Search
  • Thant Myint-U

၂၀၁၉ ခုနစ်၊ ဦးသန့်မွေးနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် ပြောကြားခဲ့သည့် အမှာစကား

Updated: Jun 23

27 January 2019


ယူနီဆက်အမှုဆောင်ဒါရိုက်တာ မစ္စဟင်နရစ်တာဖိုး၊ ဝန်ကြီးများ၊ သံတမန်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော် များ နဲ့ လူကြီးမင်းများခင်ဗျား ….


ဒီကနေ့ နေ့လည် ဦးသန့်ရဲ့ ၁၁၀ နှစ်မြောက် မွေးနေ့အခမ်းအနားနဲ့ ၄ ကြိမ်မြောက် ဦးသန့်အမှတ်တရ ဟော ပြောပွဲကို တက်ရောက်ချီးမြှင့်ကြတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။


ပြီးတော့ ဦးသန့်ရဲ့ နေအိမ်ကနေ လှိုက်လှဲ ကြိုဆိုပါတယ်။


ဦးသန့်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀ လောက်က ဒီလိုသီတင်းပတ် ဒီလိုအချိန်မျိုးမှာ မွေးဖွားခဲ့ပါတယ်။


ဒီကနေ့ ရောက်ရှိလာကြတဲ့ ဧည့်သည်တော်တွေ အများစုဟာ ဦးသန့်ဘဝအကြောင်းကို သိထားကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဦးသန့်ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ် ပန်းတနော်မြို့မှာ မွေးဖွားခဲ့ပြီး ကျောင်းဆရာ၊ ကျောင်းအုပ် ဆရာကြီး၊ စာရေးဆရာ၊ နိုင်ငံရေးဝေဖန်သူ လုပ်ခဲ့တယ်။ နောက်တော့ လွတ်လပ်ရေးမရခင်မှာ ရန်ကုန်ကို ပြောင်းရွှေ့လာပြီး အာဏာရပါတီအသစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြီးတော့ အစိုးရဝန်ထမ်း၊ ပြန်ကြားရေးဌာန အတွင်းဝန်၊ ဝန်ကြီးချုပ်ရဲ့ အတွင်းရေးမှူး၊ နောက်တော့ ၁၉၅၇ ခုနှစ်မှာ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်၊ နောက်ဆုံးမှာ ၁၉၆၁ ကနေ ၁၉၇၁ ခုနှစ်ကုန်အထိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၀ နှစ်တိုင် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် အသက် ၆၅ နှစ်အရွယ်မှာတော့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဦးသန့်ရဲ့ဘဝ အကြောင်းကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ရင်ကိုလာထိတဲ့ အချက်ကတော့ အမျိုးမျိုးသော ပတ်ဝန်းကျင် ကမ္ဘာများနှင့် ဆက်စပ်နေတဲ့ ဦးသန့်၏ဘဝ ဖြစ်ပါတယ်။ ဦးသန့်ရဲ့ ပထမဆုံးကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်ကတော့ သရက်ပင်တွေ၊ ပျဉ်ထောင် အိမ်တွေ၊ မီးသင်္ဘောတွေ၊ ဘုန်းကြီးကျောင်းတွေရှိတဲ့ ဗြိတိသျှကိုလိုနီ မြန်မာပြည်ရှိ မြို့သေးသေးလေးတစ်ခု ဖြစ် ပါတယ်။


ဒုတိယဆက်စပ်ပတ်သက်ခဲ့ရတဲ့ ကမ္ဘာကတော့ မြို့ပြင် ၅ မိုင်လောက်ပဲ ဝေးတဲ့နေရာမှာ ကွန်မြူနစ်နဲ့ ကရင်လက်နက်ကိုင်တွေ တပ်စွဲထားတဲ့အချိန်၊ လွတ်လပ်ရေးရပြီး အစောပိုင်းကာလတွေရဲ့ ရန်ကုန်မြို့ဖြစ်ပါတယ်။ ပြည်လမ်းရုံး (Prome Court) နဲ့ အတွင်းဝန်ရုံးတို့မှာ လုပ်ကိုင်ခဲ့ပြီး သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်း ဝန်ကြီးချုပ် ဦးနုနဲ့ မနီးမဝေး ဝင်ဒါမီယာရပ်ကွက်၊ ယခုအိမ်မှာ နေထိုင်ခဲ့ပါတယ်။ ဦးနုရဲ့အိမ်က ဒီလမ်းကနေ ဆင်းသွားရင် ရောက်ပါတယ်။


