top of page
Search
  • Writer's pictureThant Myint-U

London Book Review သို့ ပေးပို့ခဲ့သည့် စာအုပ်သစ်မှ အကြောင်းအရာ အချို့

Updated: Jun 23, 2020

01 October 2019


၂၀၀၈ ခုနစ်၊ မေလ ၈ ရက်နေ့ ဆိုင်ကလုံးမုန်တိုင်း နာဂစ်သည် မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး တစ်ညတည်းတွင် လူပေါင်း ၁၄၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ကျန်ရစ်သူ ၃ သန်းမျှ အိမ်ရာမဲ့ခဲ့ရသည်။ ကမ္ဘာကြီး ပိုမိုပူနွေးလာသည်နှင့်အမျှ ပိုမိုဆိုးရွားသည့် ဖြစ်ရပ်များ ဖြစ်လာနိုင်သေးသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်းတို့က နိုင်ငံ၏ အဆင်းရဲဆုံးသော ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို ခြိမ်းခြောက်နေသည်။ လူ ၅ သန်းခန့် အခြေချရာ ရန်ကုန်မြို့ အပါအဝင် ကမ်းရိုးတန်းဒေသ အများစုသည်လည်း အန္တရာယ် ရှိနေသည်။ လူ ၁၀ သန်း နေထိုင်နေသည့် နိုင်ငံ၏ အလယ်ပိုင်းဒေသများတွင်လည်း ယခုအခါ နွေရာသီတွင် နေ့အပူချိန်သည် ၄၅ ဒီဂရီ စင်တီဂရိတ်ကိုပင် ကျော်လွန်နေပြီး များမကြာမီ နေထိုင်ရန် မဖြစ်နိုင်တော့အောင် အပူချိန် အလွန်အမင်း ပြင်းထန်လာတော့မည်။ နာဂစ်ကဲ့သို့ အင်အားပြင်းထန်သည့် မုန်တိုင်းများကို ပုံမှန်လို တွေ့ကြုံလာရနိုင်သည်။ ရာသီဥတု အရေးပေါ် အခြေအနေကို အမှန်ပင် ရင်ဆိုင်နေရသည့်နိုင်ငံကို ပြပါဆိုလျှင် မြန်မာနိုင်ငံကို ပြရတော့ပေမည်။


ထိုတင်မကဘဲ မြန်မာနိုင်ငံသည် သိသိသာသာ ကွာခြားလာသည့် ဝင်ငွေမညီမျှမှု၊ လူမျိုးရေး အခြေခံသည့် အကြမ်းဖက်မှု ပဋိပက္ခများ၊ ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်း၊ လူမှုကွန်ရက်တွင် အမုန်းတရား စကားများ အရှိန်အဟုန်ဖြင့် တိုးပွားလာမှုနှင့် အိမ်နီးချင်း တရုတ်နိုင်ငံ၏ ကြီးမားလှသည့် စက်မှုတော်လှန်ရေး၏အရှိန်အဝါကြီးသည့် အကျိုးသက်ရောက်မှုများကဲ့သို့သော ခက်ခဲနက်နဲလှသည့် စိန်ခေါ်မှုများစွာလဲ ရှိနေသေးသည်။ သို့ရာတွင် တိုးတက်မှု လုံးဝမရှိခြင်း မဟုတ်ပါ။ ယနေ့ မြန်မာနိုင်ငံသည် လွန်ခဲ့သည့် အနှစ် ၅၀ အတွင်း အလွတ်လပ်ဆုံးသော အနေအထားတွင် ရှိနေသည်ဟု ဆိုနိုင်သည်။ စီးပွားရေး လုပ်ငန်းသစ်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းသစ်များနှင့် ပြည့်နေသော လူ ၅၅ သန်းသာ ရှိသေးသည့် နိုင်ငံငယ် တစ်ခု ဖြစ်သည်။ သို့ရာတွင် ၁၉၆၀ ခုနစ်ကတည်းက ပထမဆုံး လွတ်လပ်၍ တရားမျှတစွာ ရွေးကောက်တင်မြောက်ခံရသည့် လက်ရှိအစိုးရသည် ဆယ်စုနှစ်များစွာ ခံစားခဲ့ရသော စစ်ပွဲများ၊ ဖိနှိပ်ခံရမှုများနှင့် စီးပွားရေး အလွဲသုံးစား ပြုမှုများ၏ နောက်ဆက်တွဲများကို ရင်ဆိုင်နေရသည်။ ယခုနှစ်အနည်းငယ် အတွင်း ဆက်လက် ရှင်သန်နိုင်ခြင်းသည်ပင် တော်ရုံ စွမ်းဆောင်နိုင်ခြင်း မဟုတ်။ သို့သော် ပိုမို ပူနွေး၊ စိုစွတ်လာမည့် ကမ္ဘာကြီးတွင် ၎င်းတို့၏ အနာဂတ်မှာ မရေရာလှ။


မြန်မာနိုင်ငံကို ဒီမိုကရက်များနှင့် အာဏာရှင်တို့ အားပြိုင်ရာဟု ကာလရှည်ကြာ ရှုမြင်ခဲ့ကြသည်။ သို့သော် ကမ္ဘာတွင် အရှုပ်ထွေးဆုံးသော ပြဿနာများ စုစည်းရာ ယိုင်နဲ့နဲ့ စင်မြင့်ဟု ရှုမြင်ခြင်းသည်က ပို၍ သင့်လျော်မည်။ စစ်ပွဲများ၊ ဖိနှိပ်ခံရမှုများနှင့် အလွန်အမင်း ဆင်းရဲမွဲတေမှုများကို ဆယ်စုနှစ်များစွာ ခါးစည်းခံလာရသည့် နိုင်ငံတစ်ခု အတွက် လွတ်လပ်သော ရွေးကောက်ပွဲများနှင့် လွတ်လပ်သော စျေးကွက် ပြုပြင်ပြောင်းလဲမှုများသည် ဖြေဆေးတစ်ခု ဖြစ်ပါ့မည်လား ဟူသော မေးခွန်းများစွာလည်း ရှိနေသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် အတွေးအမြင်သစ်များ လိုအပ်နေချိန်တွင် မြန်မာနိုင်ငံကို ဖယ်ကျဉ်ခံ အဖြစ် သဘောမထားဘဲ ဆန်းသစ်သော ဖြေရှင်းနည်းများကို အတူတကွ ရှာဖွေနိုင်သည့် ဘူမိနက်သန်ဟု ရှုမြင်သင့်ပါသည်။


ခေတ်သစ်မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်မှုအောက်မှ မွေးဖွားပေါ်ထွန်းလာခဲ့သည်။ ၁၉ ရာစုတစ်လျှောက် ဗြိတိသျှတို့၏ အိန္ဒိယအင်ပါယာကြီးသည် ဘင်္ဂလား ကမ်းရိုးတန်းမှ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်နှင့် ဆက်စပ်နေသော ကုန်းမြင့်ဒေသများ အပါအဝင် မာလာယုကျွန်းဆွယ်ထိ အုပ်စိုးထားခဲ့သည်။ ထိုမှ ဗြိတိသျှဘားမား ဟု အမည်ပေးကာ ကာလကတ္တားမှ အုပ်ချုပ်သည့် ပြည်နယ်တစ်ခု အဖြစ် ဖန်တီးခဲ့သည်။ မြန်မာစကားပြော ဘုရင်များနှင့် ပြည်ထောင်များသည် နှစ်ထောင်ချီ တည်ရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိနယ်နိမိတ်များမှာ သက်တမ်းအားဖြင့် သိပ်မကြာသေးပေ။ ၁၈၈၅ ခုနစ်တွင် နောက်ဆုံးသော မင်းနေပြည် အဆုံးသတ်သွားခဲ့ပြီး ဆက်လာသော “ငြိမ်ဝပ်ပိပြားရေး” လုပ်ဆောင်ချက်များတွင်လည်း လူထောင်သောင်းချီ သေဆုံးခဲ့ရသည်။


