံတစ်ပုံမျှ ရှိသေးသည်။ မငတ်ရန်ပင် တစ်လလျှင် အတိုးနှုန်း ၅၀ ရာခိုင်နှုန်း အထိ မတန်တဆ အတိုးတောင်းသူများထံမှ ငွေချေးနေရသည်။ ဤသည်မှာ အာဏာသိမ်းမှု မတိုင်မီက ဖြစ်သည်။


ယခုအခါ စီးပွားရေးစနစ်ကြီး တစ်ခုလုံး ရပ်တန့်သွားပြီ ဖြစ်သည်။​ အထွေထွေသပိတ်ကြောင့် ဘဏ်များလည်း မလည်ပတ်နိုင်သဖြင့် ငွေကြေးလည်း ရှားပါးလာပြီး လုပ်ငန်းများကလည်း သန်းချီသည့် ဝန်ထမ်းများကို လခ မပေးနိုင်။ ရပ်ကွက်ဈေးများ ရှိနေကြသေးသော်လည်း သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများ၏ သပိတ်ကြောင့် ပင်တိုင် စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီတို့လည်း သိသိသာသာ ဈေးတက်သွားခဲ့သည်။ မိသားစု အတွက် အဓိကဝင်ငွေ ရှာဖွေထောက်ပံ့နေသော အမျိုးသမီးငယ် ၁.၅ သန်းမျှကို အလုပ်ပေးထားနိုင်သည့် အထည်ချုပ်ကဏ္ဍသည်လည်း ယိုင်နဲ့နဲ့သာ ရှိတော့သည်။ လေဆိပ်များလည်း မဖြစ်စလောက်သာ လည်ပတ်နေပြီး ဆိပ်ကမ်းများမှာ အလုံးစုံ ရပ်သွားပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သင်္ဘောလိုင်းများကလည်း လုပ်ငန်းများကို ရပ်ဆိုင်းထားလိုက်သည်။ လူ့အသက် ကယ်တင်ရာတွင် လိုအပ်သည့် ဆေးဝါးများနှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး အတွက် လိုအပ်သည့် LNG စသည့် အရေးကြီးသော သွင်းကုန်များသည်လည်း များမကြာမီ လက်ကျန်ပြတ်သွားနိုင်သည်။ ကိုဗစ်စစ်ဆေးမှုသည်လည်း ရပ်သွားပြီ ဖြစ်ပြီး ပြည်သူအများကို ကာကွယ်ဆေး ထိုးပေးမည့် အစီအစဥ်ကို ယခုထိ မတွေ့ရ။


လွန်ခဲ့သည့် ဆယ်နှစ်ကတော့ မြန်မာနိုင်ငံသည် တိုးတက်မည့် လမ်းကြောင်းပေါ်တွင် ရှိနေခဲ့သည်။ အာဏာရှင်စနစ်မှသည် ပြည်သူ့အစိုးရကို အာဏာလွှဲပြောင်းပေးခဲ့ပြီး ရာစုနှစ်ဝက်နီးပါး မကြုံဖူးသည့် နိုင်ငံရေး လွတ်လပ်ခွင့်များ ရရှိခဲ့သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့တားဆီးမှုများလည်း ပျက်ပြယ်သွားပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ် အနိုင်ရသောအခါ ဤဒဏ္ဍာရီလာပုံပြင်တွင် ပါဝင်ကြရန် ကမ္ဘာ့ခေါင်းဆောင်များက အပြေးအလွှား ရောက်ရှိလာခဲ့ကြသေးသည်။ ထို့နောက် ရိုဟင်ဂျာ မူဆလင် ၇ သိန်းကျော်ကို အကြမ်းဖက်ကာ ဘင်္ဂလားဒေ့ရှ်ဖက်သို့ နှင်ထုတ်ခြင်း ဖြစ်လာခဲ့သည်။ အနောက်နိုင်ငံများကတော့ ဒေါ်အောင်ဆန်းစုကြည်သည် သူရဲကောင်းလေလား၊ သို့မဟုတ် လူဆိုးလား ဝေခွဲမရဆဲ။ မြန်မာနိုင်ငံတွင် အဓိကကျသည့် စစ်ဗိုလ်ချုပ်များကဲ့သို့ အခြားပုဂ္ဂိုလ်များကို လူသိပ်မသိကြ။ အခုတော့ ၎င်းတို့က စင်ပေါ်ကို ရောက်လာခဲ့လေပြီ။


