Search
  • Thant Myint-U

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ဆိုင်ရာ စီးပွားရေး အကြပ်အတည်း

Updated: Jun 23

11 May 2020


ကမ္ဘာတစ်ဝှမ်းလုံး နည်းတူ မြန်မာနိုင်ငံသည် တစ်ကြိမ်တစ်ခါမှ မကြုံကြိုက်ဖူးသော ကျန်းမာရေး ကပ်ဘေးကြီးသာမက စီးပွားရေးကပ်ကြီးကိုပါ ရင်ဆိုင်နေရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးနှင့် ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်းများ ဖရိုဖရဲဖြစ်ခြင်း၏ ဂယက်မှာ နိုင်ငံ၏စီးပွားရေးကို အထိနာစေခဲ့ပြီး ဖြစ်ပါသည်။ ထောင်ချီသော စီးပွားရေးလုပ်ငန်းများ၊ ရွှေ့ပြောင်းလုပ်သားများ အပါအဝင် သိန်းချီသော ပြည်သူပြည်သားများသည် စီးပွားရေး အကျိုးဆက်များကို ခံစားနေရပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု များလာသည်နှင့်အမျှ မဖြစ်မနေ Lockdown (ပြည်သူများအား မိမိအိမ်တွင်သာ နေစေပြီး ပြင်ပတွင် လှုပ်ရှားသွားလာရမည့် အရေးကိစ္စ အားလုံးကို ကန့်သတ်ထားခြင်း) ပြုလုပ်ရပါက အခြေအနေမှာ ဆယ်ဆပင် ပိုမိုဆိုးဝါးသွားနိုင်ပါသည်။

ရောဂါ ကူးစက်ပြန့်ပွားခြင်းကို ဟန့်တားရန် အစီအမံများ တင်းတင်းကြပ်ကြပ် ဆောင်ရွက်နိုင်သကဲ့သို့ နိုင်ငံစီးပွားရေးကို ကယ်ဆယ်ရေး သာမက အနာဂတ်တွင် ပိုမို တောင့်တင်းသန်စွမ်းလာစေရေး အတွက်လည်း လုပ်ဆောင်နိုင်ပါသည်။

မကြုံစဖူး ကြုံရသည့် စိန်ခေါ်မှုကြီးကို လုပ်ရိုးလုပ်စဉ် မဟုတ်သော နည်းလမ်းဖြင့် တုံ့ပြန်ရန် လိုအပ်ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် အစိုးရများက နိုင်ငံစီးပွားရေးကို ပြန်အဖတ်ဆယ်ရန်နှင့် သာမန်ပြည်သူများကို ထောက်ပံ့ရန် အစိုးရဘဏ္ဍာ တိုးမြှင့်သုံးစွဲသည့် အစီအစဉ် (Stimulus Packages) အမြောက်အမြားအပြင် အခြားသော အစီအမံများကိုလည်း စတင်ဆောင်ရွက်နေကြပြီ ဖြစ်သည်။ Stimulus Package များအတွက် အမေရိကန်နိုင်ငံနှင့် သြစတေးလျနိုင်ငံတို့က တိုင်းပြည်ဂျီဒီပီ၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းထိပင် သုံးစွဲရန် စီမံထားကြသည်။ ထိုင်းနိုင်ငံက ၄ ရာခိုင်နှုန်းခန့် သုံးစွဲမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အတွက်လည်း အစိုးရက အလားတူ ပမာဏခန့်မျှ သုံးစွဲဆောင်ရွက်ရန် စဉ်းစားသင့်သည်ဟု ကျွန်တော့်အနေနှင့် ထင်မြင်မိပါသည်။ တိုင်းပြည်ဂျီဒီပီ၏ ၂ မှ ၃ ရာခိုင်နှုန်း အနည်းဆုံး သို့မဟုတ် ဘီလီယံ ဒေါ်လာ ၁.၅ မှ ၂ သန်းဝန်းကျင် တန်ဖိုးရှိ စီးပွားရေးဦးမော့ရေး ရန်ပုံငွေ အစီအစဉ်တစ်ခုကို စဉ်းစားသင့်ပါသည်။

