Search
  • Thant Myint-U

နိုင်ငံရေးမြင်ကွင်းသစ်ကို ပုံသွင်းလိုက်သည့် ပြန်လည်နိုးထလာသော မြန်မာအမျိုးသားရေးဝါဒ

Updated: Jun 23

07 October 2017 | The Voice Journal


မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင် ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် အကြမ်း ဖက်မှုများ၊ လူမျိုးရေး ရှင်းလင်းသည်ဆို သော စွပ်စွဲမှုများ၊ သိန်းနှင့်ချီသည့် ဒုက္ခသည်များ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်ခြင်းများကို ဆွေးနွေးခြင်းမှတစ်ဆင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မကြာသေးခင် ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံအပေါ် အသစ်တစ်ဖန် အာရုံစိုက်လာသည်။

ယင်းကဲ့သို့ဆွေးနွေးမှုတွင် ပျောက်ဆုံးနေသည့်အရာသည် ရခိုင်ဒေသအလွန် မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့် ပိုမိုကျယ်ပြန့်သော နောက်ခံအခြေအနေပင်ဖြစ်သည်။ ယင်းနောက်ခံကပင် ဒုက္ခသည်များ ပြန်လာရေးအတွက် အနာဂတ်တွင် ရွေးချယ်ရန် နည်းလမ်းများကိုသာမက ဒေသတွင်းတည်ငြိမ်မှု၊ ထို့အပြင် တစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် ကောင်းမွန်သည့်ဘဝများ ဆောင်ကြဉ်းနိုင်ရေးကိုပါ ပုံဖော်ပေးလိမ့်မည်ဖြစ်သည်။


ရခိုင်ဒေသမှတစ်ပါး အခြားသောဒေသများတွင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူ သန်းဝက်ခန့်ထက်မနည်း၊ လူမျိုးစုအခြေပြု လက်နက်ကိုင်အုပ်စု ၂၀ ခန့် (ယင်းအနက် အင်အားအကြီးမားဆုံးအုပ်စုတွင် စစ်သား ၂၀,၀၀၀ ကျော် ရှိသည်)၊ တိုင်းပြည်တစ်ဝန်းရှိ ရာနှင့်ချီသည့် ပြည်သူ့စစ်များ၊ စစ်မှန်သည့်ငြိမ်းချမ်းရေး ရုပ်လုံးမပေါ်ခြင်း စသည့်အခြေအနေများ ရှိနေသေးသည်။ ယင်းအပြင် စီးပွားရေး ခိုင်မာစွာရပ်တည်နိုင်ရေး အလှမ်းဝေးကွာနေပြီး ဘဏ်လုပ်ငန်းနယ်ပယ်တည်ငြိမ်မှု မေးခွန်းထုတ်ခံနေရခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်ချက် ကျဆင်းလျက်ရှိသည်။ အာရှဒေသ၌ အဆင်းရဲဆုံး ပြည်သူသန်းပေါင်းများစွာ၏ အနာဂတ်သည် မရေရာမသေချာ။ ယင်းအချိန်တွင် တရုတ်ကုန်းတွင်းပိုင်း ပြည်နယ်များနှင့် မြန်မာနိုင်ငံကို အနီးကပ်ချိတ်ဆက်ပေးမည့် အဓိကအခြေခံအဆောက်အဦ စီမံကိန်းများဖော်ဆောင်ရန် တရုတ်အစိုးရက ကမ်းလှမ်းလျက်ရှိသည်။ အဆိုပါ ကမ်းလှမ်းမှုသည် မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာသို့ သွားရာတံတားအဖြစ် လုပ်ဆောင်ခြင်းလည်းဖြစ်သည်။


ရွေးကောက်ခံ အရပ်သားအစိုးရ သည် စီးပွားရေးရာများနှင့် နိုင်ငံခြားဆက်ဆံရေးတွင် လွတ်လပ်စွာအုပ်စိုးခွင့်ကို လက်ရှိအခြေခံဥပဒေက ပေးထားသော်လည်း လုံခြုံရေးနှင့်ဆိုင်သည့် အရေးကြီး အာဏာများကို တပ်မတော်ကိုပေးအပ် ထားသည်။ ယင်းသည် အနေရရကျပ်ကျပ် ယှဉ်တွဲနေထိုင်ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် တွင်ပြုလုပ်မည့် နောက်ရွေးကောက်ပွဲများ အောင်မြင်နိုင်ခြေနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများ ရှေ့ဆက်နိုင်မှုမှာ မသေချာလှသေး။ မြန်မာနိုင်ငံသားများအတွက်မူ ယခုအချိန်သည် သောကဝေသောအချိန် ဖြစ်သည်။ ပြောင်းလဲမှုအရှိန်ကြောင့် နောက်ကျန်ရစ်ပြီး အခွင့်အရေးများ အရယူနိုင်ခြင်းမရှိဘဲ မိသားစုများ မွဲပြာကျမည်ကို သန်းနှင့်ချီသောသူများက စိုးရိမ်လျက်ရှိသည်။ ထိုသန်းနှင့်ချီသောသူများသည် အင်တာနက်ပေါ် ရောက်နေကြသည်။ လက်ကိုင်ဖုန်းရှိသူသည် လွန်ခဲ့သော ငါးနှစ်အတွင်း လူဦးရေ၏ ရာခိုင်နှုန်းအနည်းငယ်သာရှိရာမှ ယခုအခါ ၇၀ ရာခိုင်နှုန်းကျော်လာသည်။ လျှပ်စစ်၊ သန့်ရှင်းသည့် ရေ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အများအားဖြင့် ကွာလှမ်းလျက်ရှိနေသေးသော လူဦးရေတစ်ရပ်သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လူမှုမီဒီယာစင်မြင့်ဟု ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ထားသည့် ဖေ့စ်ဘွတ်ခ်ပေါ်ရောက်ရှိနေသည်။