မြန်မာစစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ် ကာလများမှ စကာ ယနေ့ထိ ဆယ်စုနှစ် ၈ ခုကျော် မြို့ပေါ်တောထဲ၊ ကျွန်းပေါ်၊ တောင်ပေါ် ဒေသအစုံတွင် အဆက်အပြတ် တိုက်ခိုက်ခဲ့သည့်တပ် ဖြစ်သည်။ ကျေးရွာများကို မီးရှို့လိုရှို့၊ သာမန်ပြည်သူများကို အစစ်အဆေးမရှိ သတ်လိုက သတ်၊ အစုလိုက် အပြုံလိုက် ကွပ်မျက်လိုက ကွပ်မျက်နှင့် ထင်တိုင်းကြဲနိုင်ခဲ့သည့် စစ်တပ် ဖြစ်သည်။ ရန်သူများကလည်း ၁၉၅၀ ပြည့်နှစ်များက ဝါရှင်တန်က ထောက်ပံ့ခဲ့သည့် တရုတ် ကူမင်တန်တပ်များမှ ၁၉၆၀ ပြည့်နှစ်များတွင် ဘေဂျင်းက ထောက်ပံ့ခဲ့သည့် ကွန်မြူနစ်တပ်များထိ၊ မူးယစ်ရာဇာများမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေး ကြိုးပမ်းနေသည့် လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်များထိ ပါဝင်သည်။ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းတွင် စစ်ပွဲအများစုမှာ အရှေ့ဘက် ကုန်းမြင့်ဒေသမှ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နား အထိပင်ရောက်သည်။ စစ်တပ်၏ အဓိကအလုပ်မှာ လူနည်းစု တိုင်းရင်းသားများ နေထိုင်ရာကို ထိန်းချုပ်ထားရန် ဖြစ်ပြီး ၁၉၇၄ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၂၀၀၇ ခုနှစ်ကဲ့သို့ ရံဖန်ရံခါတွင် ဧရာဝတီမြစ်ဝှမ်း မြေပြန့်ဒေသဘက်တွင် ဆူပူမှုများကို နှိပ်ကွပ်ရန်သာ ဆင်းလာတတ်သည်။


၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလတွင် စစ်အုပ်ချုပ်ရေးဖြင့် “ဗမာ့ဆိုရှယ်လစ်လမ်းစဥ်”ကို အကောင်အထည် ဖော်ရန် ကြိုးပမ်းကာ စီးပွားရေးလုပ်ငန်းကြီးများကို ပြည်သူပိုင်သိမ်းပြီး နိုင်ငံကို ပြည်ပဈေးကွက်များနှင့် အဆက်အသွယ် ဖြတ်ခဲ့သည်။ ထို့နောက် ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်း ကာလများတွင် အပြောင်းအလဲ​ သုံးခု ဖြစ်သွားခဲ့သည်။ အာရုဏ်ပျိုးစ ဒီမိုကရေစီ လှုပ်ရှားမှုများနှင့် တစ်သားတည်း ရှိကြောင်း ပြကာ အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ စစ်တပ်၏ ထိုစဥ်က အဓိကရန်သူ ဖြစ်သည့် တရုတ်နယ်စပ်တွင် အခြေပြုသော ကွန်မြူနစ်တပ်များ ပြိုလဲသွားပြီး ၎င်းတို့မှ ကျွင်းကျန်ရစ်ခဲ့သည့် အင်အားစု အနည်းအကျဥ်းကိုလည်း စစ်တပ်က အပစ်အခတ် ရပ်စဲရန် သဘောတူနိုင်ခဲ့သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု တဟုန်ထိုး တိုးတက်လာခဲ့ပြီး တရုတ်နယ်စပ် အနီးတွင် သတ္တုတွင်းလုပ်ငန်း၊ သစ်လုပ်ငန်းနှင့် တရားမဝင် မူးယစ်ဆေးလုပ်ငန်းများလည်း ကျယ်ပြန့်လာခဲ့သည်။ ထိုသို့ဖြင့် ရရှိလာသည့် အကျိုးအမြတ် အနည်းစုသည်လည်း မြေပြန့်ဒေသ၏ စီးပွားရေးစနစ်ထဲ ရောက်ရှိလာခဲ့ကာ ရန်ကုန်နှင့် မန္တလေးတို့တွင် မြေဈေးများ ထိုးတက်သွားခဲ့သည်။ ကိုလိုနီခေတ်မှ ထိုကာလအထိ တစ်ခါမျှ မမြင်ဖူးသည့် အတိုင်းအတာနှင့် ဆင်းရဲချမ်းသာ ကွာဟမှုများ ဖြစ်ပေါ်လာသည်။ ကမ္ဘာ့ရေနံကုမ္ပဏီများကလည်း လတ်လတ်လောလော တွေ့ရှိထားသည့် ကမ်းလွန် သဘာဝဓါတ်ငွေ့သိုက်များမှ စီးပွားဖြစ်ခဲ့ကြသည်။ ပြည်တွင်းပြည်ပမှ အခြားသူတို့ဖို့ စီးပွားဖြစ်လာသည်နှင့် အတူ ဗိုလ်ချုပ်ကြီးများကလည်း ကျိကျိတက် ချမ်းသာသွားကြသည်။


၂၀၁၀ ခုနှစ်တွင် အသက် ၈၀ ပြည့်တော့မည့် အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ အငြိမ်းစားယူသွားသည်။ ထို့အတွက် အာဏာမျှဝေရမည့် ဖွဲ့စည်းပုံတစ်ခုကို ပြင်ဆင်ရေးဆွဲခဲ့သည်။ စစ်တပ်က ဆယ်စုနှစ် တစ်ခုစာမက လိုချင်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ရေးဝန်ကြီးဌာနကို စစ်တပ်ကသာ ထိန်းချုပ်မည်၊ လွှတ်တော်တွင်လည်း စစ်တပ်က လေးပုံတစ်ပုံ နေရာရမည် ဖြစ်သဖြင့် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီဟု ဆိုကာ လက်မခံခဲ့။ ထိုအခါ ဦးသန်းရွှေက ပြည်ခိုင်ဖြိုးပါတီ (USDP) ကို တည်ထောင်ကာ နိုင်ငံရေး အခင်းအကျင်းတွင် ကြီးစိုးရန် ရည်ရွယ်ခဲ့ပြန်သည်။


ထိုစနစ်သစ်၏ ပထမဆုံး သမ္မတမှာ ဗိုလ်ချုပ်ဟောင်း တစ်ဖြစ်လဲသည့် ဦးသိန်းစိန် ဖြစ်သည်။ အခြား ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ဟောင်းများ ပါဝင်သည့် အစိုးရအဖွဲ့သည် ဦးသန်းရွှေ၏ ဇာတ်ညွှန်းကို ဖောက်ထွက်သွားကာ ဖြေလျှော့မှုများ ပြုလုပ်လိုက်သောအခါ အနောက်နိုင်ငံများကလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဟန် ရှိသည်ဟု မှတ်ယူသွားကြသည်။ ဘီလီယံများစွာ တန်ဖိုးရှိသည့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဖျက်သိမ်းလိုက်ခြင်းနှင့် ဘေကျင်းက နှစ်ရှည်လများ ထောက်ပံ့နေခဲ့သည့် ကွန်မြူနစ်လက်ကျန် အင်အားစုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တရုတ်၏ စေ့စပ်ညှိနှိုင်းမှု မပါဘဲ ဥရောပသားများ၊ အမေရိကန်များနှင့် ဂျပန်များ၏ အကူအညီဖြင့် ပြုလုပ်ခဲ့ခြင်းတို့ကြောင့် တရုတ်ဘက်က​ ဒေါသပုန်ထခဲ့သေးသည်။ ဆက်သွယ်ရေးကဏ္ဍကိုလည်း နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ဖွင့်ပေးခဲ့သဖြင့် ဒေါ်လာဘီလီယံချီ တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့ပြီး ဆက်သွယ်ရေး တစ်ခေတ်သစ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပြည်သူအများစု၌ ကိုယ်ပိုင်ဖုန်း မရှိသော်လည်း ၂၀၁၆ ခုနှစ် ရောက်သောအခါ အများစုတွင် စမတ်ဖုန်းများ ကိုယ်ပိုင် ရှိကာ Facebook ပေါ် ရောက်နေကြပြီ ဖြစ်သည်။​