Stimulus Package အတွက် မသုံးစွဲရသေးသော ဘဏ္ဍာငွေများ၊ ဗဟိုဘဏ်မှ ချေးငွေနှင့် နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေတို့ကို စုပေါင်းလိုက်လျှင် ရရှိနိုင်ပါသည်။ ဝင်ငွေထက် သုံးငွေပိုများမည်ကို စိုးရိမ်ရမည့် အချိန်မဟုတ်သလို ငွေရေးကြေးရေး ချွေတာရမည့် ကာလလည်း မဟုတ်ပါ။ ကမ္ဘာပေါ်ရှိ အစိုးရများက ယခုအကျပ်အတည်းကြီးကို ရင်ဆိုင်ရန် လိုအပ်သမျှကို ထုတ်သုံးနေကြပါသည်။

ထိုထောက်ပံ့ငွေမှာ စီးပွားရေးလုပ်ငန်းများ နလန်ထူလာနိုင်ရန် အတွက်သာ မဖြစ်သင့်ဘဲ သာမန် ပြည်သူပြည်သားများကို တိုက်ရိုက်ထောက်ပံ့ပေးရန် အတွက်လည်း ဖြစ်သင့်ပါသည်။ အထူးသဖြင့် ဆင်းရဲချို့တဲ့သော လက်လုပ်လက်စား မိသားစုများ အတွက် ဖြစ်သင့်ပါသည်။ ကျွန်တော် ယခင်က အကြံပြုခဲ့ဖူးသလို ထောက်ပံ့ကြေးငွေကို နိုင်ငံသားများ လက်ထဲသို့ တိုက်ရိုက် အရောက်ပေးပို့နိုင်ပါသည်။ အလုပ်လက်မဲ့ ဖြစ်သွားကြသော ဆင်းရဲသား လူတန်းစားများအတွက် ယနေ့အချိန်တွင် တစ်လလျှင် ဒေါ်လာတစ်ရာသည်ပင် တစ်မျိုးတစ်မည် ပြောင်းလဲမှု ဖြစ်စေနိုင်ပါသည်။

ထိုင်းနိုင်ငံ ပြန်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများ အတွက်လည်း ကျွန်တော်တို့ အထူးထည့်သွင်း စဉ်းစားပေးသင့်ပါသည်။ ယင်းတို့သည် နိုင်ငံစီးပွားရေး လည်ပတ်ရန် များစွာ အကျိုးပြုပေးခဲ့ကြသူများ ဖြစ်ကြသည်။ ယင်းတို့၏ဝင်ငွေက နိုင်ငံတစ်ဝှမ်းရှိ သန်းချီသော မိသားစုပေါင်း မြောက်မြားစွာကို ထောက်ပံ့ပေးနေခဲ့သည်။

Stimulus Package အတွက်တင်မကဘဲ အစိုးရအနေနှင့် ဆေးကုသမှုစွမ်းအား မြှင့်တင်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို တန်းတူညီမျှစွာ လက်လှမ်းမီနိုင်စေရန် လိုအပ်ချက် ရှိသလောက် သုံးစွဲသင့်ပါသည်။

Stimulus Package များသည် ယခုအကျပ်အတည်းကို ရင်ဆိုင်ရန် နည်းလမ်းတစ်ခု ဖြစ်သော်ညား ရှေ့ရေးအတွက်လည်း ဖြစ်သင့်ပါသည်။ အကျပ်အတည်းများကြားထဲက အခွင့်အရေးများလည်း ပေါ်လာတတ်စမြဲပင်။ နည်းလမ်းတကျ မှန်မှန်ကန်ကန် လုပ်ဆောင်ပါက ယနေ့သုံးငွေသည် ပြည်သူပြည်သား အားလုံးအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုလုံခြုံရေးကို ပေးစွမ်းနိုင်သည့် လူမှုဖူလုံရေး အားကောင်းသော တိုင်းပြည်တစ်ခုအတွက် အခြေခံအုတ်မြစ်များ ဖြစ်လာနိုင်ပါသည်။ ဤကပ်ကြီး လွန်မြောက်သည့်အခါ မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေးစနစ်ကြီးတွင် ယှဉ်ပြိုင်ရန် ပိုမိုအသင့်ဖြစ်နေသင့်သလို ပြည်သူအားလုံး အကျိုးရှိသော စီးပွားရေးစနစ်တစ်ခုကို ဖန်တီးတည်ထောင်ရန် ပိုမိုအဆင်သင့် ဖြစ်နေသင့်ပါသည်။


0 views

©2019 by Thant Myint-U.