Search
  • Thant Myint-U

အမျိုးသား အမှတ်လက္ခဏာ ဆက်လက်ရှာဖွေရဦးမည့် မြန်မာနိုင်ငံ

Updated: Jun 23

22 June 2017 | The Voice


လွန်ခဲ့သည့် နှစ် ၈၀ နီးပါးက ယခု မြန်မာဟု ခေါ်တွင်သည့် ဗမာပြည်သည် အိန္ဒိယပြည်ကနေ ခွဲထွက်ခဲ့ရသည်။ ခွဲထွက်လိုက်ခြင်းသည် နိုင်ငံ၏ သမိုင်းကြောင်းတွင် အရေးအကြီးဆုံး အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည့်တိုင် ယင်းကို သတိပြုမိခြင်း မရှိခဲ့ပါ။


၁၉၃၅ တွင် ယူကေ ပါလီမန်က ဗမာပြည်အုပ်ချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ကာ ၁၉၃၇ အလယ်တွင် ဗမာပြည်သည် အိန္ဒိယ အင်ပါယာ၏ ပြည်နယ်တစ်ပြည်နယ် ဖြစ်ခဲ့ရာမှ ကိုယ်ပိုင်ရွေးကောက်ခံ အစိုးရ၊ လွှတ်တော်နှင့် လန်ဒန်သို့ တိုက်ရိုက်အစီအရင်ခံရသော ဘုရင်ခံတစ်ဦးရှိသည့်ပြည် ဖြစ်လာခဲ့သည်။


ယင်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး အတွက် လှေကားထစ်တစ်ခု ဖြစ်လာခဲ့ပြီး ဗမာ၏ သီးခြားအမှတ်အသား သရုပ်လက္ခဏာကို အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။


နှစ်ပေါက်အောင် ပြင်းထန်သော ဆွေးနွေးငြင်းခုံမှုများ ပြုလုပ်ခဲ့ပြီးနောက် ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းကာလတွင် အမှတ်အသား သရုပ်လက္ခဏာနှင့် ဆက်စပ်နေသော ပြဿနာများသည် ဖြစ်ခါစပင် ရှိနေပါသေးသည်။ ကျန်ရှိနေသော ၂၀ ရာစု ကာလများတွင်မှ ပြဿနာများ ကြီးထွားလာပြီး စစ်ပွဲများ၊ အထီးကျန်မှုနှင့် ဆင်းရဲမွဲတေမှုများဆီသို့ ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။


ယနေ့တွင်တော့ အလားတူ ပြဿနာရပ်များသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လည်းကောင်း၊ မွတ်ဆလင် အသိုင်းအဝိုင်းများ၏ ကံကြမ္မာကို လည်းကောင်း၊ တစ်ကမ္ဘာလုံးနှင့် စီးပွားရေး ချိတ်ဆက်လုပ်ကိုင်ရာတွင် လည်းကောင်း ဆက်လက်ဖြစ်ပွားလျက် ရှိနေသည်။ ၎င်းပြဿနာရပ်များကို ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်အပြင် ယင်းတို့သည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အဓိက အရေးကြီးနေသော ကိစ္စရပ်များ ဖြစ်နေသည်။


အိန္ဒိယနိုင်ငံကနေ ခွဲထွက်ခြင်းသည် ဗမာ အမျိုးသားရေးဝါဒအတွက် ကြီးစွာသော အောင်ပွဲတစ်ရပ် ဖြစ်ခဲ့ပါသည်။ ဗမာများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ဧရာဝတီမြစ်ဝှမ်းလွင်ပြင် ဒေသများတွင် နေထိုင်ကာ အများစုသည် ဗမာစကားပြောသူများ ဖြစ်ကြပါသည်။ ၁၉ ရာစုတွင် အင်္ဂလိပ်-ဗမာ စစ်ပွဲသုံးကြိမ်က ဘူတန်နိုင်ငံ အနီးအနားကနေ ဘန်ကောက်မြို့ပြင်နားထိ ရှည်လျားသည့် ၎င်း၏ အင်ပါယာကို ပျက်စီးစေခဲ့ပါသည်။ ၁၈၈၅ တွင် နှစ်ပေါင်းထောင်ချီနေပြီ ဖြစ်သော ဗမာတို့၏ ဘုရင်စနစ်ကို ဗြိတိန်က ဖြိုဖျက်ခဲ့ပြီး ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသကို သိမ်းပိုက်ကာ ဗြိတိသျှဘားမားဟု ခေါ်တွင်သည့် အိန္ဒိယပြည်သစ်ကို ထူထောင်ခဲ့ကြသည်။ ဗမာများ၏ အမျိုးသားရေးစိတ်ဓာတ်သည် ဘယ်တော့မှ နာလန်မထူလာတော့ပါ။