အမှောင် ရေစီးကြောင်းသစ်များ


တစ်မျိုးသားလုံး စိုးရိမ်မှု (National Anxiety) ပေါ်ပေါက်နေမှုကာလတွင် အမျိုးသားရေးလက်သစ်ဝါဒ ပုံပေါ်လာလျက်ရှိသည်။ ယင်းဝါဒသည် လူမှုမီဒီယာကိုအသုံးချနိုင်ပြီး ရခိုင်ပြည်နယ်တွင်း ပေါ်ပေါက်လျက်ရှိသည့် အကျပ်အတည်း နှင့် ပြင်ပကမ္ဘာအထူးသဖြင့် ကုလသမဂ္ဂနှင့် အနောက်တိုင်းတို့သည် မြန်မာကို အသေသတ်မည့်ရန်သူများနှင့် တစ်ဖက်တည်း ရပ်တည်လျက်ရှိသည်ဆိုသည့် အသိနှစ်ခုလုံး၏ မီးထိုးမှုကိုလည်း ရရှိနေသည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ရှိ လူသားချင်းစာနာထောက်ထားမှု ကြေကွဲဖွယ်ဖြစ်ရပ်၊ လူနည်းစုရိုဟင်ဂျာများ (ဆောင်းပါးရှင်၏ မူရင်းအသုံး) အပေါ် ကြောက်မက်ဖွယ်လူ့အခွင့်အရေး ချိုးဖောက်မှုဆိုသည့် စွပ်စွဲချက်များအပေါ် ကမ္ဘာက အာရုံစိုက်နေချိန်တွင် ပြည်တွင်းအမြင်သည် ထိုအမြင်နှင့် ကွဲပြားသည်သာမက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။

မြန်မာနိုင်ငံတွင်းတွင် အစိုးရအဖွဲ့သာမက ပြည်သူအများစုကပါ အများအားဖြင့် အာရုံထားနေသည်မှာ အာရကန် ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) ခြိမ်းခြောက်မှုနှင့် အစ္စလာမ်မစ် အစွန်းရောက်ဝါဒအပေါ် ကြောက်ရွံ့မှုဖြစ် သည်။ ARSA ၏ တိုက်ခိုက်မှုများ စတင်ခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့နောက်ပိုင်း မြန်မာလူမှုမီဒီယာများတွင် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာလူနည်းစုများအပေါ် ARSA ကျူးလွန်ခဲ့သည်ဆိုသော ရက်စက်မှု သတင်းပေးပို့ချက်များ၊ တိုင်းပြည်တွင်းရှိ မွတ်ဆလင်အများစုနေထိုင်ရာဒေသမှ တောင်ဘက်သို့ ပြေးထွက်လာသည့် သောင်းနှင့်ချီသောပြည်သူများအကြောင်း ပြည့်လျှံလျက်ရှိသည်။


မြန်မာနိုင်ငံတွင်း တိုက်ခိုက်ရန် အယ်လ်ကေဒါနှင့် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့တို့က စက်တင်ဘာလနှောင်းပိုင်းတွင် တိုက်တွန်းလိုက်ခြင်းကြောင့်လည်း ရန်ကုန် သို့မဟုတ် မန္တလေးတို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ထွက်လာမည်ကို စိုးရိမ်မှုမြင့်မားလာသည်။ ဒုက္ခသည်များထံမှ ထွက်လာသည့် မျက်မြင်အချက်များသည် လုပ်ဇာတ်အဖြစ်ပယ်ချခံရပြီး ပြင်ပကမ္ဘာက ဝမ်းနည်းဖွယ် ရိုဟင်ဂျာ (ဆောင်းပါးရှင်၏ မူရင်းအသုံး) လူ့အခွင့်အရေး ပြဿနာအဖြစ် ရှုမြင်သည့်အရာများကို မြန်မာပြည်တွင်း၊ အထူးသဖြင့် ရခိုင်ဗုဒ္ဓဘာသာဝင်များက အကြမ်းဖက်သမားတစ်ဖြစ်လဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ နိုင်ငံခြား ကျူးကျော်မှုအဖြစ်သာ မြင်ယောင်သည်။