ပြီးတော့ ရုတ်တရက်ရောက်သွားတဲ့ နောက်ထပ်ကမ္ဘာတစ်ခုကတော့ နယူးယောက်မြို့နဲ့ ၁၉၆၀ ပြည့်နှစ်တွေရဲ့ ကမ္ဘာ့ နိုင်ငံရေးအသိုင်းအဝိုင်းပါပဲ။ ပတ်ခ်အဲဗင်းနယူးက တိုက်ခန်းမှာ၊ ဝါးလ်ဒေါ့ဖ်ဟိုတယ်ရဲ့ ဧည့်ခန်းမှာ၊ သတင်းထောက် အယ်လစ်စတာကွပ်ကီးနဲ့ အင်တာဗျူးတွေ၊ လန်ဒန် ဂျနီဗာ လွန်းပျံခရီးစဉ်တွေ၊ ကနေဒီနဲ့ ခရူးရှက်ကနေ ဒီဂေါလ်၊ မက်မီလန်၊ နေရူး၊ နာဆာ၊ ဆူကာနိုနဲ့ မာတင်လူသာကင်းအထိ အဲဒီခေတ်က အရေးကြီးဆုံး နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံးနီးပါးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပါဝင်ခဲ့ပါတယ်။ ဒီအကူးအပြောင်းဟာ မြန်မာနိုင်ငံကနေ ကမ္ဘာ့အရှေ့ခြမ်း အထက်ပိုင်းနဲ့ ကုလသမဂ္ဂ အတွင်းစည်းကို ၁၀ နှစ်အတွင်း ရောက်ရှိဖြစ်ပေါ်ခဲ့တာပါ။

ဦးသန့်ရဲ့ အဓိကဆောင်ရွက်ချက်ကတော့ ကမ္ဘာ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။


ဦးသန့်ရဲ့ အရေးအပါဆုံး စေ့စပ်ဖြေရှင်းမှုတစ်ခုက ကျူးဘားဒုံးပျံပဋိပက္ခလို့ ဆိုပေမယ့် အရှေ့အလယ်ပိုင်းမှာ၊ အိန္ဒိယနဲ့ ပါကစ္စတန်အကြားမှာ၊ ယီမင်၊ ဘာရိန်း၊ ဆိုက်ပရပ်စ် အစရှိတဲ့ နေရာတွေရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာလည်း ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဦးသန့်က လိုအပ်တဲ့အခါ စကားကို ပြတ်ပြတ်သာသား ပြောလေ့ရှိတယ်၊ အင် အားသုံးတာကိုလည်း ဆန့်ကျင်ခြင်းမရှိပါဘူး - သာဓကကတော့ ကွန်ဂိုက ကာတန်ဂါ ခွဲထွက်ရေးသူပုန်တွေကို ရင်ဆိုင်တုန်းက ဖြစ်ပါတယ်။ ဦးသန့်ရဲ့ အကြီးမားဆုံး နောင်တကတော့ ၁၉၆၅ ခုနှစ်က ရန်ကုန်ကို လင်ဒန်ဂျွန်ဆင်နဲ့ ဟိုချီမင်းအကြား လျှို့ဝှက်ဆွေးနွေးတဲ့နေရာ ဖြစ်အောင် ကြိုးစားခဲ့သော်လည်း ဗီယက်နမ်စစ်ပွဲကို ရပ်တန့်ရေး ကြိုးပမ်းရာမှာ မအောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။


ဦးသန့်ရဲ့ ဦးတည်ချက်က ငြိမ်းချမ်းရေးဆိုပေမယ့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက် ဦးသန့်ရဲ့ အစီအစဉ်ဟာ များစွာကျယ်ပြန့်တဲ့ ကိစ္စရပ်တွေနဲ့ ပိုမိုဆက်စပ်နေပါတယ်။


ဦးသန့် တွေးခေါ်ပုံ အယူအဆများရဲ့ တကယ့်အနှစ်ကတော့ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ဆိုင်ရာဝါဒကို ယုံကြည်ခြင်း ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွား သို့မဟုတ် လူအုပ်စုအကျိုးစီးပွားထက် “individual human dignity” လို့ခေါ်တဲ့ လူသားတစ်ဦးတစ်ယောက်ချင်းစီမှာရှိတဲ့ လူ့ဂုဏ်သိက္ခာသာလျှင် အရေးကြီးဆုံးသော တန်ဖိုးစံသာဖြစ်တယ်လို့ ဦးသန့်က ယုံကြည်ပါတယ်။