ကိုလိုနီပြု အုပ်ချုပ်မှုက စီးပွားရေး တိုးတက်မှုကို ဆောင်ကြဉ်းလာမှုနှင့်အတူ အိန္ဒိယ တိုက်ငယ်ကနေ စိစစ်ထိန်းကျောင်းမှု မရှိသော ရွှေ့ပြောင်းနေထိုင်သူ သန်းနှင့်ချီ ဗမာပြည်သို့ ရောက်ရှိလာခဲ့ပါသည်။ ဗမာပြည်သည် ပို၍ ကြွယ်ဝချမ်းသာသောနေရာ ဖြစ်ခဲ့ပြီး အိန္ဒိယ မိသားစုများအတွက် အခွင့်အလမ်းများ ပေးစွမ်းနိုင်သော ‘ပထမ အမေရိကန်ပြည်ထောင်စု’ လို ဖြစ်ခဲ့ပါသည်။ ၁၉၂၀ ခုနှစ်များ နှောင်းပိုင်းတွင် ရန်ကုန်သည် နယူးယောက်မြို့နှင့်အပြိုင် ကမ္ဘာ့အကြီးမားဆုံးသော ရွှေ့ပြောင်းနေထိုင်သူများ လာရောက်ရာနေရာ ဖြစ်ခဲ့ပြီး ၁၉၂၇ တစ်နှစ်အတွင်းမှာပင် ၄၂၈,၃၀၀ ဦး ရောက်ရှိလာခဲ့သည်။ (ယင်းအချိန်က ဗမာပြည် လူဦးရေမှာ ၁၀ သန်း ဝန်းကျင်သာ ရှိခဲ့ပါသည်။) ရန်ကုန်သည် အိန္ဒိယလူမျိုးတို့၏ မြို့တော် ဖြစ်လာခဲ့သည်။


ဗမာများ အတွက်တော့ ခေတ်မီမှု ဆိုသည်မှာ ဥရောပတိုက်က လူမျိုးများက ထိပ်ဆုံးနေရာတွင် ရှိနေသော၊ အိန္ဒိယလူမျိုးများက အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးလုပ်ငန်း များစွာကို လွှမ်းမိုးထားသည့်အပြင် မြို့ပြအခြေခံလူတန်းစား နေရာများတွင်ကိုပါ ဝင်ရောက်လာနေသော လူ့အဖွဲ့အစည်းအဖြစ် နားလည်ထားကြသည်။ ခံစားချက်များ နာကျင်လာခဲ့ပြီး ပို၍နည်းပါးသော တရုတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူများကိုလည်း ဆန့်ကျင်ခဲ့သည်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး ဖြစ်ပေါ်လာသောအခါ တင်းမာမှုများမှာ ပေါက်ကွဲထွက်လာသည်။ ပထမအကြိမ် အိန္ဒိယလူမျိုး ဆန့်ကျင်ရေး အဓိကရုဏ်းများမှာ ရန်ကုန်မြို့တွင် ၁၉၃၀ ၌ ဖြစ်ပွားခဲ့ပြီး ပထမအကြိမ် တရုတ်လူမျိုး ဆန့်ကျင်ရေး အဓိကရုဏ်းများမှာတော့ ၁၉၃၁ တွင် ဖြစ်ပွားခဲ့သည်။