စစ်တပ်များ၏ ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဆက်ခံရန် ထိုစဉ်က အငယ်တန်း ဖြစ်သော်လည်း အရှေ့မြောက်ဒေသတွင် တရုတ်လက်နက်ကိုင်များကို နှိမ်နင်းနိုင်၍ နာမည်ကျော်နေခဲ့သည့် မင်းအောင်လှိုင်ကို ဦးသန်းရွှေက တာဝန်ပေးခဲ့သည်။ အာဏာရှင်ဟောင်းက ပြုပြင်ပြောင်းလဲရေး ဗိုလ်ချုပ်ဟောင်းများကိုမူ အစိုးရအဖွဲ့တွင် နေရာချထားသည်။ သို့ရာတွင် အနာဂတ်တွင် စစ်တပ် အာဏာအဓွန့်ရှည်နိုင်ရေးကိုမူ အငယ်တန်း စစ်ဗိုလ်ချုပ်လက်ထဲသို့ တာဝန်အပ်နှင်းခဲ့သည်။


ပြုပြင်ပြောင်းလဲရေး အစောပိုင်းကာလများတွင် စစ်တပ်က တိုင်းပြည်ဘဏ္ဍာများမှ နောက်တစ်လှမ်း ဆုတ်ခဲ့သည်။ နိုင်ငံခြား ကုန်သွယ်မှုအပေါ် စည်းကြပ်မှုနှင့် နိုင်ငံခြား ရန်ပုံငွေကို ရယူသုံးစွဲနိုင်မှု မရှိတော့။ ၎င်းတို့၏ ကုမ္ပဏီများက လက်ဝါးကြီးအုပ်နေမှုလည်း ပြိုပျက်သွားခဲ့ပြီး နိုင်ငံ့ဘတ်ဂျက်မှ ဝေပုံကျ ရယူသုံးစွဲမှုလည်း အတော်အသင့် လျော့သွားခဲ့သည်။ အာဏာရှင်ဟောင်း လက်ထက်က ယင်းတို့၏စီးပွါးဘက် အချို့ကလည်း နိုင်ငံခြား ကုမ္ပဏီကြီးများနှင့် မပြိုင်နိုင်ဘဲ ရှုံးနိမ့်သွားကြသလို အချို့ကမူ ပွင့်လင်းလာသည့် ပတ်ဝန်းကျင်သစ်တွင် ပို၍ပင် လုပ်နိုင်ကိုင်နိုင်လာခဲ့သည်။ အများစုက စစ်တပ်၏ ပေးကမ်းမှုကို မျှော်ကိုးနေစရာ မလိုတော့။


