top of page
Search
  • Writer's pictureThant Myint-U

"မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပုံစံအသစ်တစ်ခု လိုအပ်သည်"

Updated: Feb 7, 2021

6 FEBRUARY 2021   |  THE NEW YORK TIMES


မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းသစ် လိုအပ်နေပါပြီ။ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ (အလားတူ ထိုမှ ရလာဒ်များကိုလည်း အသိအမှတ်ပြုရန်) မှာ အရေးကြီးလှသည်။ ထိုနည်းတူစွာ အရေးကြီးသည်မှာ လက်ရှိ လူ့အဖွဲ့အစည်းကို အခြေခံမှ စ၍ ပြောင်းလဲပစ်ရန် ဖြစ်သည်။ လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဆယ်စုနှစ်များစွာ အာဏာရှင်စနစ်၊ နိုင်ငံတကာ၏ ဖယ်ကျဉ်ထားမှု၊ အကြမ်းဖက် လက်နက်ကိုင် ပဋိပက္ခများ၊ လူမျိုးရေးအရ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုများ၊ ဆင်းရဲချွတ်ခြုံကျမှုတို့နှင့် အဆမတန် ကြီးမားလာနေသော ဆင်းရဲချမ်းသာ ကွာဟမှုတို့ကို ခါးစည်းခံရင်း ဖြစ်တည်လာခဲ့သည်။ နိုင်ငံရေး အပြောင်းအလဲ တစ်ခုတည်းကိုသာ အာရုံပြုနေခြင်းသည် လူဦးရေ ၅၄ သန်း နေထိုင်သော ဤတိုင်းပြည်သည် စစ်တပ်၏ လွှမ်းမိုးမှုအောက်တွင်သာ ဆက်လက် ရှိနေစေဦးမည်။


လွန်ခဲ့သည့် တနင်္လာနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပွားခဲ့သော စစ်တပ်အာဏာသိမ်းမှုတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားသည့် နိုင်ငံရေး လှုပ်ရှားသူများ ဒါဇင်နှင့် ချီကာ အထိန်းသိမ်းခံရပြီး တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ်က တင်မြှောက်သည့် အစိုးရသစ် တစ်ရပ်က အုပ်ချုပ်လျှက် ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည့် ရန်ကုန်မြို့နှင့် ဒေသအရပ်ရပ်တွင် ဆန္ဒပြမှုများ အလျှိုလျှို ပေါ်ပေါက်လာနေပြီ ဖြစ်ရာ များမကြာမီတွင် အကြမ်းဖက် ဖိနှိပ်မှုများ ဖြစ်လာနိုင်သည်။


လက်ရှိအခြေအနေကို နားလည်သဘောပေါက်နိုင်ရန် သမိုင်းကြောင်း ပြန်ကောက်ရပေလိမ့်မည်။ လွန်ခဲ့သည့် အနှစ် ၃၀ အတွင်း မြန်မာ့နိုင်ငံရေးမှာ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အကြား အားပြိုင်ခြင်း ဖြစ်နေခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် အာဏာရဆဲ တပ်မတော် အစိုးရမှ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ စစ်တပ့် အာဏာစက် အဓွန့်ရှည်စေမည့်၊ ပြည်သူ့ရွေးကောက်ခံ သမ္မတနှင့် လွှတ်တော်တို့၏ နိစ္စဓူဝ တိုင်းပြည်အုပ်ချုပ်ရေးပိုင်းတွင်လည်း စစ်တပ်မှ သြဇာသက်ရောက်နိုင်မည့် ဖွဲ့စည်းပုံမျိုး ဖြစ်သည်။ ထိုစနစ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းချုပ်နိုင်မည်ဟု စစ်တပ်ခေါင်းဆောင်များက မှန်းဆထားခဲ့ကြသည်။ သို့ရာတွင် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်၍ တစ်ခဲနက် ထောက်ခံအားပေးကြလိမ့်မည်ဟု မထင်ထားခဲ့။


လွန်ခဲ့သည့် ငါးနှစ် အတွင်း ထိုနှစ်ဖက်သည် အစေးမကပ်လှသော်လည်း အတူတကွ ယှဉ်တွဲတည်ရှိနေခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ကြီးများအကြား လူမျိုးစွဲ နိုင်ငံစွဲ ရှေးဆန်သော အတွေးအေခါ်များ ရှိတာခြင်းတော့ တူကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အုပ်ချုပ်ရေးအာဏာကို အစိုးရအဖွဲ့၏ လက်ထဲတွင် တည်စေလိုသည်။ ရွေးကောက်ခံအစိုးရ၏ အချူပ်အခြာအောက်တွင်သာ တပ်မတော် ရှိနေစေမည့် ဖွဲ့စည်းပုံသို့ ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်။ ဤသည်မှာ စစ်တပ်အတွက် လုံးဝလက်မခံနိုင်စရာ ဖြစ်သည်။