အမျိုးဂုဏ်တက်မှု


ပထမမျိုးဆက် နိုင်ငံရေးသမားများမှာ ယင်းကာလလောက်မှာပင် ပေါ်ထွက်လာခဲ့ပြီး အမျိုးဂုဏ်ကို ထိန်းသိမ်းရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြသည်။ တော်လှန်ရေးဆန်သည့် အဖွဲ့များထဲက တစ်ဖွဲ့က သူတို့ကိုယ်သူတို့ တို့ဗမာဟု အမည်တွင်စေခဲ့ပြီးSinn Fein ၏ အိုင်ယာလန် အမျိုးသားရေးဝါဒထံကနေ သဘောတရားများ ရယူခဲ့ခြင်း ဖြစ်သည်။ ယနေ့ နိုင်ငံတော်သီချင်း ဖြစ်နေသည့် သူတို့၏ သီချင်းတွင်လည်း ‘ဒါတို့မြေ’ ဆိုသည့် စာသားမျိုး ပါဝင်နေသည်။ တစ်နည်းဆိုရလျှင် ဒါဟာ မင်းတို့မြေ မဟုတ်ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။ အများစုက နိုင်ငံခြား စီးပွားရေး လုပ်ငန်းများကို အမြတ်လာထုတ်မှုအဖြစ် ရှုမြင်ထားကြပြီး ဥရောပရှိ လက်ဝဲစွန်းသာမက လက်ယာစွန်း အယူအဆများကိုပါ သဘောကျ နှစ်ခြိုက်ကြသည်။ အချို့က ဗုဒ္ဓဘာသာမှာ ထိခိုက်နစ်နာမှုများ ရှိနေပြီဟု မြင်လာကြပြီး ၁၉၃၈ တွင် မွတ်ဆလင် ဆန့်ကျင်ရေး လူမျိုးရေး အဓိကရုဏ်းများ စတင်ဖြစ်ပွားခဲ့သည်။ ဗမာအမျိုးသားရေးဝါဒမှာ ယနေ့ ကျွန်တော်တို့ ခေါ်နေသည့် ကမ္ဘာပြုမှုဖြစ်စဉ်ကြီးကို ဆန့်ကျင်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် စတင်ခဲ့ခြင်း ဖြစ်သည်။


ယင်းကဲ့သို့ အမြဲတမ်း ဖြစ်ခဲ့ခြင်းမျိုး မဟုတ်ပါ။ ၁၈ နှင့် ၁၉ ရာစုနှစ်များက ဗမာဘုရင်များသည် ဂေါတမဗုဒ္ဓ၏ သာကီမျိုးနွယ်ဝင်များထံမှ ဆင်းသက်လာသူများအဖြစ် ဆိုခဲ့ကြပြီး အိန္ဒိယကို ရှားပါးသောနေရာဒေသနှင့် ဉာဏ်ပညာ ဗဟုသုတများ ထွန်းကားရာ အရပ်ဒေသအဖြစ် ရှုမြင်ခဲ့ကြသည်။ မန္တလေး မင်းနေပြည်တော် ကျဆုံးချိန်ဖြစ်သော ၁၈၈၅ အထိ အိန္ဒိယနည်းလမ်းများမှာ တစ်စုံတစ်ရာ အတုယူ လုပ်ဆောင်သင့်သည့် နည်းလမ်းများအဖြစ် ရှုမြင်ခဲ့သည်။ ထိုနှစ်၌ပင် အိန္ဒိယနိုင်ငံ ဘန်နာစီ ပြည်နယ်မှ ဂိုဗင်ဒါဟု အမည်တွင်သည့် ပုဏ္ဏားမျိုးနွယ်ဝင်တစ်ဦးမှာ တော်ဝင်မျိုးနွယ်များ၏ ထုံးတမ်းဓလေ့အတိုင်း ဖြစ်စေဖို့ ပြန်လည်သုံးသပ် စိစစ်ရန်နှင့် လိုအပ်လျှင် အမှန်ပြင်ပေးရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။