အမျိုးသားရေးဝါဒ ပြန်လည်နိုးကြားမှုတစ်ရပ် ထိုသို့ ပေါ်ပေါက်လာနေသော်လည်း တိုင်းပြည်တွင်းရှိ အမျိုးမျိုးသော လူနည်းစုများအပေါ် ထားရှိမည့်အမြင်၊ အနောက်တိုင်း၊ တရုတ်တို့နှင့် ဆက်ဆံရေးအပေါ်ထားရှိမည့်အမြင်၊ မြန်မာ့ဒီမိုကရေစီအပေါ်ထားမည့်အမြင်တို့နှင့် ပတ်သက်ပြီး ရှင်းလင်းစွာ ရုပ်လုံးပေါ်မလာသေးပေ။


စွန့်လွှတ်လိုက်ရသည့် ရခိုင်


ရခိုင်မြောက်ပိုင်းဒေသသည် ကမ္ဘာပေါ်တွင် လူနေထိုင်ရန် သင့်တော်မှုမရှိဆုံး ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ငလျင်ဇုန်တစ်ခုဖြစ်သလို ဆုံးရှုံးမှုကြီးမားသည့် ဆိုင်ကလုံးမုန်တိုင်းများဒဏ်ကိုလည်း ခံရလေ့ရှိကာ မုတ်သုံရာသီတွင် တစ်လလျှင် တစ်မီတာခန့်ရှိသည့် မိုးများသည်းထန်စွာ ရွာသွန်းလေ့ရှိသည်။ ယင်းနေရာတွင်ပင် ၁၉၄၄ ခုနစ် ဖေဖော်ဝါရီလ၌ Admin Box တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိန္ဒိယများ၊ ဂေါ်ရခါးများ၊ ဗြိတိသျှများ၊ အနောက်အာဖရိကသားများသည် ဂျပန် တို့ကို တိုက်ခိုက်ခဲ့ရသည်။ ယင်းနေရာသည် ယဉ်ကျေးမှုပိုင်းအရလည်း ကာလရှည်ကြာ ပိုင်းခြားခံနေရသည်။ အဆိုပါဒေသတွင် ရှေးဟောင်းခေတ်ကာလများတွင် လူသားများနှင့် ဘီလူးများ ရင်ဆိုင်တွေ့ခဲ့ရသည် ဟု မြန်မာမှတ်တမ်းများတွင် ဖော်ပြထားသည်။ ရှေးဟောင်း အိန္ဒိယတိုက်သားများအတွက်မူ ဘင်္ဂလားဒေ့ရှ် မတ်နာမြစ် အလွန်ဒေသသည် လူရိုင်းတို့နေရာအရပ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသည့် ဟိန္ဒူများ သွားရောက်ခြင်းမပြုသင့်သည့် အရပ်ဖြစ်သည်။ ယင်းနေရာတွင်ပင် သောင်းကျန်းမှုအမျိုးမျိုး၊ ဒုက္ခသည် အကျပ်အတည်း အသီးသီးဖြစ်ပွားပြီး နောက် ၁၈၂၄ ခုနှစ်တွင် ဗမာဘုရင့်နိုင်ငံတော်ကို ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီက ဝင်ရောက်ကျူးကျော်ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ အဆိုပါဒေသသည် 'အနောက် တံခါး' အဖြစ် လူသိများနေဆဲဖြစ်သည်။