မြန်မာနိုင်ငံသည် လူမျိုးရေးအရ အဆင့်ဆင့် တည်ဆောက်ပုံဖြင့် ကြီးပြင်းလာရသည်။ ထိပ်ဆုံးတွင် ဥရောပသားများ (စကော့လူမျိုး အများစု) ရှိနေပြီး ရာထူးဂုဏ်သိန်တို့သည် သွေးသားနှင့် ပထမဆုံး ဆက်စပ်လာခဲ့သည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်းကာလများတွင် အိန္ဒိယတိုက်ကြီးမှ လူသန်းချီကာ မြန်မာနိုင်ငံသို ရွှေ့ပြောင်းလာခဲ့ကြသည်။ တရုတ်လူမျိုးများလည်း ရွှေ့ပြောင်းလာခဲ့ကြပြီး ၁၉၂၀ ပြည့်နှစ်များတွင် ရန်ကုန်မြို့သည် နယူးယောက်မြို့နှင့် အလားတူစွာ ကမ္ဘာ့ထိပ်တန်း ရွှေ့ပြောင်းအခြေချသူများ ဦးတည်ရာမြို့ကြီး ဖြစ်ခဲ့သည်။ ဗြိတိသျှတို့က ဧရာဝတီမြစ်ဝှမ်းဒေသမှ မြန်မာစကားပြောကာ အများအားဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများကို ဗမာ ဟူ၍ လူမျိုးတစ်ခု အဖြစ် အမည်ပေး သတ်မှတ်လိုက်လေသည်။ ကိုလိုနီ အုပ်ချုပ်သူများသည် သူတို့၏ ပြည်နယ်သစ်ရှိ ရှမ်း၊ ကရင်စသည့် ဒါဇင်ချီသည့် အခြားသော ပြည်သူများစွာနှင့် ပိုမိုရင်းနှီးလာသည်နှင့်အမျှ လူမျိုးဇာစ်မြစ်များ အကြောင်း ယူဆချက်များကို ရေးသားခဲ့ကြသည်။ လူမျိုးရေး ကွဲပြားမှုများ ဆိုင်ရာ သဘောတရားများကို အချောသပ်ခဲ့ကြသည်။ လူမျိုးများကို ဌာနေတိုင်းရင်းသားများ သို့မဟုတ် ပြင်ပမှ လာသူများ အဖြစ် အမျိုးအစား ခွဲခြားသတ်မှတ်ခဲ့သည်။


ခေတ်သစ် နိုင်ငံရေးပါတီများသည် မိမိတို့နိုင်ငံသည် ထူးခြားမှုများ ရှိသောကြောင့် အိန္ဒိယနိုင်ငံမှ ခွဲထွက်ခွင့်ကို အရေးဆိုခဲ့ကြသည့် လွန်ခဲ့သော နှစ်တစ်ရာခန့်က ပေါ်ပေါက်လာခဲ့ကြသည်။ အချို့ကလည်း အမြတ်ထုတ်လွန်းလှသည့် နိုင်ငံရေးနှင့် ဆက်စပ်နေသော စီးပွားရေးစနစ်ကို ဆန့်ကျင်ရေး အတွက် လှုံ့ဆော်စည်းရှုံးကြသည်။ ဂျော့ဂျ်အိုဝယ်လ်ကပင် “ကျွန်ုပ်တို့ အမှန်အတိုင်း ဆိုရလျှင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို အရှက်မရှိ၊ အားမနာတမ်း အမြတ်ထုတ်နေကြသည်။” ဟု ရေးသားခဲ့သေးသည်။ လန်ဒန်နှင့် ဂလက်စ်ဂိုရှိ စီးပွားရေးလုပ်ငန်းများသည် မြန်မာဆန်စပါး၊ ဆီနှင့် ကျွန်းသစ်များကို တင်ပို့ရောင်းချခြင်းဖြင့် အမြတ်အစွန်းများစွာ ရရှိနေခဲ့သော်လည်း ၁၉၂၀ ပြည့်နှစ်များက သာမန်ပြည်သူများသည် ဆင်းရဲမွဲတေနေခဲ့သည်။ ၁၉၃၇ ခုနစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှအိန္ဒိယ လက်အောက်မှ ခွဲထွက်ခဲ့သည်။ နောင်ဆယ်နှစ်အကြာတွင် ဘာသာရေး ကွဲပြားမှုများပေါ် အခြေခံကာ ပါကစ္စတန်နိုင်ငံ ဖြစ်ပေါ်လာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း လူမျိုးရေး ကွဲပြားသည် ဆိုသည့် အထင်အပေါ် အခြေခံကာ နိုင်ငံရေးရပ်ဝန်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။


၁၉၄၈ ခုနစ်တွင် လွတ်လပ်ရေး ရသောအခါ မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် ယိုယွင်းပျက်စီးမှုများစွားနှင့် ကျန်ရစ်ခဲ့သည်။ အိန္ဒိယနိုင်ငံမှ ခွဲထွက်ခြင်းကြောင့် အားနည်းနေသော အုပ်ချုပ်ရေး၊ လူမျိုးရေး အတွေးအခေါ်နှင့် လက်ဝဲဝါဒီများ ကြီးစိုးသည့် နိုင်ငံရေးရပ်ဝန်း ဟူသည့် နောက်ဆက်တွဲအမွေ ၃ ခု ရရှိခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေးသည် ဝေးလံခေါင်သီသော ဒေသများထိ မရောက်ရှိခဲ့သဖြင့် ယခုအခါ အုပ်ချုပ်ရေးသည် အစိတ်စိတ် အမြွာမြွာ ဖြစ်နေခဲ့သည်။ စက်မှုလုပ်ငန်းများ အမြန်တည်ဆောက်ရေး စီမံကန်းများနှင့် ဆိုရှယ်လစ် အတွေးအခေါ်များ အားကောင်းလာနေသည်။ ဆိုရှယ်လစ်တို့၏ အဓိကပြိုင်ဖက်များမှာ ကွန်မြူနစ်များ ဖြစ်ပြီး ကနဦးက အာဏာရရန် ကြိုးပမ်းကာ မအောင်မြင်သောအခါ လက်နက်ကိုင်ကာ အပြင်းအထန် တော်လှန်ခဲ့ကြသူများ ဖြစ်သည်။ ထိုမှ စစ်ပွဲများသည်လည်း ဘယ်သောအခါမှ မဆုံးတော့ချေ။ ၁၉၄၁ ခုနစ် ခရစ်စမတ်နေ့က ရန်ကုန်မြို့ကို ဂျပန်တို့ ဗုံးကြဲသည်မှ စကာ ယနေ့ခေတ်ထိ မြန်မာပြည်သည် ငြိမ်းချမ်းရေး မရရှိခဲ့။ တောင်တန်းဒေသများတွင် လူနည်းစု ရပ်ရွာများသည် သူတို့၏ ကိုယ်ပိုင် စစ်တပ်များ၊ လက်နက်ကိုင်တပ်များ ဖွဲ့စည်းကာ မိမိကိုယ်ကို ကာကွယ်ရန် ကြိုးစားကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးကို တောင်းဆိုကြသည်။ ယနေ့ခေတ်တွင် ကွန်မြူနစ် လက်နက်ကိုင်များ မရှိတော့သော်လည်း လက်နက်ခဲယမ်း အစုံအလင် တပ်ဆင်ထားသည့် အင်အား ၂၀၀၀၀ ကျော်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂ ဒါဇင်မက ရှိနေသည်။ လက်နက်ကိုင် အဖွဲ့ငယ်များလည်း ရာချီ ရှိသည်။ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံးသော ဤစစ်ပွဲများတွင် သေဆုံးသူ မည်ရွေ့မည်မျှ ရှိသည်ဟုလည်း မသိရ။ သေဆုံးသူ ငါးသိန်းထက်မနည်း ရှိနိုင်သလို လူသန်းချီကာ အိုးအိမ်မဲ့၊ အခြေမဲ့ ဖြစ်ရသည်။ ၁၉၆၀ ပြည့်နှစ်များတွင် စစ်တပ်ဦးဆောင်သော အုပ်ချုပ်သူများက စီးပွားရေး လုပ်ငန်းကြီးများကို ပြည်သူပိုင်ပြုကာ ကမ္ဘာစျေးကွက်များနှင့် အဆက်အသွယ် ဖြတ်ပြီး “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကို စတင်ခဲ့ပြန်သည်။ ထိုအခါ အိန္ဒိယလူမျိုး ထောင်သောင်းချီကာ မြန်မာနိုင်ငံကို စွန့်ခွာသွားခဲ့ကြသည်။ ၁၉၈၀ ပြည့်နှစ်များကို ရောက်သောအခါ စီးပွားရေး အခြေအနေ ဆုတ်ယုတ်သွားပြီး လူမျိုးရေးစိတ်ဓါတ်များ တက်ကြွလာပြန်သည်။ တိုင်းရင်းသား သို့မဟုတ် အမျိုးသားလူမျိုးများ ဟူသည့် အတွေးအခေါ်က ပြန့်ပွားလာသည်။ လူများစုဖြစ်သည့် မြန်မာလူမျိုးများ ကြီးစိုးသည့် အုပ်ချုပ်မှု စနစ်တွင်းသို့ ရှမ်း၊ ကရင်ကဲ့သို့သော တိုင်းရင်းသားများကို သွတ်သွင်းခဲ့သည်။ အိန္ဒိယ သို့မဟုတ် တရုတ်လူမျိုးတို့၏ အဆက်အနွယ်များသည် ဧည့်သည်များ အဖြစ် နေထိုင်ခွင့် ရရှိကြသည်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ဘင်္ဂလီဒေသခံ ဘာသာစကားပြောပြီး မိမိကိုယ်ကို “ရိုဟင်ဂျာ” ဟု ခေါ်ဝေါ်ကြသူ မူဆလင်များသည် အရေးပေး ထည့်သွင်းစဉ်းစားခြင်း မခံရပေ။ ထပ်ဖန်တလဲလဲ “တရားမဝင် ခိုးဝင်လာသူများကို နှိမ်နင်းရေး” စစ်ဆင်ရေးများနှင့်သာ ကြုံရသည်။