ဒီယုံကြည်မှုဟာ ပန်းတနော်မှာ နေထိုင်ခဲ့စဉ် လူငယ်ဘဝမှာ ရရှိခဲ့တဲ့ အိုင်ဒီယာအယူအဆတွေကနေ ဆင်းသက်လာခဲ့ပုံရပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝမှာ အခြေတည်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဦးသန့်ဟာ အသက် ၂၀ ကျော် ကျောင်းဆရာဘဝမှာ သူ့တပည့်ကျောင်းသားတွေကို လွတ်လွတ်လပ်လပ် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးဖို့ သိပ်စိတ်အားထက်သန်တယ်၊ အသိဉာဏ်ပိုင်းဆိုင်ရာတွေမှာတင်မကပဲ လက်တွေ့လုပ်ဆောင်ရာတွေမှာပါ လွတ်လွတ်လပ်လပ် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေချင်တာလို့ ပြောခဲ့ပါတယ်။ ၁၉၃၅ ခုနှစ် မှာတော့ ဦးသန့်ဟာ ကျောင်းဝတ်စုံ ဝတ်ခိုင်းတဲ့ကိစ္စကို လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး “စာသင်ကျောင်းများတွင် ဝတ်စားဆင်ယင်မှု လွတ်လပ်ခွင့်သည် လွတ်လပ်သည့် ပတ်ဝန်းကျင်၏ သင်္ကေတတစ်ခုအနေနှင့် အလွန်အမင်း အရေးပါသည်။ ကျွနု်ပ်တို့ စာသင်ကျောင်းများ ဆင်နွှဲရမည့် ခက်ခဲသည့် တိုက်ပွဲသည် လူသားဘဝအား သတ်မှတ်ချက်များ ပြုလုပ်ခြင်းကို ဆန့်ကျင်သည့်တိုက်ပွဲပင်ဖြစ်သည်။ ဤသို့ သတ်မှတ်ချက်များပြုခြင်းကို ကြီးထွားလာအောင် ခွင့်ပြုထားလျှင် လူ့အဖွဲ့အစည်း၏ ပဒေသာစုံမှုကို ဖျက်ဆီးပစ်လိမ့်မည်” လို့ သတင်းစာဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။


ကျောင်းဆရာဘဝ ကာလများအတွင်း ဦးသန့်ဟာ အစွန်းရောက်သော အမြင်မှန်သမျှကိုမဆို ရွံ့မုန်းသည့်သဘောထား ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် လက်တွေ့ကျတဲ့ အဖြေရှာရေး (ဆင်းရဲနွမ်းပါးမှု၊ လူမျိုးခွဲခြားမှုဝါဒ၊ ကိုလိုနီဝါဒတို့ရဲ့ ဖိအားပြင်းတဲ့ စိန်ခေါ်မှုတွေကို အဖြေရှာရေး)ထက် ရာထူးနဲ့အာဏာကို ပိုမိုစိတ်ဝင်စားတယ်လို့ သူယူဆတဲ့ နိုင်ငံရေးသမားတွေအပေါ်မှာ ပြင်းထန်စွာ မနှစ်မြို့မှု ဖြစ်ပေါ်လာခဲ့ပါတယ်။ ဦးသန့်ဟာ စေ့စပ်ညှိနှိုင်းမှုနဲ့ အရှိတရားကို လက်ခံခြင်းတွေအပေါ်မှာ တန်ဖိုးထားပါတယ်။ ကျောင်းဆရာတစ်ယောက်၊ စာရေးဆရာတစ်ယောက်အနေနဲ့ ဦးသန့်ဟာ အကောင်းဆုံးရနိုင်တဲ့ ပညာရေးနဲ့ လွတ်လပ်ပြီး ရှင်သန်ဖွံ့ဖြိုးတဲ့ မီဒီယာဟာ အောင်မြင်တဲ့ လူ့အဖွဲ့အစည်းမှန်သမျှရဲ့ မရှိမဖြစ် အစိတ်အပိုင်းတွေဖြစ်တယ်လို့ ယုံကြည်ခဲ့သူ ဖြစ်ပါတယ်။