၂၀၁၅ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ဟောင်းများက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပကာ ရလဒ်အတိုင်း လိုက်နာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် တောင်ပြိုကမ်းပြို အနိုင်ရသည်။ ဗိုလ်ချုပ်ဟောင်းများလည်း အစိုးရရုံးကို စွန့်ခွာလိုက်ရသည်။ ဦးသန်းရွှေကတော့ အငြိမ်းစားယူသွားသည်မှာ ကြာလှပြီ။ ထိုအခါ အာဏာကို ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းအောင်လှိုင်တို့ မျှဝေရတော့သည်။ သူသည် စစ်တပ်နှင့် ရဲကို ချုပ်ကိုင်ထားပြီး သူမကမူ လွှတ်တော်တွင် နေရာအများဆုံး ရယူထားနိုင်ရုံမက ဒေါ်လာ ၂၅ ဘီလီယံမျှ ရှိသည့် နိုင်ငံ၏ နှစ်စဥ်ဘတ်ဂျက်နှင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးများကိုပါ စီမံနိုင်ခဲ့သည်။ နှစ်ဦးစလုံးသည် အမျိုးသားရေးဝါဒီများ ဖြစ်သလို တူညီသည့် ရှေးရိုးစွဲ အယူအဆများစွာ ရှိတာခြင်းလည်း တူသည်။ ၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်သည် The Hague သို့ သွားရောက်ကာ မြန်မာနိုင်ငံကို လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ကို ချေပခဲ့စဥ်က သူမကိုယ်တိုင် ယုံကြည်ခြင်းကြောင့် သော်လည်းကောင်း၊ စစ်တပ်ကို စိတ်ကျေနပ်စေလိုသောကြောင့် လည်းကောင်း ထိုကဲ့သို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။ မူဝါဒအားဖြင့် အဓိက ကွဲပြားနေမှု တစ်ခုသာ ရှိခဲ့သည်။ သူမက (သူမကိုယ်တိုင် မကြာခဏ ဖေဖေ့ တပ်မတော်ဟု ဆိုခဲ့သည့်) စစ်တပ်ကို ပြည်သူ့အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ထားရှိမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးကို လိုလားခဲ့သည်။ မင်းအောင်လှိုင် အတွက်ကမူ စစ်တပ်သည် အားလုံး၏ အထက်တွင် ရှိနေရမည်သာ ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရန် ကနဦး ကြိုးပမ်းခဲ့သမျှသည်လည်း တဖြည်းဖြည်း နှစ်ဦးနှစ်ဘက်လုံး အတွက် လက်မခံနိုင်စရာ ဖြစ်လာသည်။


ထိုမှ ဆက်လာသည်မှာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ဖြစ်သည်။ ရိုဟင်ဂျာတို့ကို လူမျိုးသုဉ်း သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးလည်း များစွာ ထိခိုက်သွားသည့်အခါ တရုတ်က အလျင်အမြန် တိုးတက်နိုင်မည့် ကုန်သွယ်မှုနှင့် “တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်” အမည်ရှိ ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို ကမ်းလှမ်းလာခဲ့သည်။​ ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေး တစ်ခု ဖြစ်တည်လာရန် လိုလားသော်လည်း တအားနီးကပ်လာမည်ကို သတိထားခဲ့သည်။ သို့သော် မင်းအောင်လှိုင်ကမူ ပို၍ပင် မယုံကြည်ခဲ့။ မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများအနက် ဘေဂျင်း၏ အနီးဆုံးသော မိတ်ဖက်အဖွဲ့မှာ ကွန်မြူနစ် အင်အားစုများ၏ အကြွင်းအကျန်မှ ပေါက်ဖွားလာသည့် အင်အား ၃၀၀၀၀ ခန့် ရှိသော“ဝ”ပြည်နယ် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလတွင် “ဝ”တပ်မတော်သည် ရခိုင့်တပ်မတော် (Arakan Army - AA) အပါအဝင် အခြားသော လက်နက်ကိုင် အဖွဲ့သစ်များ ပေါ်ထွန်းလာအောင် ထောက်ပံ့ကူညီပေးခဲ့သည်။ AA ဆိုလျှင် ၂၀၁၈ ခုနှစ်မှ စကာ မြန်မာအာဏာပိုင် မျိုးဆက်သစ်ကို အကြီးအကျယ် ဒုက္ခပေး၊ ဆန့်ကျင်ခဲ့သည့် အဖွဲ့သစ် ဖြစ်ပြီး ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် လူရာချီ သေဆုံးကာ ထောင်သောင်းချီ စစ်ဘေးရှောင်နေခဲ့ရသည်။