၁၉၉၀ ပြည့်နှစ်များသို့ ရောက်လာသောအခါ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် စမ်းသပ်မှုသည် မအောင်မြင်သဖြင့် အရင်းရှင်စနစ် ပြန်လည် အသက်ဝင်လာခဲ့သည်။ ရာစုနှစ်၏ နောက်ဆုံးပိုင်းတွင်မူ ရက်စက်သည့် စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့၏ ဒီမိုကရေစီတိုက်ပွဲကို ပုံဖော်ခဲ့ကြသည်။ နိုင်ငံ၏ နိုင့်ထက်စီးနင်း ပြုတတ်သော၊ နိုင်ငံရေးနှင့် ဆက်နွယ်နေသည့်၊ ထူးခြားသော စီးပွားရေးစနစ်ကိုမူ လူသိနည်းကြသည်။ အရေးအခင်း မအောင်မြင်ပြီးနောက် ၁၉၈၉ ခုနစ်တွင် ဖြစ်စဉ် ၅ ခု တစ်ပြိုင်နက်တည်း ဖြစ်လာခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို လွတ်လပ်သော စျေးကွက်စီးပွားရေး မူဝါဒများဖြင့် အစားထိုးခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လက်နက်ကိုင်များလည်း ပြိုလဲသွားကာ ၎င်းတို့၏ အင်အားများသည် လက်နက်ကိုင် တပ်ဖွဲ့သစ်များ ဖြစ်လာသည်။ ထိုလက်နက်ကိုင် တပ်ဖွဲ့သစ်များ၏ ခေါင်းဆောင်များကို စီးပွားရေးရာများကို ပိုမို အလေးထားရန် အားပေးကာ ၎င်းတို့၏ ခေါင်းဆောင်များနှင့် စစ်အစိုးရတို့ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်နိုင်ခဲ့သည်။ တရုတ်နယ်စပ်သည်လည်း လုံးဝပွင့်သွားခဲ့သည်။


ထိုတွင် ဖြစ်တည်လာသော အရင်းရှင်စနစ်သည် ပြင်းထန်သည့် အနောက်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် အသွင်ကူးပြောင်းသွားတော့သည်။ ဘိန်းဖြူထုတ်လုပ်ရေးနှင့် မြန်မာနိုင်ငံ၏ သစ်တောရိုင်းများသည်သာ ချမ်းသာရေး လမ်းစဉ် ဖြစ်လာသည်။ မြေဧက သန်းချီကာ ရွာသားများထံမှ သိမ်းယူလိုက်ပြီး မှောင်ခိုကုန်သည်ဟောင်းများ၊ လက်နက်ကိုင် ခေါင်းဆောင်များနှင့် စစ်ဗိုလ်ချုပ်များ၏ ခရိုနီများထံ ငှားရမ်းခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ခဲ့ပြီး ယခုအခါ ထိုသူများသည် အမျိုးသား စွန့်ဦးတီထွင်သူ၊ ထိပ်တန်း စီးပွားရေးသမားများ ဖြစ်လာကြသည်။ ၂၀၀၀ ပြည့်နှစ်များတွင် သတ္တုတူးဖော်ခြင်း၊ တရုတ်နိုင်ငံသို့ ကျောက်စိမ်း တင်ပို့ရောင်းချခြင်း တို့ဖြင့် ဒေါ်လာဘီလီယံချီကာ အမြတ်အစွန်းများ ရရှိခဲ့ကြသည်။ ထိုအမြတ်အစွန်း အများစုမှာ နိုင်ငံခြားသို့ ရောက်သွားပြီး ကျန်ရှိသည့် အမြတ်အစွန်း အနည်းငယ်မှာ ပေါ်ထွန်းလာသည့် လူကုံထံ အသိုင်းအဝိုင်း အတွက် အကျိုးဖြစ်ခဲ့သည်။ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများတွင် အဆင်သင့်စွာ မပါဝင်သော နိုင်ငံတကာ ရေနံကုမ္ပဏီများသည် အမြတ်အစွန်းများကို စစ်တပ်နှင့် ၎င်း၏ စီးပွားဖက်များနှင့် ဝေမျှကာ ကမ်းလွန်ရေနံလုပ်ငန်းများကို တည်ထောင်နိုင်ခဲ့ကြသည်။ အိမ်ခြံမြေစျေးများမှာ အလွန်အမင်း တိုးတက်လာခဲ့သည်။ ကိုလိုနီခေတ်တည်းကပင် မမြင်ဖူးသည့် အချိုးအဆများဖြင့် ဆင်းရဲချမ်းသာ ကွာဟမှုများ ဖြစ်လာသည်။ အုတ်တံတိုင်းကြီးများဖြင့် ကာရံထားသည့် ဂေါက်ကွင်းများ၊ ဇိမ်ခံအပန်းဖြေစင်တာများနှင့် ဒေါ်လာသန်းချီ တန်ဖိုးရှိ အဆင့်မြင့် အိမ်ကြီးများသည် ရေပိုက်မရှိ၊ လျှပ်စစ်မီးမရှိ၊ ရောဂါဘယ ပေါကြွယ်ဝသည့် ဆင်းရဲသားရပ်ကွက်များနှင့် ဘေးချင်းယှဉ် တည်ရှိခဲ့ကြသည်။ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် နိုင်ငံတကာ ကူညီထောက်ပံ့မှုများသည်လည်း မရှိသလောက်ပင် ဖြစ်သည်။


မသမာနည်းနှင့် စီးပွားရှာခြင်း၊ ပွဲခကိုသာ အညွန့်ခူးစားသည့် တစ်ဆင့်ခံ ကွန်ယက်များသည် အခိုင်အမာ ရှိသော အဖွဲ့အစည်းများထက်ပင် ခိုင်မာလာသည်။ မည်သူကမှလဲ အခွန်မဆောင်ကြ။ မြန်မာနိုင်ငံသည် အတင်းအကြပ် စုစည်းထားသောကြောင့် တည်မြဲနေခြင်း မဟုတ်ဘဲ မြန်မြန်ချမ်းသာစေသည့် ငွေဖြစ်နည်းများကြောင့် တည်မြဲခြင်းက ပိုပုံရသည်။

တစ်ချိန်တည်းမှာပင် မျိုးဆက်သစ်တစ်ခုသည် တိုင်းရင်းသား ဟူသည့် အတွေးအခေါ်များနှင့် အထိန်းအကွပ်မဲ့နေသော အမျိုးသားရေး အမြင်ကျဉ်းများ အကြား ပညာသင်ကြားရကာ လူလားမြောက်လာကြသည်။