ရခိုင် သို့မဟုတ် အာရကန်များ၏ အစောပိုင်းကာလသမိုင်းကို အနည်းငယ်သာ နားလည်သေးသော်လည်း ၁၄၀၀ ပြည့်လွန်နှစ်များအရောက်တွင် ယနေ့ ခေတ် စစ်တကောင်းမှ ကပ္ပလီပင်လယ်အထိ ကျယ်ဝန်းသည့် နေရာတွင် စွမ်းရည် ပြည့်သည့် ဘုရင့်နိုင်ငံငယ်လေးတစ်ခု ရပ်တည်လျက်ရှိသည်ကို သိရှိပြီးဖြစ်သည်။ အဆိုပါ မင်းနိုင်ငံမှ ဘုရင်များသည် ဗမာစကားမျိုးကွဲဖြစ်သည့် ရခိုင်စကားကိုပြောကြားလေ့ရှိပြီး ဗုဒ္ဓဘာသာဝင်များဖြစ်ကာ လွန်စွာထူးခြား သပ္ပာယ်သည့် ပုထိုးများကို တည်ဆောက်ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် ကမ္ဘာ့အမြင်ရှိသူများဖြစ်ကာ အချို့သည် ဘင်္ဂါလီ-မွတ်ဆလင်နှင့် ဗမာပါဠိဘွဲ့ နာမည်နှစ်မျိုးလုံး ခံယူကြသလို ဒတ်ခ်ျကုန်သည်များကိုလည်း လက်ခံကြိုဆိုခဲ့ကြသည်။ အာဖဂန်လေးသည်တော်များနှင့် ဂိုဏ်းကွဲထွက်လာသည့် ဂျပန်ဆာမူရိုင်းများကို ကိုယ်ရံတော်တပ်ဖွဲ့များတွင် ပေါင်းထည့်ခဲ့သူများဖြစ်သည်။ ပေါ်တူဂီ ဓားပြများနှင့်အတူ ဖမ်းမိလာသည့် ဘင်္ဂါလီကျွန်များကို ခေါ်ဆောင်လာပြီး ယနေ့တွင် နယ်ခြားဒေသဖြစ်လာသည့်နေရာတွင် လူဦးရေ ပွားများလာခဲ့ခြင်းဖြစ်သည်။


ဧရာဝတီမြစ်ဝှမ်းဒေသမှလာသည့် ဗမာများကြောင့် ၁၇၈၅ တွင် အဆိုပါဘုရင့်နိုင်ငံ ပျက်စီးခဲ့သည်။ ထို့နောက်တွင် ဗြိတိသျှတို့ ရောက်လာပြီး အမြတ်အစွန်း ပိုရလိုစိတ်ဖြင့် သိန်းနှင့်ချီသည့် ဘင်္ဂါလီ မွတ်ဆလင်များ၊ ကိုလိုနီအရာရှိတစ်ဦး စကားအရ 'ချွေချွေတာတာနေထိုင် အလုပ်ကြိုးစားသည့် ဘင်္ဂါလီမွတ်ဆလင်များ' စစ်တကောင်းဒေသမှ ပြောင်းရွှေ့လာအောင် တွန်းအားပေးသည်။ အခြားအရပ် မျက်နှာဘက်မှလည်း ဗမာအခြေစိုက် နေထိုင်သူများ ရောက်ရှိလာပြီး ၁၉၁၀ ပြည့်နှစ်အရောက်တွင် ရခိုင်များသည် ၎င်းတို့မြေပေါ်တွင် လူနည်းစုဖြစ်လာတော့သည်။


ယနေ့ခေတ် အသုံးအနှုန်းအရဆိုပါက ဂလိုဘယ်လိုက်ဇေးရှင်း (ကမ္ဘာလုံးချီမှု) ဆန့်ကျင်ရေး၊ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုဟုခေါ်နိုင်သည့် နောက်ခံအခြေအနေတွင် ဗမာအမျိုးသားရေးဝါဒ မွေးဖွားလာခြင်းဖြစ်သည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်းကာလတွင် ဘင်္ဂါလီမွတ်ဆလင်များ ကုန်းလမ်းကြောင်းဖြင့် ရခိုင်ဒေသတွင်းသို့ ဝင်ရောက်နေချိန်တွင် အိန္ဒိယတိုက်ငယ်မှ သန်းနှင့်ချီသောသူများသည် ပင်လယ် ရေကြောင်းမှတစ်ဆင့် ဝင်ရောက်လျက် ရှိသည်။ ကိုလိုနီခေတ် စီးပွားရေး ခုန်ပျံကျော်လွှား တိုးတက်လျက်ရှိသော်လည်း ဗမာတို့သည် လူမှုပိရမစ်အဆောက်အဦ၏ အောက်ဆုံးနေရာအနီးတွင်ရှိနေသည်။


ရခိုင်အမျိုးသားရေးဝါဒသည် ဗမာအမျိုးသားရေးဝါဒနှင့် အလားသဏ္ဌန်တူသည်။ ယင်းတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ဆက်စပ်နေသလို ခေတ်မီခြင်းနှင့် အပြင်မှလာသူများ နှစ်ရပ်လုံး၏ လွှမ်းမိုးခံရမည်ကို စိုးရိမ်စိတ်နှင့်လည်း အဆက်အစပ်ရှိသည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့ ကျူးကျော်ဝင်ရောက်လာသည့်အခါ အရပ်ဘက်အုပ်ချုပ်ရေး ပြိုလဲသွားပြီး ဗုဒ္ဓဘာသာဝင်-မွတ်ဆလင် လူမျိုးရေး ဆက်စပ်အကြမ်းဖက်မှုတွင် ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များကို ဂျပန်တို့လက်နက်တပ်ဆင်ပေးခဲ့သလို မွတ်ဆလင်များကို (V တပ်ဖွဲ့ ကင်းထောက်ရေးနှင့် ပျောက်ကြားစစ်ဆင်ရေး အစီအစဉ်အရ ) ဗြိတိသျှတို့ လက်နက်တပ်ဆင်ပေးခဲ့သည်။