ယခုမေလတွင် Facebook က ကုလားဆိုသည့် စကားကို လူမျိုးရေး ခွဲခြားသော အမုန်းပွားစေသည့် စကားဖြစ်သည်ဟု ဆိုကာ ပိတ်ပင်ခဲ့သည်။ သို့သော် ယခင်ကာလတုန်းက ကုလားဆိုသည့် စကားလုံးမှာ အဆင့်အတန်း မြင့်မားခြင်းကို ညွှန်းဆိုခြင်း ဖြစ်သည်။ သို့သော်ငြားလည်း ကိုလိုနီမတိုင်ခင် ခေတ်ကာလတုန်းကပင်လျှင် ကုလားဆိုသည့် စကားလုံးနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှိခဲ့ပါသည်။ ဗမာများအတွက်တော့ ကုလားဆိုသည့် စကားလုံးမှာ အနောက်ကနေ လာရောက်နေထိုင်သူများကို ခေါ်ဆိုသည့် မျိုးနွယ်စုဆိုင်ရာ စကားလုံး ဖြစ်ခဲ့ပါသည်။ အထူးသဖြင့် အိန္ဒိယက လူများကို ဆိုခြင်းဖြစ်သော်လည်း ပါရှန်း၊ အာရပ်နှင့် ဥရောပလူမျိုးများလည်း ပါဝင်ပါသည်။ သို့သော် ၁၉ ရာစုနှစ်တွင် ဗမာများ၏ အတွေးထဲသို့ အသိတစ်မျိုး ဝင်လာသည်။ ယင်းမှာ ဗမာများသည် ဗုဒ္ဓဘာသာဝင် မျိုးနွယ်စုများ ဖြစ်ကြပြီး ခရစ်ယာန်နှင့် မွတ်ဆလင် ကုလားတို့မှာ မြင့်မြတ်သော မြေပေါ်တွင် လာရောက်နေထိုင်ကြသော အပြင်လူမျိုး ဖြစ်ကြသည်ဟူ၍ ဖြစ်သည်။ ၁၈၅၅ တွင် မင်းတုန်းဘုရင်က လာရောက်လည်ပတ်သည့် အရာရှိ ဆာ အာသာ ဖဲယာအား “ကျွန်တော်တို့ လူမျိုးဟာ သင်တို့ရောက်ရှိနေတဲ့ နိုင်ငံတွေကို တစ်ကြိမ်တစ်ခါတုန်းက အုပ်စိုးခဲ့ဖူးတယ်။ အခုတော့ ကုလားတွေက ကျွန်တော်တို့နဲ့ နီးလာလျက် ရှိနေပြီ” ဟု ဆိုခဲ့ဖူးသည်။


ကိုလိုနီဝါဒမှာ အရိုအသေထားရှိမှုနှင့် ရှုပ်ထွေးမှုများ ရောစပ်ထားသော မျိုးနွယ်စုဆိုင်ရာ ခံယူချက်ကို လူမျိုးရေး အမုန်းတရားဆီသို့ အသွင်ပြောင်းလဲစေခဲ့ပါသည်။ အိန္ဒိယပြည်မှ ဗမာပြည် ခွဲထွက်မှုနှင့်အတူ ရွှေ့ပြောင်းနေထိုင်မှုများအပေါ် ထိန်းချုပ်ကန့်သတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ၁၉၄၂ တွင် ဂျပန်က ဝင်ရောက်ကျူးကျော်သည့် အခါက အိန္ဒိယလူမျိုး ထောင်နှင့်ချီ ထွက်ပြေးခဲ့ပြီး ဗမာအမျိုးသားရေးသမားများ၏ အကြမ်းဖက်မှုကို ကြောက်လန့်သဖြင့် ဘယ်တော့မှ ပြန်မလာကြတော့ပေ။ လွတ်လပ်ရေးရပြီး အချိန်တွင်လည်း အများအပြား ထွက်သွားကြသည်။ ထို့အပြင် အိန္ဒိယနှင့် တရုတ်လူမျိုးများပိုင် စီးပွားရေး လုပ်ငန်းများကို ဗမာ့ဆိုရှယ်လစ်လမ်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြည်သူပိုင်သိမ်းသော ၁၉၆၀ ကျော် နှစ်များတွင်လည်း ထပ်မံထွက်သွားကြသည်။ ထို့နောက်တွင် နိုင်ငံခြားသားကြောက်ရောဂါမှာ တရားဝင်မူဝါဒ ဖြစ်လာခဲ့သည်။