၂၀၀၀ ပြည့်နှစ်များတွင် နိုင်ငံရပ်ခြားမှ လူအနည်းငယ်ကသာ မြန်မာနိုင်ငံ ပြောင်းလဲလာနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။ ပြောင်းလဲမှုများ ဖြစ်လာသော အခါတွင်လည်း အံ့အားသင့်စရာ ကောင်းစွာ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းသွားမည်၊ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့်သာ ဤသို့ ပြောင်းလဲလေသည်၊ သို့မဟုတ် တရုတ်နိုင်ငံ၏ လက်အောက်မှ ရုန်းထွက်နိုင်ရန် စစ်ဗိုလ်ချုပ်များက လိုလားသောကြောင့် ဖြစ်သည် စသဖြင့် ရှုမြင်ကြသည်။ အမှန်တကယ်တွင်မူ ထိုအထင်များထက် များစွာ ရိုးစင်းလေသည်။ ထိုပြောင်းလဲမှုများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အငြိမ်းစားယူရေး စီမံကိန်းသာ ဖြစ်သည်။


အသက် ၈၀ အရွယ် ရောက်ချိန်တွင် သူသည် နောက်ထပ် အင်အားတောင့်တင်းသော ခေါင်းဆောင်တစ်ဦးထဲထံ အာဏာမလွှဲအပ်လိုသောကြောင့် အာဏာကို ခွဲဝေကာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ဖြင့် ချုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိပ်တန်းစစ်ဗိုလ်ချုပ်များ အားလုံးကို အနားပေးလိုက်ကာ အချို့ကိုသာ ရာထူးအသစ်သို့ ရွှေ့ပြောင်းပေးလိုက်သည်။ စစ်တပ်မှ အရာရှိမျိုးဆက်သစ် တစ်ခုကို ရာထူးတိုးပေးလိုက်သည်။ ဤစနစ်သစ်သည် တစ်ပိုင်းတစ်စ ဒီမိုကရေစီ ဖြစ်ပြီး လွှတ်တော်ထဲတွင် အမတ်ဦးရေ၏ လေးပုံတစ်ပုံကို တပ်မတော်သား ကိုယ်စားလှယ်များ အတွက် ဖယ်ထားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးနှင့် ပြည်ထဲရေး ဝန်ကြီး (ရဲတပ်ဖွဲ့ကို ထိန်းချုပ်သည်။) နေရာများတွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်များကိုသာ ခန့်အပ်နိုင်သည်။ အန်အယ်ဒီနှင့် အနောက်နိုင်ငံများမှ အစိုးရများက ထိုဖွဲ့စည်းပုံ အခြေခံဥပဒေသစ်သည် စစ်တပ်က ဆက်လက်အုပ်ချုပ်နိုင်ရန် ဟန်ပြရုံသာ ဖြစ်သည်ဟူ၍ လက်မခံကြပေ။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဂရုမစိုက်။ အန်အယ်ဒီက သပိတ်မှောက်ပြီး ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲတွင် မပါဝင်သောအခါ သူ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ် အနိုင်ရအောင် လုပ်ဆောင်ခဲ့သည်။ ၂၀၁၁ ခုနစ် အစောပိုင်းတွင် သူသည် ကာကွယ်ရေးဦးစီးချုပ် အဖြစ်မှ အငြိမ်းစားယူကာ စစ်အစိုးရ အုပ်ချုပ်ရေးကို အပြီးသတ်လိုက်သည်။ ယခုအခါ သူသည် သက်တောင့်သက်သာ အငြိမ်းစား အဖြစ်သာ နေထိုင်တော့သည်။


ပြုပြင်ပြောင်းလဲရေးကို လိုလားသည် စစ်ဗိုလ်ချုပ်ဟောင်းများက ရှေ့တန်းသို့ ရောက်ရှိလာခဲ့သည်။ သမ္မတသက်တမ်း၏ ပထမဆုံးနှစ်အတွင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် နိုင်ငံရေး အကျဉ်းသားများ အားလုံးနီးပါးကို လွှတ်ပေးခြင်း၊ စာပေစိစစ်ရေးကို ဖျက်သိမ်းခြင်း၊ အင်တာနက် ကန့်သတ်မှု အားလုံးကို ဖြေလျော့ခြင်း၊ အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းနိုင်ရန် ဥပဒေ ပြဌာန်းခြင်းနှင့် နိုင်ငံရေးနှင့် ဆက်စပ်နေသော စီးပွားရေးများကို စစ်တပ်၏ ထိန်းချုပ်မှုအောက်မှ ဝေးအောင် ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သစ်ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဤသည်မှာ မူလက ဖန်တီးထားသည့် ဇာတ်ညွှန်း မဟုတ်ပေ။ ဦးသိန်းစိန်ကို အခြားသော ဗိုလ်ချုပ်ဟောင်းများနှင့် အကြံပေးများက ဝိုင်းဝန်းလမ်းညွှန်ကြခြင်း ဖြစ်သည်။ မတူညီသော လှုံ့ဆော်မှုများကလည်း ရှိနေခဲ့ကြသည်။ ဒီမိုကရေစီ အစိုးရအဖွဲ့သည် မည်သို့ လုပ်ငန်းတာဝန်များ လုပ်ဆောင်ကြောင်း ပြုပြင်ပြောင်းလဲရေး ဝန်ကြီးများ နားလည်နိုင်စေရန် အကြံပေးတစ်ဦးက “West Wings” ဟူသည့် အမေရိကန်ရုပ်သံ ဇာတ်လမ်းတွဲ တစ်ခုကို မှာယူပေးခဲ့သေးသည်။


၂၀၁၁ ခုနစ်နှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာနိုင်ရေး အတွက် ပထမဆုံး ခြေလှမ်း ဖြစ်တန်ကောင်းသည်ဟု မျှော်လင့်ချက်ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို လက်ခံခဲ့ပြီး သမိုင်းဝင် လိုက်လျောမှု တစ်ရပ် ဖြစ်လာခဲ့သည်။ နက္ခတ်စုံချိန် ဖြစ်သည့်အလား ဝါရှင်တန်က တရုတ်ကို မျက်ချေမပြတ်ရေး အတွက် မြန်မာဗိုလ်ချုပ်များနှင့် ဆက်ဆံရေး တည်ထောင်လိုချိန်တွင် မြန်မာဗိုလ်ချုပ်များ၏ လုပ်ဆောင်ချက်များသည် ထိုသို့ဆက်ဆံရေး တည်ထောင်ရန် အကြောင်းခိုင်လုံသွားခဲ့သည်။ စီးပွားရေး ပိတ်ဆို့မှုများကို အမြန်ပင် ဖြေလျှော့ကာ ဆက်သွယ်ရေးလုပ်ငန်းများထံ ဒေါ်လာဘီလီယံချီသော ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့်လဲ ယနေ့အခါ အာရှတိုက်တွင် အမြန်ဆုံးသော အင်တာနက်နှုန်းများ သုံးစွဲနိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနစ်မှ ၂၀၁၅ ခုနစ် အတွင်း မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း သုံးစွဲမှုနှုန်း ၇ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းသို့ တရှိန်ထိုး တိုးတက်သွားခဲ့သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ယခုအခါ Facebook ပေါ်တွင် တိုက်ရိုက်ကြည့်ရှုနိုင်ပြီ ဖြစ်သည်။


များမကြာမီတွင် ပြုပြင်ပြောင်းလဲမှု တွန်းအားသည် အရှိန်အဟုန် လျော့နည်းသွားခဲ့သည်။ ကိုယ်ကျိုးစီးပွား အရေးကိစ္စများ ကြားဖြတ်ဝင်လာသကဲ့သို့ ထိပ်တန်းအလွှာအတွင်း အငြင်းပွားမှုများ အပြင်သို့ ပေါက်ကြားလာခဲ့သည်။ သို့သော်လည် ကနဦးက အရှိန်နှင့် အနောက်နိုင်ငံများ၏ အားပေးမှု၊ လက်ရှိအာဏာရပါတီက မိမိတို့လည်း အခြေအနေ မဆိုးလှဟု တွေးမြင်မှုများကြောင့် ၂၀၁၅ ခုနစ်တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့သည်။ ရလာဒ်မှာမူ ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်ဒီက အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ စစ်တပ်သည်လည်း ရလာဒ်များကို လေးစားသမှုဖြင့် လက်ခံကာ အစိုးရအဖွဲ့ဟောင်းသည် အစိုးရအဖွဲ့သစ်ထံသို့ အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးခဲ့သည်။ အပြင်က ကြည့်လျှင် ဤအကူးအပြောင်းသည် ကောင်းလွန်းလှ၍ ဟုတ်မှဟုတ်ရဲ့လားဟု သံသယ ဖြစ်စရာပင်။ တကယ်လည်း ထိုသံသယများက အကောင်အထည် ပေါ်လာခဲ့လေသည်။