စစ်ပြီးကာလတွင် ဒေသခံ မွတ်ဆလင်အသိုင်းအဝိုင်း၏ ခေါင်းဆောင်များ (ဘင်္ဂါလီစကားကွဲတစ်မျိုး ပြောကြားသူများ) က ရခိုင်မြောက်ပိုင်းကို ပါကစ္စတန်နှင့် ပေါင်းစည်းရေး ခဏစဉ်းစားလိုက်သေးသော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံတွင်း ၎င်းတို့ ကိုယ်ပိုင်နယ်မြေရရှိရေး တောင်းဆိုခဲ့ကြသည်။ နောက်ပိုင်း ဆယ်စုနှစ်များတွင် 'မူဂျာဟစ်ဒင်များ' နှင့် အခြားသောဒေသဆိုင်ရာ သောင်းကျန်းမှုများ တိုးပွားလာလိုက်၊ ဆုတ်ယုတ်လိုက်ဖြစ်ခဲ့သည်။ ၁၉၇၈ နှင့် ၁၉၉၀ ခုနှစ်များတွင် စစ်တပ်၏ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုများအပြီးတွင် သိန်းနှင့်ချီသည့် မွတ်ဆလင်များ ဒုက္ခသည်များအဖြစ် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရခိုင်ဒေသသည် လွန်စွာဆင်းရဲ၊ အထီးကျန်ဆန်သည့် တိုင်းပြည်၏ အဆင်းရဲဆုံးနှင့် အထီးကျန်ဆုံး ဒေသတစ်ခုဖြစ်လာသည်။


လူမျိုးစု အမှတ်လက္ခဏာ မေးခွန်းတစ်ရပ်


လူမျိုးနှင့် ယဉ်ကျေးမှု လေ့လာသည့် ဗြိတိန်ပညာရှင်များကဲ့သို့ပင် ဗမာအမျိုးသားရေးဝါဒီများသည်လည်း 'အနှစ်သာရ' က 'ဖြစ်တည်မှု' အရင် ဟူသော အမြင်ဖြင့် လူမျိုးစုသဘောတရားကို ချဉ်းကပ်သူများဖြစ်ကာ (များစွာသော ယနေ့ခေတ် နိုင်ငံတကာသတင်းသုံးသပ်သူများကဲ့သို့ပင် ဖြစ်နေသည်မှာ ကံမကောင်းခြင်းတစ်ရပ်ဖြစ်သည်) တိုင်းပြည်ကို တိုင်းရင်းသားနှင့် နိုင်ငံခြားမျိုးနွယ်များဟူ၍ ပိုင်းခြားလိုက်သည်။ တိုင်းပြည်သည် 'တိုင်းရင်းသား' ဟု တရားဝင် အသိအမှတ်ပြုထားသူများနှင့်သာ သက်ဆိုင်ပြီး ကျန်သူများမှာ 'ဧည့်သည်များ' ဟု ဗမာအမျိုးသားရေးဝါဒ၏ ပင်မယုံကြည်ချက်က ခံယူသည်။ ဥပမာအားဖြင့် ရှမ်းနှင့် ကချင်တို့သည် တိုင်းရင်းသားများဖြစ်သည်ဟု ရှုမြင်ကြသည်။ အလားတူပင် ၁၇ ရာစုတွင်း မန်ချူး ကျူးကျော်မှုမှ ထွက်ပြေးလာသည့် တရုတ်ဓားမြများမှ ဆင်းသက်လာသည့် ကိုးကန့် များ၊ ဘင်္ဂလားနယ်စားဟောင်း မဂိုမင်းသား ရှားရှဂျနှင့် တစ်ချိန်တည်းရောက်ရှိလာသည့် အာဖဂန်ဘိုးဘေးများမှ ဆင်းသက်လာသည့် မွတ်ဆလင်ကမန်တို့ကိုလည်း တိုင်းရင်းသားအဖြစ် သတ်မှတ်ထားသည်။ ၎င်းတို့သည် ဗြိတိန်အုပ်ချုပ်မှု မတိုင်ခင်ကာလတွင် ရောက်ရှိလာသူများဖြစ်သဖြင့် ၎င်းတို့ကို တိုင်းရင်းသားများအဖြစ် သတ်မှတ်ထားသည်။ ဗြိတိန်အုပ်ချုပ်မှုပြီးနောက် ဝင်ရောက်လာသည့် တမီးခရစ်ယာန်များ၊ နီပေါဟိန္ဒူများ၊ ယူနန်မွတ်ဆလင်များအပါအဝင် အခြား များစွာသောသူများကို တိုင်းပြည်တွင်နေထိုင်ရန် လက်ခံကြိုဆိုသော်လည်း ၎င်းတို့၏ ယဉ်ကျေးမှုများကိုမူ တူညီသောနည်းဖြင့် လက်ခံမည်မဟုတ်ဟု အမျိုးသားရေးဝါဒီများက ပြောဆိုကြသည်။