နယ်မြေများ ခွဲခြားထားမှုနှင့် သစ္စာရှိမှုများ


၁၉၃၅ ဗမာပြည် အုပ်ချုပ်ရေး ဥပဒေသည်လည်း ပြည်တွင်း၌ ကွဲအက်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ကိုလိုနီမပြုခင် ဗမာပြည်သည် ကွဲပြားခြားနားသော လူမျိုးများနှင့် တိုင်းနိုင်ငံများစွာ တက်လိုက်ကျလိုက် အမြဲဖြစ်ပေါ်နေသော နေရာဖြစ်သည်။ ခေတ်သစ်ဗမာပြည် မြေပုံသည် အသစ်ဖြစ်သည်။ သို့သော် နှောင်းပိုင်း ကိုလိုနီအုပ်ချုပ်ရေးသည် နိုင်ငံအသစ်ကို စည်းလုံးမှု ရှိစေရန် ဘာမှဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့ပါ။ ယင်းအစား လူမျိုးရေး သတ်မှတ်ခွဲခြားမှုများနှင့် နိုင်ငံရေး အကွဲအပြဲများ ဖြစ်ပေါ်အောင်သာ ဆောင်ရွက်ခဲ့သည်။


သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၈၆၁ မှ ၁၉၃၁ အထိ ၁၀ နှစ် တစ်ကြိမ် ကောက်ယူခဲ့ရာ ဗြိတိန်သည် လူမျိုးရေး ရောထွေးမှု သဘောတရားကို ပြုလုပ်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ အိန္ဒိယတွင် လူများသည် ဇာတ်စနစ်ဖြင့် ခွဲခြားခြင်းခံရသည်။ အချိန်ကာလတစ်ခုအထိ ဗမာ၊ ရခိုင်နှင့် အချို့လူမျိုးများကို ဇာတ်စနစ် ဇယားတွင် ထည့်သွင်းထားခဲ့သည်။ သို့သော်ငြားလည်း ၁၉၀၀ အစောပိုင်း ကာလများတွင် ဗြိတိန်သည် နှိုင်းရ ဘာသာဗေဒ သဘောတရား အယူအဆများကို စွဲယူကာ ဗမာပြည်ရှိ လူများကို ဘာသာစကားအရ အမျိုးအစား ခွဲခြားမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ယင်းသည် ကိုလိုနီခေတ်မတိုင်မီ သဘောတရားဖြစ်သော ဗမာ၊ ရှမ်း၊ မွန်နှင့် အခြားသော လူမျိုးများ အစရှိသည့် စာရင်းနှင့်လည်း တစ်စုံတစ်ရာ အတိုင်းအတာထိ ဆက်စပ်နေသည်။


သို့သော် ၂၀ ရာစုတွင် လူမျိုးရေးကို တစ်စုံတစ်ရာ ပြင်ဆင်နိုင်စွမ်း မရှိသော နိုင်ငံတော်မူဝါဒနှင့် ဆက်စပ်နေသော အရာများကဲ့သို့ မြင်လာကြသည်။ အချို့လူမျိုးများကို ဌာနတိုင်းရင်းသားများအဖြစ် ရှုမြင်ကြပြီး အချို့ကိုတော့ ယင်းကဲ့သို့ မမြင်ပေ။ အချို့ကို စစ်တပ်အတွင်း ဗမာများကဲ့သို့ပင် တာဝန်ထမ်းဆောင်ရန် ခေါ်ယူခဲ့စဉ်တွင် အချို့က ပါဝင်ပြီး အချို့လူမျိုးများက တပ်ကနေ အများအပြား ထွက်ခဲ့ကြသည်။


ထို့အပြင် ပထဝီ အနေအထားအရ ကွဲပြားမှုလည်း ရှိနေသည်။ ဗမာပြည် မြေပြန့်ဒေသကို ကိုလိုနီအုပ်ချုပ်ရေးက တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တိုးပေးသွားမည်ဟု သဘောတူခဲ့သည်။ ယင်းမှာ ကမ္ဘာပြုမှု ဖြစ်စဉ်ကြီးတွင် ပါဝင်နေသော၊ ရွှေ့ပြောင်းနေထိုင်မှုများ ရှိနေသော၊ ကိုလိုနီစနစ် အုပ်ချုပ်ရေးကို ဆန့်ကျင်သော ဗမာပြည်ဖြစ်ခဲ့ပြီ ဗမာအမျိုးသားရေးဝါဒလည်း ပေါ်ထွက်လာခဲ့သည်။ အကြီးမားဆုံးသော လူနည်းစု တိုင်းရင်းသားမှာ ကရင်များဖြစ်ပြီး ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင် ကရင်အမျိုးသားရေး လှုပ်ရှားမှုများ ရှိခဲ့သည်။ ၁၉၃၇ ပါလီမန်လွှတ်တော်တွင် သူတို့အတွက် အမတ်နေရာများ ပေးအပ်ခဲ့သည်။