အတွင်းတွင်တော့ ဆယ်စုနှစ်များစွာ ဖြစ်တည်လာခဲ့သော ပြဿနာများက အရှိန်ယူနေလေပြီ။ ၂၀၁၁ ခုနစ်တွင် စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထဲမှ အင်အားကြီးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အို) တို့ အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲခြင်း ပျက်ပြားသွားခဲ့ပြီး တရုတ်နိုင်ငံနယ်စပ် တစ်လျှောက်ရှိ ခရီးလမ်းကြမ်းတမ်းသော တောင်တန်းဒေသများတွင် တိုက်ပွဲများ လနှင့်ချီ ဖြစ်ပွားခဲ့သည်။ ပြည်သူ တစ်သိန်းကျော်လည်း ၎င်းတို့၏ ရပ်ရွာများကို စွန့်ခွာထွက်ပြေးကြရသည်။ ၂၀၁၂ ခုနစ်တွင် ရခိုင်ပြည်နယ်ရှိ မူဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ပဋိပက္ခများ ဖြစ်ပွားကာ နောင်တစ်နှစ်အတွင်း နိုင်ငံ၏ အခြားသော ဒေသများသို့ပါ ပျံ့နှံ့သွားခဲ့သည်။ ကိုလိုနီခေတ်ကာလများကပင် လူထုဆူပူအုံကြွမှုများ ဖြစ်လေ့ ရှိသော်လည်း ယခုတွင်မူ ချက်ချင်းစာပေးပို့နိုင်ခြင်း၊ နိုင်ငံရေးသမားတို့ကလဲ နိုင်ငံရေးလောကတွင် အသာစီးရလိုစိတ်ဖြင့် ချယ်လှယ်ကြခြင်းများကလဲ ပဋိပက္ခများကို ပိုမိုရှုပ်ထွေးစေသည်။ လူရာချီ သေဆုံးကာ လူ ၁၂၀၀၀၀ ကျော် (အများစုမှာ မူဆလင်များ ဖြစ်သည်) သည်လည်း အိုးအိမ်မဲ့ ဖြစ်ရသည်။


မြန်မာလူမှုကွန်ယက် ပိုမိုတွင်ကျယ်လာသည်နှင့် အတူ ရာစုနှစ်တစ်ခုစာ သက်တမ်းရှိ အိန္ဒိယမျိုးဆက်များကို မနှစ်မြို့မှု၊ ချဲ့ထွင်နေသည့် အစ္စလာမ်ဘာသာ ကိုးကွယ်သော နိုင်ငံကြီးများ အကြားတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သော မြန်မာနိုင်ငံသည် ကြားညှပ်တော့မည် ဟူသော အမြင်၊ Facebook ပေါ်တွင် အယ်လ်ကိုင်ဒါနှင့် ISIS တို့၏ အကြမ်းဖက်ပုံများကို နေ့စဉ်မြင်နေရခြင်းတို့ ပေါင်းစပ်လိုက်သော အခါတွင် အစ္စလာမ် အစွန်းရောက် အန္တရာယ် ဟူသော အတွေးအခေါ်များလည်း ပိုမိုပျံ့နှံ့လာခဲ့သည်။


အမျိုးသားရေးဝါဒလဲ ဦးမော့လာသည်။ မြန်မာလူမျိုး လူများစုတို့အဖို့ အမျိုးသားရေးသည် ကိုယ့်ထီးကိုယ့်နန်းနှင့် ခမ်းနားခဲ့သည်ဟူသော စိတ်ကူး၊ ကိုလိုနီလက်အောက် ရောက်ခဲ့ရသည်ကို ရှက်ရွံစိတ်၊ တိုင်းရင်းသား လူမျိုးများကို ကာကွယ်ရမည်ဟူသော အစွဲနှင့် မိမိတို့ ရိုးရာတန်ဖိုးများကို အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်ကြသည် ဟူသော အမြင်တို့ ပါဝင်နေခဲ့သည်။ ရှမ်းနှင့် ကရင်တို့ကဲ့သို့ လူနည်းစု လူမျိုးများကမူ စစ်တပ်ဦးဆောင်သည့် မြန်မာတို့၏ လူမျိုးရေး ခွဲခြားမှုက ပြဿနာဟု ရှုမြင်ကြသည်။


သို့သော် နှစ်ဖက်လုံး၏ စိတ်ဝမ်းထဲတွင် ကိုလိုနီခေတ်က အတွေးအမြင် ဖြစ်သည့် လူသားတိုင်းသည် မပြောင်းလဲနိုင်သည့် ဇီဝမျိုးနွယ် တစ်ခုခုတွင် ပါဝင်ပြီး အချို့သည် ဤနိုင်ငံနှင့် သက်ဆိုင်ပြီး အခြားသူများသည် မသက်ဆိုင် ဟူသော အမြင် ရှိနေပြန်သည်။ ဗြိတိသျှတို့က မြန်မာနိုင်ငံကို လူမျိုးရေး မတည်ငြိမ်သည့်ဇုန်ဟု ခပ်နှိမ်နှိမ် ဆိုခဲ့ကြဖူးသည်။ ယနေ့ခေတ်တွင်မူ ထိုသို့ ဒေသခံများ၏ သရုပ်လက္ခဏာ ပျော့ပျောင်းပြောင်းလဲလွယ်မှုကို အလေးမထားကြပေ။ ထိုမျှမကဘဲ ယခုအခါ သရုပ်လက္ခဏာ အခြေပြု စည်းရုံးလှုံ့ဆော်ရေးများကို မကြုံစဖူး ကြီးမားလှသော အတိုင်းအတာနှင့် တွေ့နေရသည်။


ထိုသို့သရုပ်လက္ခဏာကို အာရုံစိုက်နေခြင်းသည် လူမျိုး၊ ဘာသာဟူသည့် နယ်စည်းများ အားလုံးကို ကျော်ဖြတ်ကာ ဖြစ်ပေါ်နေသည့် ဆင်းရဲချမ်းသာ မညီမျှမှုကို ဖုံးကွယ်နေသည်။ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံသည် ကျန်းမာရေး စောင့်ရှောက်မှု မရှိ၊ ပညာသင်ကြား၍ မရဘဲ အလွန်အမင်း ဆင်းရဲတွင်းထဲတွင် ရှင်သန်နေရသည်။ သန်းချီသော ရွာသားများသည်လည်း မြေယာမဲ့နေကြပြီး အလုပ်အကိုင် ရရှိရေး အတွက် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနေရသူများလည်း သန်းချီ ရှိနေသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း လူဦးရေ၏ တစ်စိတ်တစ်ဒေသသည် ဝင်ငွေတိုးမြင့်လာသည်ကို ကြုံရသော်လည်း ယခင်က အေးချမ်းလုံခြုံသော ကျေးရွာနေထိုင်မှုပုံစံမှ မြို့ကြီးများတွင် အဆင်ပြေသလို အလုပ်အကိုင် လုပ်ကိုင်နေရခြင်း​ကြောင့် အတန်အသင့် ပြည့်စုံသူများပင် စိုးရိမ်ပူပန်စိတ် များရသည်။ လူမှုရေး အသုံးစရိတ်က အင်မတန် နည်းပါးသည့်ကာလ ဖြစ်၍ ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိက ဆေးရုံများ ပေါ်ပေါက်လာသော်လည်း လူများစု လက်လှမ်းမီနိုင်သည့် နေရာတွင် မရှိနေ။ ထို့ပြင် ဆက်သွယ်ရေး စနစ် တော်လှန်ရေးကြောင့် အဆင်းရဲဆုံးသောသူများပင် မိမိတို့ မရနိုင်သည့် ပြည့်စုံသော ဘဝများကို Facebook ပေါ်တွင် အမြဲတစေ မြင်နေကြရသည်။