နောက်ပိုင်းမှာ အထွေထွေအတွင်းရေးမှူးချုပ် တစ်ယောက်အနေနဲ့ ဒီအယူအဆတွေကို နိုင်ငံတကာ အစီအစဉ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ပါတယ်။


၁၉၆၇ ခုနှစ် ဧပြီလမှာ ဦးသန့်က -

“ဒီကနေ့ ကမ္ဘာကြီးမှာ လူတွေရဲ့စိတ်ထဲမှာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ၊ ဒါမှမဟုတ် အယူအဆရေးရာ သဘောထားသေးသိမ်မှုတွေအတွက် နေရာမပေးသင့်တော့ဘူးလို့ ကျွန်တော် ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ ထပ်တူထပ်မျှ အန္တရာယ်ကြီးတဲ့အရာကတော့ လူမျိုးတစ်မျိုး၊ ဒါမှမဟုတ် နိုင်ငံတစ်ခုက အခြားတစ်ခုအပေါ် အပေါ်စီးရလိုမှု သဘောထားတွေဖြစ်ပါတယ်။ ဒီအရာတွေအားလုံးဟာ ငြိမ်းချမ်းတဲ့လမ်းထက် စစ်ပွဲရှိရာလမ်းကို ညွန်ပြနေတာပါ၊ အတူယှဉ်တွဲနေထိုင်ရေး (co-existence)ရဲ့ နောက်တစ်လမ်းကတော့ လုံးဝမတည်ရှိရေး (no existence) ပဲ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အယူအဆအရ၊ လူမျိုးအရ၊ ကိုးကွယ်ယုံကြည်မှုအရ၊ အမျိုးသား အကျိုးစီးပွားအရ မတူကွဲပြားခြားနားနေမှုတွေကို ဘေးကင်းလုံခြုံမှုရှိအောင် လုပ်ပေးဖို့ အရေးကြီးလာပါတယ် ...” လို့ ပြောကြားခဲ့ပါတယ်။


ငြိမ်းချမ်းရေးကိစ္စအတွက်သာမကပဲ နျူကလီးယား လက်နက်ခေတ်ကို ရောက်လာတဲ့အခါမှာ ကမ္ဘာကြီး ရှင်သန်နိုင်ရေးအတွက် ဦးသန့်ရဲ့ အခြေခံမူတွေမှာ နိုင်ငံတကာ လူသားဂုဏ်သိက္ခာ၊ သဘောထားကြီးမှုနဲ့ ခွဲခြားဆက်ဆံမှုမရှိခြင်းတွေကို လေးစားရေး စတဲ့အချက်တွေ ပါဝင်လာပါတယ်။


အဲဒီနှစ်မှာပဲ ဦးသန့်က -

“တင်းမာမှုတွေ လျှော့ချဖို့နဲ့ မိသားစုစိတ်ဓာတ် ခံယူချက်ကို မြှင့်တင်ဖို့ အရေးကြီးတဲ့ ဒီနေ့ကာလမှာ လူမျိုးရေးမုန်းတီးမှုတွေ၊ လူမျိုးရေးအရ တရားမျှတမှုမရှိတာတွေမှာ ဘယ်သူမှ ပျော်မွေ့မနေသင့်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးလောက်က လူသားအားလုံးအတွက် လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဖော်ပြခဲ့တဲ့ ညီရင်းအစ်ကိုပမာ ချစ်ခင်ရင်းနှီးမှု ဆိုတဲ့ အယူအဆဟာ ဒီနေ့အချိန်အခါမှာ ထိုသို့သော သဘောထားမျိုး ဆက်လက်ရှင်သန်ရေးအတွက် ကြေညာစာတမ်းရဲ့ ဆိုလိုရင်းနဲ့ အတူတူပါပဲ” ဟု ပြောကြားခဲ့ပါတယ်။

ဦးသန့်ဟာ နယူးယောက်မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး လိုအပ်ချက်ကိုလည်း ယုံကြည်လာခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဆီကို ဦးတည်သွားနေတဲ့ စားသုံးသူ ဦးစားပေးဝါဒကိုလည်း ဦးသန့်က မေးခွန်းထုတ်ခဲ့ပါတယ်။