လွတ်လပ်ရေးကို ချဉ်းကပ်ရာတွင်လည်း ကရင်ခေါင်းဆောင်များက ဓနသဟာယ နိုင်ငံများအတွင်း ၎င်းတို့ တိုင်းရင်းသားများ၏ အမိမြေနေရာကိုပေးရန်အတွက် လန်ဒန်ကို တောင်းဆိုခဲ့သည်။ ၎င်းတို့သည် စစ်ပွဲအတွင်းတွင် ဗြိတိန်နှင့်အတူ သစ္စာရှိရှိ တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့၏ တောင်းဆိုမှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည့်အခါ သစ္စာဖောက်ခံရသည်ဟု ခံစားခဲ့ရသည်။


ပြည်မနှင့်မတူသော တောင်တန်းဒေသများ အရေးလည်း ရှိသည်။ တောင်တန်းဒေသများသည် နိုင်ငံ၏ ထက်ဝက်နီးပါးရှိပြီး တိုက်ရိုက်အုပ်ချုပ်ခြင်း မခံရသော နေရာများဖြစ်သည်။ ယင်းဒေသများကို ၎င်းတို့၏ ကိုယ်ပိုင် တိုင်းရင်းသား ခေါင်းဆောင်များက အုပ်ချုပ်ကြပြီး စီးပွားရေး ခေတ်မီတိုးတက်မှုနှင့် ၁၉၃၀ နှစ်များက လုပ်ဆောင်ခဲ့သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကနေ လုံးဝပါဝင်ခြင်း မရှိသော ဒေသများ ဖြစ် သည်။ ၁၉၄၇ တွင် ဗြိတိန်တို့ ဗမာပြည်မှ ထွက်ခွာတော့မည့်အခါ ရှမ်းနှင့် အခြားသော တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံသစ် ထူထောင်ရာတွင် ယာယီအားဖြင့် ကျန်ရှိသောသူများနှင့် ပူးပေါင်းခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရမည်ဟု အာမခံပေးခဲ့ပြီး ဤနည်းဖြင့် လူမျိုးရေးနှင့် နယ်မြေသဘောတရားများသည် တပေါင်းတစည်းတည်း ဖြစ်သွားခဲ့ရသည်။


နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်မှု မအောင်မြင်ခဲ့သည့် အချိန်ကတည်းက ကိုလိုနီစနစ်က ချန်ထားခဲ့သည့် သမိုင်းအမွေဆိုးကို ကျော်လွှားအောင်မြင်ခြင်းလည်း မရှိ၊ စစ်ပွဲများကလည်း တိုင်းရင်းသား လူမျိုးရေးနှင့် ဆက်စပ်နေပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ကာ တစ်သီးတခြား ရပ်တည်လာခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည်။


အဓိကကျသော စိန်ခေါ်မှုမှာ ဗမာအမျိုးသားရေးဝါဒနှင့် ၎င်းနှင့်ဆက်နွှယ်နေသော အားလုံးပါဝင်သည့် အမျိုးသားရေး အမှတ်အသား သရုပ်လက္ခဏာပင် ဖြစ်သည်။ ဗမာအမျိုးသားရေးဝါဒီများသည် ပြင်ပလူများ၏ ခြိမ်းခြောက်မှုထံကနေ (အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံမှ လာသော အိန္ဒိယနှင့် တရုတ်လူမျိုးများ) နိုင်ငံကို ကာကွယ်ဖို့နှင့် စည်းစည်းလုံးလုံး ရှိကြဖို့ကို အဓိကထား လုပ်ဆောင်ခဲ့ကြသည်။ လူနည်းစုများကို ဌာနေတိုင်းရင်းသားလူမျိုးများအဖြစ် လက်ခံဖို့မှာ ဗမာများအတွက် သိသာထင်ရှားသည့် ရည်မှန်းချက် ဖြစ်သည်။