ဤမျှ ရှုပ်ထွေးနေသော အနေအထားတွင် တရုတ်နိုင်ငံ၏ လက်တံရှည်ကြီးများကလဲ နေရာတကာ မြင်နေရသည်။ ၂၀၁၀ ခုနစ် အစောပိုင်းက မြန်မာနိုင်ငံသည် အနောက်နိုင်ငံများကို ကြိုဆိုနေချိန်တွင် တရုတ်နိုင်ငံသည် သံတမန်ရေးရာ နောက်ကောက်ကျခဲ့သည်။ သို့ရာတွင် တရုတ်နိုင်ငံ၏ စီးပွားရေး အရိပ်ကြီးမှာမူ ပို၍သာ လွှမ်းမိုးလာခဲ့သည်။ ၂၀၀၈ ခုနစ် ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်သည့် ဘေကျင်း၏ ဒေါ်လာ ၁၂၀ ဘီလီယံ တန်ဖိုးရှိ စီမံကိန်းသည် တရုတ်နိုင်ငံတွင်းရှိ ဆင်းရဲသော ပြည်နယ်များ၏ စီးပွားရေးတိုးတက်မှု အတွက် ရည်ရွယ်ခဲ့သည်။ ထိုအထဲတွင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ယူနန်ပြည်နယ်လဲ ပါဝင်ပြီး ရှားပါးသည့် သတ္တုတွင်းထွက်များမှ သတို့သမီး အဖြစ် ရောင်းချနိုင်သည့် အမျိုးသမီးများအထိ မြန်မာနိုင်ငံမှ ရှိသမျှသော ကုန်စည်များကို သိမ်းကြုံးဝယ်ယူကြတော့သည်။ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများမှ လက်ကိုင်ဖုန်းများထိ စျေးသက်သာသည့် တရုတ်ကုန်စည် အမျိုးမျိုးသည်လည်း မြန်မာစျေးကွက်ထဲသို့ ပုံအောဝင်လာကြသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် နယ်နိမိတ် ထိစပ်နေသော ဒေသများမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း မပါမဖြစ် ဖြစ်လာသည်။


မူးယစ်ဆေးဝါးများလည်း ရောထွေးပါဝင်နေသေးသည်။ ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် မှုခင်းရေးရာရုံးက မြန်မာနိုင်ငံ အတွင်းနှင့် အနီးအနားရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများသည် ဒေါ်လာ ၅၀ ဘီလီယံမက တန်ကြေးရှိသည်ဟု ခန့်မှန်းသည်။ ထိုမှ အရပ်ရပ်မှ စျေးကွက်များသို့ တင်ပို့ခြင်းကို ထိန်းချုပ်သည့် တရုတ်တိုင်းရင်းသား မှောင်ခိုဂိုဏ်းကြီးလည်း ရှိနေသည်ဟု ဆိုသည်။ လက်နက်ကိုင်များ အုပ်စိုးသော ဒေသများတွင် ငွေပမာဏ အများအပြားကို ခဝါချနိုင်မည့် လောင်းကစားရုံများစွာလည်း ရှိနေသေးသည်။ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ၎င်းတို့၏ ပြိုင်ဖက် လက်နက်ကိုင်တပ်ပိုင် လောင်းကစားရုံကို ဝင်ရောက်လုယက်ရာ တစ်ချီတည်းနှင့် ငွေတိုက်တစ်ခုထဲမှ ဒေါ်လာ သန်း ၇၀ ခန့် ငွေသားများ ယူဆောင်သွားနိုင်ခဲ့သည်။


၂၀၁၆ ခုနစ်သို့ ရောက်သောအခါ ဒေါ်အောင်ဆန်းစုကြည်သည် ခိုင်ခိုင်မာမာ အာဏာရှိနေသည်ကို မြင်ရသည်။ အမှန်တကယ်လဲ အရေးအရာ အတော်များများတွင် သူမ သြဇာညောင်းသည်။ စစ်တပ်မှ ဗိုလ်ချုပ်များကမူ လုံခြုံရေးနှင့် ပတ်သက်သော အရေးအရာ အားလုံးတွင် ကြီးစိုးကြသည်။ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှ ဗဟိုဘဏ်နှင့် နိုင်ငံ၏ ၁၅ ဘီလီယံဒေါ်လာ တန်ဖိုးရှိ နိုင်ငံတော်၏ ဘတ်ဂျက်အထိ အရေးကိစ္စ အဝဝကို သူမ ထိန်းချုပ်နိုင်ခဲ့သည်။ အများပြည်သူကလည်း တခဲနက် ထောက်ခံကြသည်။ သို့သော်လည်း သူမနှင့် ယုံကြည်အားကိုးရသော လက်ထောက်များသည် အစိုးရ အဖွဲ့အစည်းများ၏ စည်းမျဉ်းထိန်းသိမ်းနိုင်စွမ်းနှင့် ပြုပြင်ပြောင်းလဲနိုင်စွမ်းထက် စွမ်းအားကြီးသည့် မသမာမှုများနှင့် ရောယှက်နေသော ဗျူရိုကရေစီစနစ်ကိုသာ အမှီသဟဲ ပြုနေရသည်။ ထို့ပြင် မိမိတို့ကို လုပ်ကြံရန် အစီအစဉ်များ ရှိလေသလား ဟူသော အထင်များလည်း ရှိနေခဲ့သည်။ အန်အယ်ဒီက အစိုးရ အရာရှိများ၊ အခြားသူများနှင့် စစ်တပ်တို့က ပူးပေါင်းကာ မိမိတို့ကို အားနည်းအောင် ထိုးနှက်ပြီး နှင်ထုတ်ရန် ကြိုးပမ်းမည်လားဟု သံသယ ရှိသည်။ စစ်တပ်ကလဲ အနောက်နိုင်ငံများနှင့် အန်အယ်ဒီတို့ ပူးပေါင်းကာ သူတို့၏ လက်ကျန်အာဏာကို အပြီးသတ် ရှင်းထုတ်မည်လားဟု သံသယ ရှိသည်။


ထိုအချိန်မှာပင် အာရကန် ရိုဟင်ဂျာ လွတ်မြောက်ရေး တပ်မတော် ခေါ် ARSA သည် ပေါ်ထွက်လာပြီး ကင်းလှည့်နေသည့် စစ်တပ်များကို ဝင်ရောက်တိုက်ခိုက်သည်။ ထိုမှ ဆက်လက်ဖြစ်ပွားသော တိုက်ခိုက်မှုများကြောင့် လူဦးရေ ၇၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးရပြန်သည်။ မျှော်လင့်ချက် ကင်းမဲ့ပြီး အမျက်ထွက်နေသော လူအုပ်စုများမှ တိုက်ခိုက်သူများကို စည်းရုံးနိုင်ခဲ့သော ဆော်ဒီနိုင်ငံပြန် ရိုဟင်ဂျာတစ်ဦးသည် ARSA ကို ဦးဆောင်သည်။ ၂၀၁၇ ခုနစ် ဩဂုတ်လတွင် ARSA သည် ဒါဇင်နှင့်ချီသော ရဲကင်းများနှင့် စစ်တပ်စခန်း တစ်ခုကို ဝင်ရောက် တိုက်ခိုက်သောအခါ စစ်တပ်ကလည်း မညှာတမ်း တန်ပြန်တိုက်စစ်ဆင်ခဲ့သဖြင့် လူဦးရေ ရာထောင်ချီ သေဆုံးကာ၊ ကျေးရွာများစွာလည်း မီးတိုက်ခံရသည့် အပြင် ကျန်ရစ်သူ လူသိန်းကျော်လည်း နတ်မြစ်ကို ကူးဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးကြရသည်။


လွန်ခဲ့သောနှစ်က မြန်မာတို့၏ ကြီးစိုးမှုမှ ဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများကို ကာကွယ်ရမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် လက်နက်ကိုင် အဖွဲ့အစည်းသစ် တစ်ခုဖြစ်သည့် ရခိုင်တပ်မတော် ပေါ်ပေါက်လာသောအခါ ရခိုင်ပြည်နယ်ရှိ အခြေအနေများသည် ပို၍ပင် ရှုပ်ထွေးလာတော့သည်။ ပြည်သူများလည်း အပြန်အလှန် တိုက်ခိုက်ကြသည့် သံသရာသစ်ထဲ လှိမ့်ခံရပြန်ကာ ၂၀၁၉ ခုနစ် အစောပိုင်းတွင် အိုးအိမ်မဲ့ စွန့်ခွာတိမ်းရှောင်ရသူ တစ်သိန်းကျော်ခန့်ပင် ရှိလာသည်။ ဤမျှ တိုက်ခိုက်နေကြသည်မှာ မလုံလောက်သေးသည့်အလား တရုတ်နိုင်ငံ နယ်စပ်အနီးတွင်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားပြန်သည်။ ဒေသခံရွာသား ထောင်သောင်းချီသည်လည်း စစ်တပ်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အကြား တိုက်ပွဲများကို တိမ်းရှောင်ရရုံမျှမက လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း အကြားက တိုက်ပွဲများကိုပါ ရှောင်ရှားကြရသည်။