၁၉၇၁ ခုနှစ်မှာ ပထမဆုံး ကမ္ဘာမြေဆိုင်ရာ ထိပ်သီးညီလာခံကျင်းပနိုင်ဖို့ ဦးသန့်က ကူညီခဲ့ပြီး ပထမဆုံး ကမ္ဘာမြေနေ့မှာ ဦးသန့်က “ကျွန်ုပ်တို့ရဲ့ မွေးဇာတိ ကမ္ဘာမြေရဲ့ လေထု ရေထုတွေ အဆိပ်သင့်နေတဲ့အကြောင်း” ပြောခဲ့ပါတယ်။ သူရှုမြင်တဲ့ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ အရေးပေါ်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ်ဖို့ အမျှော်အမြင် မရှိကြသလို နိုင်ငံရေးအရ သတ္တိမရှိကြတဲ့အပေါ် ဝမ်းနည်းမိကြောင်း ပြောဆိုခဲ့ပါတယ်။


ဦးသန့်ဟာ ဒီအချက်တွေကို စိုးရိမ်ဖွယ်ရာ စီးပွားဖြစ်ရေးဝါဒနဲ့ ချိတ်ဆက်ပြခဲ့သေးပါတယ်။ အဆင်ပြေလွယ်ကူရေးဆိုတဲ့ နာမည်တပ်ပြီး ကြီးထွားလာနေတဲ့ လေလွင့်ပြုန်းတီးမှုများလွန်းသော စားသုံးမှုပုံစံတွေ ဖြစ်နေကြောင်း ဆက်စပ်ပြခဲ့ပါတယ်။

ဦးသန့်က -

“ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေနဲ့ပတ်သက်လို့ ထည့်သွင်းစဉ်းစားခြင်းမရှိပဲ ဘယ်လောက်ပဲ ကုန်ကုန် ကမ္ဘာမြေအရင်းအနှီးတွေနဲ့ ထုတ်လုပ်မယ်ဆိုတာဟာ လူသားတွေရဲ့ခံယူချက် မဖြစ်သင့်တော့ပါဘူး" လို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။ ဒီအစား လုံးဝကွဲပြားတဲ့ “စီးပွားရေးအတွေးအခေါ်သစ်တွေ၊ အုပ်ချုပ်သူများအနေနှင့် ဦးစားပေးဆောင်ရွက်ရန် လမ်းစဉ်အသစ်တွေ"ကို နှိုးဆော်ထားပါတယ်။

ငြိမ်းချမ်းရေး၊ သဘောထားကြီးမှုနဲ့ သဘာဝပတ်ဝန်းကျင်တို့ဟာ ဦးသန့်ရဲ့ စိတ်နှလုံးကို ဆွဲငင်ထားတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီအရာတွေကို ဦးသန့်ရဲ့ စိတ်ထဲကို စုစည်းပေးခဲ့တာကတော့ ပညာရေးပဲ ဖြစ်ပါတယ်။ ဦးသန့် အမြဲပြောလေ့ရှိတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။


မသိမှုအဝိဇ္ဇာနဲ့ မှားယွင်းတဲ့ အယူအစွဲတွေကနေ မြစ်ဖျားခံလာတဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ၊ အယူအဆရေးရာ တရားသေဆုပ်ကိုင်မှု၊ လူမျိုးရေးခွဲခြားမှုတွေအတွက် ဖြေဆေးအနေနဲ့ “ငြိမ်းချမ်းရေးအတွက် ပညာပေးရေး” ဆိုတဲ့စကားကို ဦးသန့်က ပြောလေ့ရှိပါတယ်။


“ဒါဟာ လိုကိုလိုအပ်ပါတယ်။ အကောင်အထည်ဖော်ဖို့လည်း ဖြစ်နိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ “ပညာပေးတဲ့ လုပ်ငန်းစဉ်နဲ့ စိတ်ထဲက အတွေးမှား၊ အယူမှားတွေကို ဆေးကြောပစ်နိုင်မယ်။ သဘောထားကြီး အမြင်ကျယ်တဲ့ ခံယူချက်စိတ်ထားကို ဖန်တီးပေးနိုင်မယ်။ ဒါဆိုရင် အမျိုးသားအကျိုးစီးပွား ဒါမှမဟုတ် ပုဂ္ဂလိက အကျိုးစီးပွားတွေထက် လူသားအားလုံး ကောင်းကျိုးပြုရေးအမြင်ဟာ အားသာလွှမ်းမိုးသွားလိမ့်မယ်” လို့ ဦးသန့်က ဆိုပါတယ်။