ယင်းအရေးသည် နိုင်ငံသားဖြစ်မှု အရေးမဟုတ်ပေ။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဥပဒေအရ ရွှေ့ပြောင်းနေထိုင်သူများနှင့် ၎င်းတို့၏ ကလေးများသည် နဂိုနိုင်ငံခြားသားဘဝမှ ဥပဒေအရ နိုင်ငံသားဖြစ်လာနိုင်သည်၊ သို့မဟုတ် ဆက်နွှယ်နိုင်ငံသား (Associate Citizens) အဖြစ်သာ အသိအမှတ်ပြုပြီး နိုင်ငံရေး အခွင့်အရေးကို လျှော့ချထားသည်။ သို့သော် တတိယမျိုးဆက်များကိုမူ မည်သည့်လူမျိုးရေး နောက်ခံမှလာသည်ဖြစ်စေ (ဥပမာအားဖြင့် ၂၀ ရာစုအစောပိုင်း ဘင်္ဂါလီမွတ်ဆလင် ရွှေ့ပြောင်းနေထိုင်သူများ၏ မြေးများ) နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးသည်။

ယင်းအရေးသည် ကိုယ့်အမြင်သူ့ အမြင်အရ အသီးအသီးယုံကြည်ထားသော သမိုင်းကြောင်းနှင့် ခွဲခြားဆက်ဆံမှုတို့နှင့် ပိုဆိုင်သည်။ ဘင်္ဂလားဒေ့ရှ်သည် မြောက်မြားလှစွာသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ ပင်မရင်းမြစ်ဖြစ်သည်ဟု ယနေ့တွင် မြန်မာအားလုံးလိုလိုက ယုံကြည်ထားသည်။ နယ်စပ်ဒေသအရာရှိများ အကျင့်ပျက်လာဘ်စားမှု၊ ဈေးချိုသည့်လုပ်အားရလိုသည့် စီးပွားရေးသမားများ၏ လောဘတို့ကို ၎င်းတို့ကပြစ်တင်သည်။ ရခိုင်မြောက်ပိုင်းတွင် နေထိုင်သူအများအပြားသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဖြစ်သည်ဟု ၎င်းတို့ကပြောကြားလျက်ရှိသည်။ အများအပြားသည် ဗြိတိသျှခေတ် ဘင်္ဂါလီရွှေ့ပြောင်းများမှ ဆင်းသက်လာသူများဖြစ်နိုင်ပြီး နိုင်ငံသား ဖြစ်ခွင့်ရှိသည်ဟု လက်ခံသော်လည်း ၎င်းတို့ကိုယ် ၎င်းတို့ 'ရိုဟင်ဂျာ' ဟု အမှတ်လက္ခဏာပြုခြင်းကို ဆန့်ကျင်သည်။


ရိုဟင်ဂျာဟူသည့် စကားလုံးသည် မြန်မာနိုင်ငံတွင် ရွံမုန်းဖွယ်စကားလုံးဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းစကားလုံးသည် တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားဖြစ်အောင် တောင်းဆိုမှုဟု ရှုမြင်နေခြင်းကြောင့် ဖြစ်သည်။ ၁၇ ရာစု ကဗျာဆရာ Shah Aloal သို့မဟုတ် မိန်းမစိုးနှင့် စစ်ဝန်ကြီး အရွတ်ခန်ကဲ့သို့သော ထူးချွန်သည့်မွတ်ဆလင်များ ရှေးဟောင်း ရခိုင်ဘုရင့်နိုင်ငံ မြောက်ဦးနန်းတော်တွင်း ရှိခဲ့ခြင်းကို အငြင်းပွားနိုင်မည်မဟုတ်ပေ။ ဗြိတိသျှတို့ ဝင်ရောက်မလာခင် အချိန်ကတည်းပင် ရခိုင်ဒေသတွင် ကျွန်များအဖြစ် ဖမ်းဆီးထားသည့် သိသာထင်ရှားသော အရေအတွက်ရှိသည့် ဘင်္ဂါလီမွတ်ဆလင်များရှိခဲ့သည်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်သည်။ မရှင်းလင်းသည်မှာ 'မည်သူတို့သည်' 'မည်သူတို့မှ' အမှန်တကယ်ဆင်းသက်လာသည်ဆိုခြင်းဖြစ်သည်။ အဆိုပါဒေသတွင်းရှိ မွတ်ဆလင်မျိုးစုံကို အာရကန်မဟာမေဒင်၊ စစ်တကောင်းသား၊ ဇေယဘဒီ၊ ကမန်၊ ဘင်္ဂါလီမွတ်ဆလင် စသဖြင့် ဗြိတိသျှတို့က အသုံးအနှုန်းမျိုးစုံဖြင့် ခေါ်ဝေါ်ခဲ့သည်။