အခွင့်အလမ်း မြင်သူ ဘေကျင်းကလည်း ဒေါ်လာဘီလီယံချီ တန်ဖိုးရှိမည့် “တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း” စီမံကိန်းကို အမြန်တည်ဆောက်ရန် အားထုတ်ပြန်သည်။ မြန်နှုန်းမြင့် ရထားလမ်းများ၊ ဆိပ်ကမ်းကြီးများ၊ အထူးစီးပွားရေးဇုန်းများနှင့် “ရန်ကုန်မြို့တော်သစ်” ကိုပါ တည်ဆောက်ကာ မြန်မာနိုင်ငံကို တရုတ်ဈေးကွက်များနှင့် ပိုမို နီးကပ်စွာ ချိတ်ဆက်နိုင်ရန် ကြိုးစားပြန်သည်။ အမှန်တကယ်သာ တည်ဆောက်မည် ဆိုပါက တရုတ်တို့သည် တိုက်ပွဲများ၊ ပဋိပက္ခများနှင့် ပြည့်နှက်နေသော ဒေသများကို ကျော်ဖြတ်ကာ အခြေခံ အဆောက်အအုံ တည်ဆောက်ရမည် ဖြစ်သော်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုသည်သာ မြန်မာနိုင်ငံ၏ အနာဂတ် အတွက် အဖြေဟု ဘေကျင်းက ယုံကြည်ပုံ ရသည်။ အနည်းဆုံးတော့ နောင်ဆယ်စုနှစ်များ အတွင်း နိုင်ငံရေးအရ အစိတ်စိတ် အမြွာမြွာ ကွဲနေလျှင်ပင် နိုင်ငံအပေါ် တရုတ်၏ ထိန်းချုပ်မှု မြဲမြံစေမည့် သော့ချက်ဟု မျှော်လင့်ဟန် တူသည်။


ဤသို့ တစစ များပြားလာသော ၂၁ ရာစု၏ စိန်ခေါ်မှုများ အတွက် ရွေးကောက်ပွဲများနှင့် လွတ်လပ်သော စျေးကွက်များ ဖြစ်ပေါ်လာရေး ဟူသော ရိုးအီနေပြီ ဖြစ်သည့် ၁၉၉၀ ပြည့်နှစ်များက ဖြေဆေးများကိုသာ ညွှန်းနေကြသည်။ ဒီမိုကရေစီသည် မြန်မာနိုင်ငံကို ကုစားနိုင်မည့် နတ်ဆေးဟု ဆိုခဲ့ကြသည်မှာလည်း ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းထဲကပင် ဖြစ်သည်။ ဤသည်မှာ ယခင်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများပေါ်သာ ဗဟိုပြုပြီး အချက်အလက်များပေါ် အခြေခံကာ စနစ်တကျ တွေးခေါ်ထားခြင်း သို့မဟုတ် လွတ်လပ်သော သတင်းစာနယ်ဇင်းတို့ကို ထည့်သွင်း စဉ်းစားထားခြင်း မရှိသည့် ကျဉ်းမြောင်းသော အမြင်သာ ဖြစ်သည်။ ထို့ပြင် အကြမ်းဖက် ပဋိပက္ခများနှင် ပွစာကြဲနေသော၊ အစိုးရ အဖွဲ့အစည်းများ၏ ရောက်ရှိနိုင်မှုလည်း အကန့်အသတ်များစွာ ရှိနေသော၊ ဆင်းရဲချမ်းသာ၊ ကျား၊ မ၊ လူမျိုးရေး စသည်တို့ကို အခြေခံသည့် မညီမျှမှုများစွာထဲတွင် မျိုးဆက်သစ်များ ကြီးပြင်းလာရသော၊ နှုတ်တိုက်သင်ကြားခြင်းမှ အပ ဝေဖန်ဆင်ခြင်နိုင်စွမ်းကို အားမပေးသော ပညာရေးစနစ်သာ ရှိသော နိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အကောင်းဆုံး ဖြစ်စေရန် မည်သို့ အဆင့်ဆင့် ဆောင်ရွက်မည်ကိုလည်း ဆွေးနွေးပြောဆိုမှု အနည်းငယ်သာ ရှိသည်။


ဒုတိယ အသုံးအများဆုံး စကားလုံးမှာ ဖယ်ဒရယ်ဝါဒ ဖြစ်သည်။ နိုင်ငံတွင်းရှိ များပြားလှသော လက်နက်ကိုင် ပဋိပက္ခများကို ရှင်းလင်းနိုင်မည့် အဖြေဟု ရှုမြင်ကြသည်။ မြန်မာတို့သာ ကြီးစိုးသော အစိုးရက သမိုင်းကြောင်း တစ်လျှောက် အခြားသူများက အစဉ်အဆက် နေထိုင်လာခဲ့သည့် နေရပ်ဒေသများကို ဆရာလုပ် အုပ်ချုပ်မည့် လက်ရှိ အနေအထားမှာလည်း မတရားရုံမက ရေရှည် မတည်တံ့နိုင်ကြောင်း မြင်သာနေသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးစုများသာ သီးခြား နေထိုင်သည့် ဒေသများ မဟုတ်တော့။ လွန်ခဲ့သော ဆယ်စုနှစ်များက ပြည်တွင်းရွေ့ပြောင်းနေထိုင်မှုများကြောင့် နိုင်ငံတွင်းရှိ မြို့ကြီး၊ မြို့ငယ်များတွင် လူမျိုးဘာသာပေါင်းစုံ ရောထွေးနေပြီ ဖြစ်သည်။ လူတိုင်းတွင် ရောထွေးနေသော နောက်ခံများ၊ ရပ်ရွာဒေသ အမျိုးမျိုးမှ လာကြသည့် ဘိုးဘွားမိဘများ၊ ကွဲပြားသော ဒေသများတွင် ပြောင်းလဲခံယူထားသည့် မတူညီသော သရုပ်လက္ခဏာများလည်း ရှိနေကြသည်။ ခွဲခြားဆက်ဆံမှု အသွင်အမျိုးမျိုးကို ထိရောက်စွာ အဆုံးသတ်ပြီး အားလုံး မျှတစွာ ပါဝင်နိုင်သည့် အစိုးရ အဖွဲ့အစည်းများကို ပြုပြင်တည်ဆောက်ခြင်းကသာ ပို၍ သင့်လျော်သော စမှတ် ဖြစ်ပေလိမ့်မည်။


ဒီမိုကရေစီဝါဒနှင့် ဖယ်ဒရယ်ဝါဒသည်သာ ဖြေရှင်းနိုင်သည်ဟု တတွတ်တွတ် ရွတ်ပြီးသာ လက်ရှိကို ပုန်းရှောင်နေခြင်းသည် ကမ္ဘာ့စျေးကွက်များတွင် ပြန်လည်ပါဝင်ရန် လိုအပ်သည့် အရင်းရှင်စီးပွားရေးစနစ်နှင့် ထိုဝါဒနှစ်ခုတို့ အတူလက်တွဲသွားရန် လိုအပ်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။ ၂၀ ရာစုတွင် မအောင်မြင်ခဲ့သည့် ဆိုရှယ်လစ်နှင့် ကွန်မြူနစ် အတွေ့အကြုံများကြောင့် မြန်မာ့နိုင်ငံရေးလောကတွင် လက်ဝဲဝါဒီ အတွေးအခေါ်များသည်လည်း အသံပင် မထွက်နိုင်။ ၂၀၁၇ ခုနစ်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့၏ အကြံပေးမှုကြောင့် ဘဏ်လုပ်ငန်းတွင် စတင်ခဲ့သည့် ပိုမိုတင်းကြပ်သော စည်းမျဉ်းစည်းကမ်းများကို အမှန်တကယ် စည်းကြပ်လိုက်လျှင် ပြည်တွင်းဘဏ်များနှင့် စီးပွားရေးလုပ်ငန်း ရာချီကာ ပြိုလဲကုန်မည် ဖြစ်သည်။ ဈေးကွက်အတွင်းသို့ နိုင်ငံခြားဘဏ်များ ဝင်လာခွင့် ပေးရန်လည်း အမှန်ပင် စဉ်းစားနေကြသည်။ ဤသို့သာ ဖြစ်ခဲ့လျှင် နိုင်ငံရေးနှင့် ဆက်နွယ်နေသည့် စီးပွားရေးသည်လည်း အချိုးအကွေ့ တစ်ခုကို ရောက်ရှိလာမည်။ သို့သော်လည်း နိုင်ငံရေးနှင့် စီးပွားရေးကို လုံးဝခွဲခြားကာ စဉ်းစားနေသည်။ စီးပွားရေး ပြဿနာများသည် ပညာရပ်ဆိုင်ရာ အရေးကိစ္စများဟု မှတ်ယူကာ အရန်သင့် ရှိနေသည့် နိုင်ငံခြားမှ ပညာရှင်များ၊ အကြံပေးများဖြင့်သာ ဖြေရှင်းစေသည်။ မြန်မာတို့သည် အတိတ်က ခရိုနီ အရင်းရှင်စနစ်နှင့် အနာဂတ်တွင် အခွန်နည်း၊ ဘတ်ဂျက်ချွေတာ၊ အသုံးအစွဲ ခြိုးခြံပြီး ကမ္ဘာ့ ကုန်သွယ်မှုနှင့် အရင်းအနှီးများကို တံခါးဖွင့် ကြိုဆိုနေသည့် လစ်ဘရယ် စနစ်သစ်တို့ကြား ဗျာများနေသည်။ ပို၍ တရားမျှတသော လူအဖွဲ့အစည်း ဖြစ်လာရေး ရည်မှန်းချက်များကိုမူ မမြင်ရ။