ဆက်ဆံရေးများလည်း ပျက်ပြားကုန်ပြီး ယခုရက်သတ္တပတ်၏ စစ်တပ်အာဏာသိမ်းမှုထိ ဖြစ်လာခဲ့သည်။


နောက်ထပ် ဘာဆက်ဖြစ်လာမည်ကို မခန့်မှန်းနိုင်ပါ။ စစ်တပ်ဘက်ကတော့ တစ်နှစ်အတွင်း ရွေးကောက်ပွဲများ ပြန်လည် ကျင်းပပေးမည်ဟု ဆိုသည်။ ရွေးကောက်ပွဲများ တစ်ဖန်ကျင်းပလျှင်လည်း လွှတ်တော်၌ တပ်မတော် ၂၅ ရာခိုင်နှုန်း ရှိနေလိမ့်ဦးမည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက အနိုင်ရပြန်မည်မှာလည်း ကျိန်းသေသလောက် ရှိသည်။ ထိုသို့ဆိုလျှင် သူ့ကို ဘေးဖယ်ထုတ်ရန် စစ်တပ်မှ စဥ်းစားပေလိမ့်မည်။ သို့သော် သန်းပေါင်းမြောက်မြားစွာသော သူ၏ ထောက်ခံသူများက လုံးဝ လက်သင့်ခံလိမ့်မည် မဟုတ်။ တစ်နည်းမဟုတ် တစ်နည်းဖြင့် မြန်မာ့နိုင်ငံရေးမှာ ဆက်လက် သံသရာလည်နေရုံသာ ရှိသည်။


မြန်မာနိုင်ငံသည် ထိုသို့ မတင်မကျ နိုင်ငံရေး အနေအထားနှင့် ရှေ့ဆက်ရန် မဖြစ်နိုင်တော့ပါ။ ၂၀၁၆ နှင့် ၂၀၁၇ ခုနစ်များက အကြမ်းဖက် နှင်ထုတ်ခံရသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်များ အရေးမှာ တိုးတက်မှု တစ်ခုမှ မရှိခဲ့။ ယင်းတို့အပေါ် အကြမ်းဖက်လုပ်ရပ်များအတွက် တာဝန်ယူမှု မရှိသလို ထိုနေရပ်စွန့်ခွာ ရိုဟင်ဂျာများ ကြုံတွေ့နေရသည့် ခွဲခြားဆက်ဆံမှုများ လျော့ပါးသွားအောင် ဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မရှိခဲ့။


ပြီးခဲ့သည့် ၂ နှစ်အတွင်း ထိုဒေသ၌ပင် (ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများနှင့် ဆက်နွယ်နေသည့်) ရခိုင့်တပ်တော် Arakan Army နှင့် အစိုးရတပ်များ အကြား အပစ်အခတ်များ ဖြစ်ပွားခြင်းကြောင့် ဒေသခံပြည်သူ ထောင်သောင်းချီ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရပြန်သည်။ တရုတ်နယ်စပ်နှင့် ထိစပ်နေသည့် အရှေ့ဘက် ကုန်းမြင့်ဒေသများတွင် လက်နက်ကိုင်များ ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့နှင့် အလျှိုလျှို ပေါ်ပေါက်လာခဲ့သည်။ (အင်အား အကြီးဆုံးမှာ လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် အင်အား ၂၅၀၀၀ ခန့် ရှိသည်။) အချို့မှာ ဒေသခံ တိုင်းရင်းသား လူမျိုးစုများ အတွက် လက်နက်ကိုင် ခုခံကာကွယ်နေကြခြင်း ဖြစ်သလို ကျန်အဖွဲ့များမှာတော့ အမေရိကန် ဒေါ်လာ ဘီလီယံ ၆၀ ကျော် တန်ဖိုးရှိ အပြည်ပြည်ဆိုင်ရာ မက်သဖက်တမင်း ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းကြီးတွင် ပါဝင်ပတ်သက်နေကြသည်။ အပစ်အခတ် ရပ်စဲရေးများသည်လည်း တကယ်တမ်း အလုပ်မဖြစ်လှ။


မြန်မာနိုင်ငံသည် အာရှတိုက်တွင် အဆင်းရဲဆုံးနှင့် ဆင်းရဲချမ်းသာ ကွာဟမှု အကြီးမားဆုံးသော နိုင်ငံတစ်ခုလည်း ဖြစ်နေသည်။ နိုင်ငံ့စီးပွားရေးမှာ အခြေခံကုန်စည်များနှင့် အခြေခံလုပ်သား တင်ပို့မှုပေါ်တွင်သာ မှီခိုနေရသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် လူသန်းပေါင်းမြောက်မြားစွာ ရွှေ့ပြောင်းအခြေချနေရသည်များလည်း ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့သည် ကိုဗစ်ကပ်ရောဂါကြီးကို အတိုင်းအတာ တစ်ခုထိ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည်မှာ မှန်သော်လည်း ကပ်ရောဂါ၏ နောက်ဆက်တွဲ စီးပွားရေး ထိခိုက်မှုမှာ အလွန်တရာမှာပင် ကြီးမားခဲ့သည်။ မနှစ်က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုအရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ၌ တစ်ရက်လျှင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၁.၉၀ (မြန်မာငွေ ၂၀၀၀ ခန့်) အောက်သာ ရှိသော လူဦးရေမှာ စစ်တမ်းဖြေဆိုသူ စုစုပေါင်းဦးရေ၏ ၁၆ ရာခိုင်နှုန်းမျှ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် စက်တာဘာလသို့ ရောက်သောအခါ ၆၃ ရာခိုင်နှုန်းထိ တိုးတက်သွားခဲ့ပြီး ထိုတစ်လလုံးအတွက် ဝင်ငွေ လုံးဝမရှိဟု ဖြေဆိုသူ အရေအတွက် သုံးပုံတစ်ပုံ ရှိခဲ့သည်။