“.... ဒီအခါမှာ လူသားတွေအပေါ် သူတို့ရဲ့ အသားအရောင်၊ ဒါမှမဟုတ် တိုင်းပြည်တွေ အပေါ်မှာ အခြေမပြုတော့ပဲ တစ်ဦးချင်းကို တန်ဖိုးထားလာနိုင်မှာဖြစ်တယ်။ ဒီလို တံခါးဖွင့်ကြိုဆိုတဲ့ သဘောထားမျိုးကို လူငယ်တွေရဲ့ စိတ်ထဲကို အမျှော်အမြင်ကြီးကြီးနဲ့ သွတ်သွင်းပေးမယ်ဆိုရင် ယုံကြည်မှုက မယုံကြည်မှုကို ဖယ်ရှားပြီး စိတ်ချရမှုက သံသယနေရာကို အစားဝင်နိုင်မယ့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ကျွန်တော်တို့ ဖန်တီးနိုင်မှာဖြစ်တယ်” လို့ ဦးသန့်က ပြောခဲ့ပါတယ်။


ပြီးတော့ ပညာရေးဆိုတာ လူငယ်တွေအတွက်သာ မဟုတ်ဘူးလို့ ဦးသန့်က ထောက်ပြပါသေးတယ်။

“ကျွန်တော် မကြာခဏကြားဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ အထူးသဖြင့် လူကြီးတွေက ပြောတဲ့စကားပေါ့။ လူငယ်တွေ အများကြီးသင်ယူရဦးမယ်တဲ့။ ဒီစကားက မှန်ကောင်းမှန်နိုင်ပါတယ်။ သို့ပေမယ့် လူကြီးတွေလည်း အများကြီး သင်ယူစရာလိုသေးတယ်လို့ ကျွန်တော်က ပြောချင်တယ်။ ဒါက ပိုပြီးတော့တောင် အရေးကြီးပါတယ်။ ကျွန်တော်တို့ လူကြီးမျိုးဆက်တွေမှာ မသင်ယူရသေးတာတွေ အများကြီး ရှိသေးတယ်” လို့ ဦးသန့်က ပြောခဲ့ပါတယ်။

ကမ္ဘာပေါ်က တိုင်းပြည်အားလုံးအတိုင်းပဲ မြန်မာနိုင်ငံဟာလည်း ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေရပါတယ်။ သရုပ်လက္ခဏာနဲ့ဆိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုင်တဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ မသိမှုအဝိဇ္ဇာနဲ့ မှားယွင်းတဲ့ အယူအစွဲတွေကနေ မြစ်ဖျားခံလာတဲ့ မကောင်းတဲ့ စိတ် နေစိတ်ထားတွေကို ဆေးကြောပစ်ဖို့နဲ့ ခွဲခြားဆက်ဆံမှုပုံစံအားလုံး အဆုံးသတ်ဖို့ အရေးကြီးတာကို ကျွန်တော်တို့ ထည့်တွက်ရပါမယ်။ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် နှစ်ဆတိုး ကြိုးပမ်းဖို့ အရေးကြီးလှသလို နိုင်ငံတကာရဲ့ လမ်းကြောင်းသစ်ထဲမှာပါနိုင်အောင် ကြိုးစားဖို့တွေဟာ အရေးကြီးတယ် ဆိုတဲ့အချက်ကိုလည်း ကျွန်တော်တို့ စဉ်းစားကြရလိမ့်မယ်။


ဒါ့အပြင် ၂၀၁၉ ခုနှစ် ကျွန်တော်တို့အားလုံး ဦးသန့်ကို အောက်မေ့သတိရကြတဲ့အခါ သူပြောခဲ့တဲ့ တစ်ဦးချင်းရဲ့ လူသားဂုဏ်သိက္ခာ အခရာကျမှုနဲ့ ယနေ့ခေတ် ရှောင်လွဲလို့မရတဲ့ ကမ္ဘာ့စိန်ခေါ်မှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းတွေကို ရှာဖွေရန် အရေးကြီးမှုတွေကို လက်ခံကြိုဆိုကြရအောင်လို့ ပြောကြားလိုပါတယ်။


ကျေးဇူးတင်ပါတယ်။



46 views

©2019 by Thant Myint-U.