၁၉၅၀ ပြည့်လွန်နှစ်များတွင် ဒေသခံမွတ်ဆလင် နိုင်ငံရေးသမားများသည် ကမန်များမှတစ်ပါး ကျန်အားလုံးကို လွှမ်းခြုံနိုင်မည့်၊ တိုင်းရင်းသား အမှတ်လက္ခဏာတစ်ခုအဖြစ် 'ရိုဟင်ဂျာ' ဆိုသည့် လူမျိုးနာမည်တစ်ရပ်ကို ပုံဖော်ခဲ့ကြသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်ကုန်ပိုင်းတွင် ရိုဟင်ဂျာဆိုသည့် နာမည်သည် ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင်များ မိမိကိုယ်ကိုယ် သတ်မှတ်သည့် နည်းလမ်းအဖြစ် အနိမ့်ဆုံးအားဖြင့် ပေါ်ထွက်လာသည်။ ယင်းသည် တိုင်းရင်းသားဖြစ်ခွင့် တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ဗမာတို့က ပြင်းပြင်းထန်ထန် ငြင်းပယ်လျက်ရှိသည်။


နောက်ဆုံး အခွင့်အရေး


မြန်မာနိုင်ငံတွင်း အသီးသီးကွဲပြားနေမှုကို ခွန်အားအဖြစ်ရှုမြင်ရန် ရန်ကုန်တက္ကသိုလ်၌ အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမား ပြောကြားလိုက်ချိန် လွန်ခဲ့သည့် ငါးနှစ်ခန့်ကာလက တိုင်းပြည်၏ အစပြုကာစ အသွင်ကူးပြောင်းမှုဖြစ်စဉ်သည် လစ်ဘရယ်ရှုမြင်ချက်များနှင့် ပေါင်းစည်းလိမ့်မည်၊ ငြိမ်းချမ်းမှုရရှိရေး ကြိုးပမ်းမှု၊ လွတ်လပ်သောဈေးကွက်နှင့် ဒီမိုကရေစီ တို့ အတူယှဉ်တွဲ ပေါ်ထွန်းလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ အလွယ်တကူပင် သတိမပြုလိုက်မိသည်မှာ လူမျိုးကို အခြေ ခံမည့် ဗမာအမျိုးသားရေးဝါဒ ပြန်လည်ပေါ်ထွန်းလာမှု၏ ခွန်အား၊ အရင်းရှင်စနစ်ကို ရာစုနှစ်နှင့်ချီကာ သံသယဝင်မှု၊ ဆယ်စုနှစ်ချီ စစ်ပွဲများမှ ရရှိနေသည့် စိတ်ဒဏ်ရာများ၊ အထီးကျန်မှု၊ အနောက်တိုင်း အရေးယူပိတ်ဆို့မှု၊ ပြည်သူကို ဝန်ဆောင်မှုပေးရန် ပေါ်ထွက်ထားခြင်းမဟုတ်သည့် နိုင်ငံတော် အင်စတီကျူးရှင်းများ၏ သဘောသဘာ၀ စသည်တို့ဖြစ်သည်။

ထို့အပြင် ဝင်ရောက်ဖြည့်တင်းမည်ကို စောင့်ဆိုင်းနေသည့် အိုင်ဒီယာလေဟာ နယ်ကြီးတစ်ခုလည်း ပေါ်ထွန်းခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ရခိုင်၌မတူညီသော လူ့အဖွဲ့အစည်းများအကြား အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ပြီး ရာနှင့်ချီသည့် ဗုဒ္ဓဘာသာဝင်များ၊ မွတ်ဆလင်များ သေဆုံးခဲ့သလို လူပေါင်းတစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည်။ ဗုဒ္ဓဘာသာဝင်များ-မွတ်ဆလင်များအကြား အကြမ်းဖက်မှုဓာတ်ပုံများသည် ကမ္ဘာတစ်ဝန်းမှ အစ္စလာမ်မစ်အကြမ်းဖက်ဝါဒပုံများနှင့် အင်တာနက်ပေါ်တွင် ပူးပေါင်းသွားသည်။ ရခိုင်ဒေသရှိ သောင်းနှင့်ချီသည့် မွတ်ဆလင်များစခန်းများတွင် နေထိုင်ခဲ့ရသလို လှေစီးထွက်ပြေးရန် အခြေအနေများက တွန်းအားပေးခဲ့သည်။ ယင်းနောက်တွင် ARSA ပေါ်ထွက်လာပြီး လက်ရှိ ဒုက္ခပေါ်ပေါက်လာသည်။