လက်နက်ကိုင် ပဋိပက္ခများနှင့် စီးပွားရေး မျှတမှု မရှိခြင်းကြောင့် ပြည်သူလူထု သန်းပေါင်းမြောက်မြားစွာသည် မရေရာမှု များစွာနှင့် ဘဝကို ရုန်းကန်နေကြရသည်။ လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလက စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မပြေလည်လှသော်လည်း လက်တွဲကြိုးပမ်းခြင်းကြောင့် နိုင်ငံရေး လွတ်လပ်ခွင့် အတိုင်းအတာ တစ်ခုထိ ရှိလာခဲ့သလို တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုများလည်း ဖြစ်လာခဲ့သည်။ ယခုမူ ထိုကဲ့သို့ ဖြစ်နိုင်တော့မည် မဟုတ်။


နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးသင့်သည် သာမက အခြေခံ လူ့အခွင့်အရေးကိုလည်း အလေးထားသင့်ပါသည်။ နိုင်ငံခြား အစိုးရများသည်လည်း အာဏာရှင်အစိုးရကို ကန့်ကွက်ခြင်းမှာ မှန်ကန်သော်လည်း မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ ထိုသို့ ပိတ်ဆို့လိုက်ပါက တိုင်းပြည်စီးပွားရေးစနစ် အလုံးစုံ ပြိုလဲသွားနိုင်ပေသည်။


ယခုကဲ့သို့ အကျပ်အတည်း ကြုံနေရချိန်တွင် အရေးကြီးသည့် အချက်မှာ မြန်မာနိုင်ငံက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အတိမ်အနက်ကို အသိအမှတ်ပြုရန်နှင့် အရေးကြီးသည့် ကိစ္စရပ်များ ဖြစ်သည့် အကြမ်းဖက် ပဋိပက္ခများ၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုမှသည် ဆင်းရဲချမ်းသာ ကွာဟခြင်း၊ ဖွံ့ဖြိုးမှု နောက်ကျခြင်း အထိ တိုးတက်မှု မရှိဘဲ မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်း ရှေ့မရောက်နိုင်ကြောင်းကို နားလည်သိရှိရန်တို့ ဖြစ်ပါသည်။ ကမ္ဘာကလည်း သာမန်ပြည်သူတို့၏ နေထိုင်မှုဘဝနှင့် သက်မွေးဝမ်းကြောင်းမှုတို့ ထိခိုက်မှုမရှိအောင် ဖေးမနိုင်ပါသည်။ အထက်တွင် ဆိုခဲ့သလို နောင်ရေးကို ရှေးရှုသည့် အသိအမြင်မျိုးဖြင့် နိုင်ငံရေးအပြင် လူမှုရေးနှင့် စီးပွားရေးစသည့် ကဏ္ဍတို့တွင် လိုအပ်လျက်ရှိသော ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ရန် တိုက်တွန်းခြင်းဖြင့် ကူညီနိုင်ပါသည်။


ဆင်းရဲမွဲတေပြီး မညီမျှမှု ကြီးမားသည့် နိုင်ငံတစ်ခုတွင် အချင်းချင်း တိုက်ခိုက်နေရပါက ရုပ်ပြဒီမိုကရေစီ စနစ်မှ လွဲ၍ မည်သည့် အစစ်အမှန်မျှ ဖြစ်လာနိုင်မည် မဟုတ်ပေ။ ရည်မှန်းချက်သည် လွန်ခဲ့သော ဆယ်စုနှစ်က ကျင့်သုံးခဲ့သည့် ဟိုမရောက် ဒီမရောက် တိုင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ မဖြစ်သင့်ပါ။ မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံး အတွက် မျှတပြီး ဒီမိုကရေစီနည်းကျသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ထောင်နိုင်ရန်သာ ရည်ရွယ်သင့်ပါသည်။


သန့်မြင့်ဦး


၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က New York Times မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ‘Myanmar needs a new kind of democracy.’ ဆောင်းပါးကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ဖြစ်ပါသည်။


Source: https://www.nytimes.com/2021/02/05/opinion/myanmar-coup.html

231 views0 comments

Comments


bottom of page