လတ်တလော ရက်သတ္တပတ်များတွင်တော့ (CRPH) ရွေးကောက်ခံ NLD အမတ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မဟာမိတ် ဖွဲ့နိုင်ကောင်းသည် ဟူ၍ မျှော်လင့်ချက်များ ရှိနေခဲ့သည်။ အထူးသဖြင့် ထိုင်းနယ်စပ်တွင် လှုပ်ရှားနေသော ကရင်အမျိုးသား အစည်းအရုံး (KNU) က ဆန့်ကျင်ရေး လှုပ်ရှားမှုကို တက်တက်ကြွကြွ ထောက်ခံကြောင်း ပြသနေခဲ့သည်။ သို့သော်လည်း အင်အားအကြီးမားဆုံး လက်နက်ကိုင် အင်အားစုများမှာ မြောက်ပိုင်းတွင် ရှိနေပြီး တရုတ်နှင့် ချိတ်ဆက်မှုများ ရှိနေသည်။ လွန်ခဲ့သည့်နှစ်များက အပြင်းအထန် တိုက်ခိုက်နေခဲ့သော AA ကမူ ယခုတော့ စစ်ကောင်စီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေခဲ့သည်။


တရုတ်နိုင်ငံကမူ မြန်မာနိုင်ငံတွင် ရည်ရွယ်ချက် သုံးချက် ရှိသည်။ ပထမအချက်မှာ နယ်စပ်တွင် တိုက်ခိုက်မှုများ သို့မဟုတ် ဒုက္ခသည်များ အလုံးအရင်းနှင့် ဝင်ရောက်လာမှု စသည့် မတည်ငြိမ်မှုများမှ ကြိုတင်ကာကွယ်လိုသည်။ မြန်မာနိုင်ငံတွင် နေထိုင်နေကြသည့် တရုတ်လူမျိုးဦးရေမှာ တစ်သန်းကျော်မျှပင် ရှိပြီး တရုတ်တို့၏ ရေနံနှင့် သဘာဝဓါတ်ငွေ့လိုင်းများကလည်း နိုင်ငံတစ်ဝှမ်းကို ဖြတ်ကျော်တည်ရှိနေသည်။​ ၎င်းတို့အနက် တစ်ခုခုကို တိုက်ခိုက်လာပါက ဘေဂျင်းအတွက် ခေါင်းခဲစရာ ဖြစ်လာမည်။ ဒုတိယအချက်မှာ ပြိုင်ဘက်များ ဖြစ်သသည့် အမေရိကန် သို့မဟုတ် အိန္ဒိယတို့က မြန်မာနိုင်ငံတွင် အခြေစိုက်စခန်း ချမည်ကို ဟန့်တားရန် ဖြစ်သည်။ တတိယအချက်မှာ မြန်မာနိုင်ငံမှ ဖြတ်သန်းကာ အိန္ဒိယသမုဒ္ဒရာသို့ လမ်းကြောင်းပေါက်ရန် ဖြစ်သည်။ တရုတ်နိုင်ငံသည် မဟာဗျူဟာအရ လွှမ်းမိုးလိုသော်လည်း မြန်မာတို့၏ အမျိုးသားရေးစိတ်ဓါတ်ကို အသိအမှတ် ပြုသည်။ ထို့အပြင် အခြားသော အင်အားကြီးနိုင်ငံများက မယှဥ်နိုင်မည့် လက်ကိုင်များစွာလည်း ရှိနေသည်။