လာမည့်ရက်သတ္တပတ်များတွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆက်လက်တွေ့ဆုံကြမည်ဖြစ်သည်။ ရခိုင်ဒေသတွင်းဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှု ရပ်တန့်စေခြင်း၊ အရေးပေါ် လူသားချင်းစာနာ ထောက်ထား လိုအပ်ချက်များအတွက် အကူအညီများ စုဆောင်းခြင်း စသည်တို့အပေါ် အာရုံထားရာတွင် ကောင်စီ၏ လုပ်ဆောင်ချက် မှန်ကန်ပါသည်။ အလားတူ မြန်မာနိုင်ငံ၏ အခြေအနေသည် 'တဲတဲလေး' ဖြစ်နေကြောင်း အသိအမှတ်ပြုရေးမှာလည်း အရေးကြီးသည်။ မြန်မာနိုင်ငံသည် အာရှဗဟိုချက်တွင်ရှိသည့် လစ်ဘရယ်ဒီမိုကရေစီနှင့် ငြိမ်းချမ်းကြွယ်ဝသည့် လမ်းဆုံတစ်ခု ဖြစ်နိုင်သေးသည်။ သို့သော် အခြားသော ဖြစ်နိုင်ခြေတစ်ရပ်လည်းရှိနေသည်။ 'အမျိုးသားရေးလက်သစ်ဝါဒက လစ်ဘရယ်မဆန်သောနှင့် နိုင်ငံခြားသား မလိုလား ကြောက်ရွံ့သည့်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ရွေးချယ်၊ အုပ်စုကွဲများကြား တင်းမာမှုသည် ရခိုင်တွင်သာမက ကျန်ဒေသများထံသို့လည်း ပျံ့သွား နိုင်ကာ အကြမ်းဖက်မှုများဖြစ်၊ အခြားနယ်စပ်ဖြစ်သည့် တရုတ်နယ်စပ်တစ်လျှောက် တိုက်ခိုက်မှုများ ပိုမိုဆိုးရွားလာကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖရိုဖရဲဖြစ်သွား၊ စီးပွားရေးကလည်း သာသာယာယာဘဝနှင့်ဆင်သည့် ဘာကိုဘာမျှမဖြည့်ဆည်း၊ ဒီမိုကရေစီ အပြောင်းအလဲ၏ နှစ်သက်စရာကောင်းမှုများကိုလည်း တဖြည်းဖြည်းနှင့် သံသယဝင်ကြ' ဟူသော ဖြစ်နိုင်ခြေမျိုး။


မြန်မာပြည်၏ မိတ်ဆွေများအနေနှင့် ဒေသဆိုင်ရာသမိုင်းကြောင်းကို ယခင်ကထက်ပို နားလည်သိမြင်ပြီး ဒေသခံတို့၏ စိတ်ခံစားချက်များကိုလည်း ယခင်ကထက်ပို နားလည်ထိတွေ့နိုင်ရန် လိုအပ်သလို 'အနှစ်သာရက ဖြစ်တည်မှုအရင်' ဟူသော လူမျိုးစုသဘောတရားအမြင်မှ ဗမာတို့ ခွာနိုင်အောင် အကူအညီပေးသင့်ပြီး မြန်မာနိုင်ငံ၏ ရှုပ်ထွေးမှုများကို သိမြင်သဘောပေါက်လက်ခံသင့်သည်။


(ဒေါက်တာသန့်မြင့်ဦး ရေးသားသည့် Nikkei Asian Review ပါ Myanmar's resurgent nationalism shapes new political landscape ကို ဒေါက်တာသန့်မြင့်ဦး၏ သဘောတူညီချက်အရ ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်သည်။ ဒေါက်တာသန့်မြင့်ဦးသည် သမိုင်းပညာရှင်နှင့် စာရေးဆရာတစ်ဦးဖြစ်ပြီး မကြာသေးမီက 'Where China Meet India: Burma and the New Crossroads of Asia (2012)' စာအုပ်ကို ရေးသားခဲ့သည်။ ယခုဆောင်းပါးသည် စာရေးသူဒေါက်တာသန့်မြင့်ဦး၏ အာဘော်သာဖြစ်သည်။ အယ်ဒီတာ)


ဘာသာပြန်ဆိုသူ- ချမ်းမြေ့


Source: https://thevoicejournal.com/archives/6376?fbclid=IwAR39yzGHwy6kIZ8_XFQxA4xTK4CFMWWSw5ViEW357XI9pWOawWF6GFBEjxw

0 views

©2019 by Thant Myint-U.