စိန်ခေါ်မှုမှာ ဗမာအမျိုးသားရေးဝါဒ ကိုယ်တိုင် ဖြစ်နေသော်ငြားလည်း လွတ်လပ်ရေးခေတ်လွန်ကာလ နိုင်ငံ၏ မညီမျှမှုများ ကြုံတွေ့ခဲ့ရသော၊ စီးပွားရေး အခွင့်အလမ်းများ မရရှိခဲ့ကြသော တိုင်းရင်းသားလူမျိုးများက ၎င်းတို့၏ အမှတ်အသား သရုပ်လက္ခဏာမှာ ဗမာကြီးစိုးသည့် ခေတ်မီရေးဖြစ်စဉ်ကြီးတွင် ပျောက်ကွယ်သွားလိမ့်မည်ကို စိုးရိမ်ပူပန်နေကြသည်။


အမှတ်သား သရုပ်လက္ခဏာကို ပြန်လည်သတ်မှတ်ခြင်း


ဒါဆို မည်သူဟာ တိုင်းရင်းသားလူမျိုး ဖြစ်ပါသလဲ။ ၁၉၉၀ အစောပိုင်း နှစ်ကာလများ၌ မြန်မာတပ်မတော်အစိုးရသည် ၁၉၂၁ က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းကနေ စွဲယူကာ မြန်မာနိုင်ငံတွင် လူမျိုးအရေအတွက် ၁၃၅ မျိုး ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းတို့ထဲတွင် ၁၇ ရာစုက ရွှေ့ပြောင်းနေထိုင်သူ မဂိုမင်းသား၏ သက်တော်စောင့်များကနေ ဆင်းသက်လာသော မွတ်ဆလင်ဘာသာဝင်များ ဖြစ်သည့် ကမန်တိုင်းရင်းသားနှင့် ၁၆၀၀ နှစ်များက မန်းချူးများထံကနေ ထွက်ပြေးလာသည့် တရုတ်စကားပြော ကိုးကန့်တိုင်းရင်းသားများ ပါဝင်သည်။


၁၉ နှင့် ၂၀ ရာစုများတွင် ရွှေ့ပြောင်းနေထိုင်ကြသည့် အိန္ဒိယနှင့် တရုတ်လူမျိုးထံမှ ဆင်းသက်လာသူ များတော့ မပါဝင်ပေ။ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် လူဦးရေမှာလည်း မပါဝင်ပါ။ ယခုဆိုလျှင် မွတ်ဆလင် လူဦးရေသည် ၃ ဒသမ ၁ သန်းကျော် ရှိသော ရခိုင်ပြည်နယ် လူဦးရေ၏ သုံးပုံတစ်ပုံ ပမာဏ ရှိသည်။ ဗမာနှင့် ရခိုင်အမျိုးသားရေးဝါဒီများသည် ၎င်းတို့အား ကိုလိုနီခေတ်က ဘင်္ဂလားပြည်နယ်မှ ရွှေ့ပြောင်းနေထိုင်သူများ (သို့မဟုတ်) များမကြာမီက တရားမဝင် ရွှေ့ပြောင်းနေထိုင်ကြသူများအဖြစ် ရှုမြင်ထားကြသည်။ သူတို့က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဆိုသည့် အမည်ကို မွေးစားကာ ဌာနေတိုင်းရင်းသားများ ဖြစ်သည်ဟု ဆိုကြသည်။


၂၀၁၂ ကတည်းက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများသည် ပြည်တွင်းတိုင်းရင်းသားရေးရာ ပဋိပက္ခများကို ဒုတိယကမ္ဘာစစ်ကာလ အခြေအနေသို့ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားစေသည်။ သို့သော် ခွဲခြားဆက်ဆံမှုများကို ဖြစ်စေသည့် ပြဿနာဇာစ်မြစ်မှာ ခေတ်သစ်နိုင်ငံရေးတွင် ပေါ်ထွန်းလာနေသည့် ရွှေ့ပြောင်းနေထိုင်ခြင်းကို ဆန့်ကျင်မှုနှင့် ချိတ်ဆက်နေသည်။ တိုင်းရင်းသားဆိုသည့် သဘောတရားကို ဘယ်တော့မှ ပြောင်းလဲခြင်း မရှိသော အရာကဲ့သို့ လည်းကောင်း၊ ထွန်းသစ်စနိုင်ငံတွင် ပါဝင်ရမည့် (သို့မဟုတ်) ထုတ်ပယ်ရမည့် တိုင်းရင်းသားအုပ်စုများအဖြစ် လည်းကောင်း ရှုမြင်ထားကြသည်။


