top of page
Search
  • Writer's pictureThant Myint-U

ရာသီဥတု ပြောင်းလဲမှု

Updated: Jun 23, 2020

01 September 2019


နောင်နှစ် ၁၀၀၊ နှစ် ၅၀ မှသာ မဟုတ်ဘဲ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာပင် ရာသီဥတု ပြောင်းလဲမှုသည် မြန်မာနိုင်ငံအပေါ် ဆိုးဝါးစွာ ထိခိုက်စေပါလိမ့်မည်။ ကမ္ဘာ့အပူချိန်များ မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို အခြားနိုင်ငံများနှင့်စာလျှင် မြန်မာနိုင်ငံ ပိုမိုတွေ့ကြုံလာရမည် ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသများ ရေလွှမ်းမိုးခံရမည်။ ရာသီဥတု ပြင်းထန်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း (၂၀၁၅ ခုနှစ်တုန်းကကဲ့သို့) နှင့် ဆိုင်ကလုန်း မုန်တိုင်းများ (နာဂစ်မုန်တိုင်းကဲ့သို့) လည်း မကြာခဏဖြစ်ပွားလာမည်။ မုတ်သုန်မိုးသည် ခန့်မှန်းမရအောင် ဖြစ်ပြီး စိုက်ပျိုးရေးအတွက် များစွာ အခက်တွေ့စေမည်။ မြန်မာနိုင်ငံ၏ ဒေသအများစုတွင် မခံမရပ်နိုင်အောင် ပူပြင်းလာလိမ့်မည်။ ယခုအခါ မြန်မာနိုင်ငံတွင် အပူချိန် အလွန်အမင်းဖြစ်သောနေ့ရက် တစ်နှစ်လျှင် ၁၀ ရက်ခန့်သာ ကြုံရသေးသည်။ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရ အသီးသီးက ရာသီဥတု ပြောင်းလဲလာမှုကို တွန်းလှန်ရန် ယခုချက်ချင်း ထိရောက်စွာ ဆောင်ရွက်သည့်တိုင် ဤရာစုနှစ်အကုန်တွင် မြန်မာနိုင်ငံ၌ အလွန်အမင်း ပူပြင်းသောရက်ပေါင်း တစ်နှစ်လျှင် ၂၀၀ ကျော် ခံစားရနိုင်သည်။ ထိထိရောက်ရောက် အရေးမယူ မဆောင်ရွက်ခြင်း မရှိပါက (ထိုသို့ ဖြစ်နိုင်ခြေက ပိုများနေသည်) များမကြာမီတွင် မြန်မာနိုင်ငံသည် အသက်အန္တရာယ် ဆုံးရှုံးနိုင်စေလောက်သော အပူဒဏ်ကို နှစ်စဉ်နှစ်တိုင်း လပေါင်းများစွာ ကြုံတွေ့ရတော့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ဦးဆောင်ဦးရွက် ပြုသင့်ပါသည်။ ကမ္ဘာတစ်ဝှမ်းက ဆွေးနွေးပွဲများတွင် ရှေ့ဆုံးက ပါဝင်ကာ ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရန် စွမ်းစွမ်းတမံ ဆောင်ရွက်သင့်ကြောင်း အရေးဆိုသင့်ပါသည်။ ပြည်တွင်း၌လည်း အစိုးရအဖွဲ့က ပြုလုပ်သမျှ ဆုံးဖြတ်ချက်များ အားလုံးတွင် ရာသီဥတု ပြောင်းလဲမှုနှင့် ပိုမို စိမ်းစိုသော အနာဂတ်ကို အမြဲတစေ ထည့်သွင်းစဉ်းစားသင့်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ သစ်တောများ၊ ကမ်းရိုးတန်းနှင့် ထူးခြားစုံလင်သော ဇီဝမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ခြင်း၊ မော်တော်ကားအသုံးပြုမှု လျှော့ချခြင်းနှင့် မြို့ပြ စီမံကိန်း ရေးဆွဲရာတွင် အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေးကို ဗဟိုပြုခြင်း၊ ပိုမိုစိမ်းစိုသော မြို့ပြများ တည်ဆောက်ခြင်းနှင့် သန့်စင်သော စွမ်းအင် သုံးစွဲမှုကို မြှင့်တင်ခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပြီး အခြားနိုင်ငံများ စံနမူနာပြုနိုင်သည့် နိုင်ငံတစ်ခု ဖြစ်လာသင့်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းနှင့် ရာသီဥတု ပြောင်းလဲလာမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့သည် တိုင်းသူပြည်သား အားလုံးကို စည်းလုံးညီညွတ်စေသည့် အကြောင်းတစ်ရပ် ဖြစ်သင့်ပါသည်။ ဤသည်မှာ ယခုလက်ရှိတွင် မိမိတို့ နိုင်ငံအနေဖြင့် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးသော အရေးကိစ္စပင် ဖြစ်ပါသည်။

276 views0 comments

Recent Posts

See All

မြန်မာနိုင်ငံ ဘာဆက်ဖြစ်ဦးမလဲ?

များမကြာမီက အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်မှာ အာဏာကိုသာ ခွဲထုတ်ယူကာ ကျန်သည့် အရေးအရာ အားလုံးကို လုပ်မြဲအတိုင်း ဆက်လုပ်စေရန် ရည်ရွယ်ခဲ့သည်။ သို့သော် လက်တွေ့တွင် အာဏာသိမ်းမှုကြောင့် စီးပွားရေးသည်လည်း အရှ

bottom of page