နိုင်ငံအနေဖြင့် အတွေးအမြင်သစ်များ လိုအပ်နေချိန်တွင် မြန်မာနိုင်ငံသည် စိတ်ကူးဉာဏ် အကြပ်အတည်းနှင့် ကြုံနေရသည်။ ကမ္ဘာတွင် အရာရာ အလိုအလျောက် လုပ်ဆောင်နိုင်ချိန်နှင့် မိမိနိုင်ငံကို အကာအကွယ် ပေးရန် အားသန်ချိန်တွင် အာရှတိုက်၏ ဈေးပေါသည့် လုပ်အားကို မှီတည်သည့် ကုန်ထုတ်လုပ်ရေး အခြေပြု ဖွံ့ဖြိုးမှုသည်လည်း အလုပ်ဖြစ်ပါမည်လား မသေချာ။ အလုပ်ဖြစ်လျှင်ပင် အခြားသော အရှေ့တောင်အာရှ မြို့ကြီးများကဲ့သို့ ညစ်ညမ်းသည့် ပတ်ဝန်းကျင်တွင် တိုးကြိတ်ကာ စျေးဝယ်စင်တာများနှင့် ပြည့်ကျပ်နေသော မြို့ကြီးများသာ အလိုရှိသည်လား။ မြန်မာနိုင်ငံသည် မတူညီသည့် အရင်းအမြစ် များစွာ ပိုင်ဆိုင်သော နိုင်ငံဖြစ်သည်။ ယနေ့ထိ မပျက်စီးသေးသော မိုးသစ်တောများနှင့် ပြိုင်စံရှား ဇီဝမျိုးစုံတင်မက ထူးခြားစွာ ရောယှက်နေသည့် ဘာသာစကားများ၊ ဆန်းကျယ်သော ယဉ်ကျေးမှုများနှင့် အာရှတိုက် ပေါင်းစုံရာတွင် တည်ရှိနေသည်မှာ နောင်လာမည့် ခေတ်အခါတွင် ပို၍ပင် တန်ဖိုးရှိပေလိမ့်မည်။


ထိုအရေးအရာများ အားလုံး၏ အထက်တွင် မလွဲမသွေ အရေးပေါ် ဖြစ်လာမည်မှာ ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်နိုင်ရေး ဖြစ်သည်။ ဤအကြောင်းအရာကိုလည်း ဆွေးနွေးပြောဆို စဉ်းစားခြင်း လုံးဝမရှိ။ ပြည်တွင်းတွင် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ထောက်ခံအားပေးကြသော်လည်း ကမ္ဘာကြီးသည် နောက်ထပ် ၂ ဒီဂရီမျှပင် ပို၍ပူနွေးလာပါက ရင်ဆိုင်ရမည့် ကပ်ဘေးသဖွယ် အကျိုးသက်ရောက်မှုများ အကြောင်း သိရှိနားလည်မှု မရှိသလောက် ဖြစ်သည်။ စိုက်ပျိုးရေးမှသည် မြို့ပြတိုးချဲ့ရေး အတွက် ပို့ဆောင်ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတို့ တည်ဆောက်မည့် နေရာဒေသများကို ပြန်လည်စဉ်းစားရန် လိုအပ်သည့် အပြင် အစုလိုက် ရွေ့ပြောင်းလာရမည့် လူ့အဖွဲ့အစည်းများကို ပြန်လည် နေရာချထားပေးနိုင်ရန် မြေယာများ လျာထားရန်လည်း လိုအပ်သည်။


၂၀ ရာစု၏ ဖြေဆေးများသည် လမ်းဆုံးသို့ ရောက်လာကြပြီ ဖြစ်သည်။ ဒုက္ခသည်များ၊ ပြည်တွင်းရှိ အိုးအိမ်မဲ့သူများ စသည့် ထိခိုက်ရန် အလွယ်ဆုံးသောသူများကို ကာကွယ်ပေးခြင်း၊ အကြမ်းဖက်မှုများကို အဆုံးသတ်ခြင်းနှင့် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ခြင်းတို့ကို အရေးပေါ် ဦးစားပေး ဆောင်ရွက်ရန် လိုအပ်နေသည်။ ယခု လတ်တလော အခြေအနေများကို ကျော်လွန်၍ မြင်ကြည့်လျှင် ခွဲခြားဆက်ဆံမှုကို အဆုံးသတ်နိုင်မည့်၊ ဆင်းရဲချမ်းသာ မညီမျှမှုကို သိသိသာသာ လျှော့ချနိုင်မည့်၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို အလိုက်သင့် ရင်ဆိုင်နိုင်မည့် ခိုင်မာသော အစီအစဉ်များလည်း အလွန်ပင် လိုအပ်နေသည်ကို တွေ့ရမည်။ ထိုသို့ အစီအစဉ်များဖြင့်သာ ကျယ်ပြန့်သည့် ထောက်ခံအားပေးမှုကို လှုံ့ဆော်ရယူနိုင်မည် ဖြစ်ပြီး နိုင်ငံကိုလဲ လူမျိုးရေး အခြေပြု တွေးခေါ်မှုများနှင့် သရုပ်လက္ခဏာပေါ် အခြေခံသည့် ပဋိပက္ခများနှင့် ဝေးရာကို ခေါ်ဆောင်နိုင်မည် ဖြစ်သည်။ ထိုသို့ အစီအစဉ်များသည် ဒီမိုကရေစီလမ်းစဉ်ကိုပင် အသက်သွင်းကောင်း သွင်းပေးနိုင်လိမ့်မည်။ မြန်မာနိုင်ငံသည် လမ်းကြောင်းသစ် တစ်ခုကို ထွင်းဖောက်နိုင်လျှင် ကမ္ဘာကပင် သင်ခန်းစာများ ပြန်လည် ဝေမျှနိုင်ပါဦးမည်။


သန့်မြင့်ဦးသည် မြန်မာနိုင်ငံ၏ ပုန်းကွယ်နေသော သမိုင်းကြောင်း : လူမျိုးရေး၊ အရင်းရှင်စနစ်နှင့် ၂၁ ရာစု၏ ဒီမိုကရေစီ အကြပ်အတည်း စာအုပ်ကို ရေးသားသူ ဖြစ်သည်



237 views0 comments

Recent Posts

See All

မြန်မာနိုင်ငံ ဘာဆက်ဖြစ်ဦးမလဲ?

များမကြာမီက အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်မှာ အာဏာကိုသာ ခွဲထုတ်ယူကာ ကျန်သည့် အရေးအရာ အားလုံးကို လုပ်မြဲအတိုင်း ဆက်လုပ်စေရန် ရည်ရွယ်ခဲ့သည်။ သို့သော် လက်တွေ့တွင် အာဏာသိမ်းမှုကြောင့် စီးပွားရေးသည်လည်း အရှ

bottom of page