ဒါဆိုရင် အနာဂတ်က ဘယ်လိုဖြစ်လာမလဲ။ မြန်မာနိုင်ငံသည် အလျင်အမြန် ပြောင်းလဲနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ပြည်သူများသည် ယခင်က ဘယ်တော့မှ မရှိခဲ့ဖူးသည့် ပြောင်းလဲနေထိုင်မှုများကို နိုင်ငံခြားမှသော်လည်း၊ ပြည်တွင်း၌သော် လည်းကောင်း လုပ်ဆောင်လျက် ရှိနေသည်။ သွေးနှောများ ရှိလာသလို၊ တိုင်းရင်သားလူမျိုးတစ်ဦးက အခြားသော တိုင်းရင်းသားလူမျိုးတစ်ဦးကို လက်ထပ်ခြင်းလည်း ရှိနေသည်။ မြို့ပြဖြစ်ထွန်းမှုမှာလည်း အရှိန်အဟုန်နှင့် ထွန်းကာလာကြပြီး မကြာမီ လူအများစုမှာ ပို၍ ကြီးမားသော မြို့ကြီးအနည်းငယ်တွင် နေထိုင်လာလိမ့်မည်။ ဒါဆိုရင် အနာဂတ်က ဘယ်လိုဖြစ်လာမလဲ။ မြန်မာနိုင်ငံသည် အလျင်အမြန် ပြောင်းလဲနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ပြည်သူများသည် ယခင်က ဘယ်တော့မှ မရှိခဲ့ဖူးသည့် ပြောင်းလဲနေထိုင်မှုများကို နိုင်ငံခြားမှသော်လည်း၊ ပြည်တွင်း၌သော် လည်းကောင်း လုပ်ဆောင်လျက် ရှိနေသည်။ သွေးနှောများ ရှိလာသလို၊ တိုင်းရင်သားလူမျိုးတစ်ဦးက အခြားသော တိုင်းရင်းသားလူမျိုးတစ်ဦးကို လက်ထပ်ခြင်းလည်း ရှိနေသည်။ မြို့ပြဖြစ်ထွန်းမှုမှာလည်း အရှိန်အဟုန်နှင့် ထွန်းကာလာကြပြီး မကြာမီ လူအများစုမှာ ပို၍ ကြီးမားသော မြို့ကြီးအနည်းငယ်တွင် နေထိုင်လာလိမ့်မည်။


ယင်းရှုထောင့်အရ မြန်မာနိုင်ငံ၏ အကြီးမာဆုံးသော ခြိမ်းခြောက်မှုမှာ အာဏာရှင်စနစ်ကို ပြန်မသွားရေး မဟုတ်ဘဲ မလွတ်လပ်သည့် ဒီမိုကရေစီသည် အနုတ်လက္ခဏာဆောင်သည့် အမျိုးသားရေးဝါဒ နှင့် ချိတ်ဆက်နေသည့် အရေးသာဖြစ်သည်။ ယခုအချိန်သည် ရိုးသားရတော့မည်ဖြစ်ပြီး သမိုင်းကို ပြန်လည်ဆန်းစစ်ဝေဖန် စောကြောရတော့မည် ဖြစ်ကာ ၂၁ ရာစု မြန်မာအမှတ်အသား သရုပ်လက္ခဏာတွင် လူမျိုးများ ပိုမိုပါဝင်နိုင်ရေးအတွက် အသစ်တစ်ဖန် ရှာဖွေရတော့မည်အချိန် ဖြစ်ပါသည်။


သန့်မြင့်ဦး ရေးသားပြီး ဆောင်းဦးကိုကို ဘာသာပြန်ဆိုသည်။


Source: http://thevoicemyanmar.com/index.php/interview/9572-amt?fbclid=IwAR1kBxClLyExuVowyen4WdoGcCMGIcQ4ywAEZs1KnHWAtmMxQBQXoW9-rqY


0 views

©2019 by Thant Myint-U.