လာမည့်ရက်သတ္တပတ်များတွင် စစ်တပ်သည် နိုင်ငံတကာမှ ရှုံ့ချမှုများ သို့မဟုတ် စေ့စပ်ညှိနှိုင်းပေးရန် ကမ်းလှမ်းမှုများကို အဖက်လုပ်လိမ့်မည် မဟုတ်။ ပြည်သူသန်းချီကာ နိုင်ငံရပ်ခြားတွင် အလုပ်သွားလုပ်ရသော နိုင်ငံတွင် စစ်တပ်ခေါင်းဆောင်များကမူ နိုင်ငံရပ်ခြားသို့ ခရီးပင် မသွားဖူးသလောက် ရှိနေရုံမျှမက ကမ္ဘာအရပ်ရပ်ကိုလည်း အထင်ကြီးလှသည် မဟုတ်။ စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေးစနစ် ဆက်စပ်နေမှု အပေါ် နားလည်မှု လွဲနေခြင်းနှင့် စစ်တပ်ပိုင် ကုမ္ပဏီများ၏ အရေးပါမှုကို ပိုပိုသာသာ တွက်ချက်ထားခြင်းများကြောင့် အနောက်နိုင်ငံများက ပစ်မှတ်ထားကာ စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်သည်မှာလည်း များများစားစား အကျိုးမရှိလှ။ စစ်တပ်သည် အင်အားကောင်းသည့် အင်တာနက် ပိတ်ဆို့မှုဖြင့်လည်းကောင်း၊ လမ်းပေါ်တွင် အင်အားသုံး ဖြိုခွဲ၍လည်းကောင်း ဆန့်ကျင်ဆန္ဒပြမှုများကို ဖိနှိပ်နိုင်ရန် အာရုံစိုက်ပါလိမ့်မည်။ သို့သော်လည်း ဆန္ဒပြသူများက ပြသခဲ့သည့် ၎င်းတို့၏ တီထွင်ဆန်းသစ်နိုင်သည့် ဥာဏ်ရည်ဥာဏ်သွေးနှင့် ရဲစွမ်းသတ္တိကြောင့် စစ်တပ်က အာဏာကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ခက်ခဲပါလိမ့်မည်။ နောင်လာမည့်လများတွင်လည်း ဆက်လက်၍ ဆန္ဒပြမှုများ၊ တိုးမြင့်လာသည့် ဖိနှိပ်မှုများ၊ အကြိတ်အနယ် ဆန့်ကျင်မှုများနှင့်အတူ မလိုအပ်ဘဲ ဆင်းရဲတွင်းသို့ ကျကာ သောကပွေကြရဦးမည်။ တိုင်းပြည်ကိုလည်း အုပ်ချုပ်၍ ရလိမ့်မည် မဟုတ်။


အဆုံးသတ်တွင်တော့ တော်လှန်ရေး တစ်ရပ် ပေါ်ပေါက်လာရလိမ့်မည်။ အတိတ်က အခင်းအကျင်းမျိုးကို ပြန်သွားရန် လုံးဝ မဖြစ်နိုင်တော့။ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေရေးသည် အစသာ ရှိသေးသည်။ မဲအများစုဖြင့် အနိုင်ရသည့် အများစုကသာ အုပ်ချုပ်သည့် ဒီမိုကရေစီသည်ပင် မလုံလောက်သေး။ တိုင်းရင်းသား မျိုးနွယ်စုများ အားလုံး ပါဝင်နိုင်ပြီး မြန်မာနိုင်ငံတွင် နေထိုင်ကြသူများ အားလုံးအတွက် တရားမျှတပြီး လွတ်လပ်သော လူ့အဖွဲ့အစည်း ပေါ်ထွန်းလာနိုင်သည့် အပြောင်းအလဲကို ဖြစ်စေနိုင်သည့် ခေတ်ရှေ့ပြေး လမ်းစဥ် လိုအပ်ပေသည်။


(၂၀၂၁ ခုနစ်၊ မတ်လ ၁၈ ရက်နေ့က London Review of Book တွင် ဖော်ပြခဲ့သည့် ဒေါက်တာသန့်မြင့်ဦး၏ “What next for Burma?” ဆောင်းပါးကို မြန်မာဘာသာနှင့် ဖော်ပြပါသည်။)

416 views0 comments