top of page

စာရေးသူအကြောင်း 

    ၁၉၆၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နယူးယောက်မြို့ ၌ ကျွန်ုပ်အား မွေးဖွားခဲ့ပါသည်။ ထိုအချိန်တွင် အဘိုးဖြစ်သူ ဦးသန့်မှာ ကုလသမဂ္ဂအဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါသည်။ ကျွန်ုပ် မြန်မာပြည်သို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့သည်မှာ ၁၉၇၄ ခုနှစ်တွင် ဖြစ်ပြီး မိဘများနှင့်အတူ အဘိုး၏ ရုပ်ကလာဘ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင်လာသည့် ခရီးစဉ် ဖြစ်ပါသည်။ ကြီးပြင်းသည့် ကာလတစ်လျှောက် နေရာဒေသအနှံ့အပြားတွင် နေထိုင်ခဲ့သော်လည်း ၁၉၇၈ မှ ၁၉၈၇ ခုနှစ် နွေရာသီကာလများကို ရန်ကုန်မြို့တွင် ဖြတ်သန်းခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်၌ ကျောင်းတက်နေရာမှ တစ်နှစ် ကျောင်းနားကာ ရန်ကုန်မြို့တွင် နေထိုင်ရန် ပြန်လာခဲ့သည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်ထဲတွင် သုတေသန ပြုလုပ်ခြင်း၊ နိုင်ငံအနှံ့အပြား ခရီးသွားလာခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

    ဟားဗတ်တက္ကသိုလ်မှ ဘီအေ (B.A) ဘွဲ့ရရှိပြီးသောအခါ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဖွဲ့တွင် ဦးစွာဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုကာလသည် ၁၉၈၈ ခုနှစ် သြဂုတ်လ ဖြစ်ကာ အရေးအခင်း စတင်လာသောအခါ အရေးအခင်းတွင် ပါဝင်ရန်အတွက် အလုပ်မှနုတ်ထွက်လိုက်သည်။ ကျွနု်ပ်သည် ဘန်ကောက်မြို့သို့ ဦးစွာ သွားခဲ့သည်။ ထိုမှတစ်ဆင့် စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ ခရီးဆက်ရန် လက်မှတ်ဖြတ်ထားခဲ့သည်။ ခရီးဆက်မည့်နေ့ မနက်တွင် ရန်ကုန်လေဆိပ်ကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလနှောင်းပိုင်း ရောက်သောအခါ ကျောင်းသားများ အစပိုင်းတွင် ရာနှင့်ချီ နောက်ပိုင်းတွင် ထောင်နှင့်ချီကာ နယ်စပ်သို့ တိမ်းရှောင်လာခဲ့ကြပြီဖြစ်သည်။ ထိုကျောင်းသားများအတွက် စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရန် “မြန်မာပြည် အရေးပေါ် ထောက်ပံ့ရေး - Emergency Relief Burma” ကို စတင်ကာ အလှူငွေ ရရှိရန် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကို တည်ထောင်ရန် ဘန်ကောက်မြို့တွင် ပထမဆုံး လျှို့ဝှက်အစည်းအဝေးသိ့ု ကျွနု်ပ်တက်ရောက်ခဲ့သည်။ ပထမဦးဆုံး မြန်မာကျောင်းသားများ အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံခွင့် ရရှိရန်လည်း ကူညီပေးခဲ့သည်။

    ၁၉၈၉ ခုနှစ်တွင် ကျွန်ုပ်သည် ဝါရှင်တန်မြို့သို့ ပြောင်းရွှေ့ကာ ဂျွန်ဟော့ပ်ကင်းအပြည်ပြည်ဆိုင်ရာ လေ့လာရေးကျောင်း (John Hopkins School of International Studies – SAIS) တွင် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် စီးပွားရေးပညာ မဟာဘွဲ့ကို တက်ရောက်ခဲ့သည်။ ထိုစဉ်အခါက လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) နှင့် အမေရိကန် ဒုက္ခသည်များ ကော်မတီ (US Committee for Refugees) တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ပထမဦးဆုံး “မြန်မာပြည်ဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေး - Burma Roundtable” ကို စတင်နိုင်ခဲ့ပြီး စီးပွားရေး ပိတ်ဆို့မှုများကို ထောက်ခံရန် အမေရိကန် လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည်။ ၁၉၉၁ ခုနှစ် ရောက်သောအခါ ထိုသို့ စီးပွားရေး ပိတ်ဆို့မှုများ၊ မြန်မာပြည်ကို သီးခြားဖြစ်တည်စေမှုများသည် အကျိုးမရှိဟု ထင်မြင်လက်ခံလာခဲ့သည်။

    ၁၉၉၁ ခုနှစ်နှောင်းပိုင်းတွင် အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့ကာ ကိန်းဘရစ်ချ်တက္ကသိုလ်တွင် ပါရဂူဘွဲ့ တက်ရောက်ခဲ့သည်။ ကျွန်ုပ်၏ သုတေသနစာတမ်းမှ မင်းတုန်းမင်း-သီပေါမင်းလက်ထက် မြန်မာ့သမိုင်းအကြောင်းဖြစ်သည်။

၁၉၉၂- ၂၀၀၇ ခုနှစ်အထိ ၁၂ နှစ်တာမျှ ကမ္ဘာတစ်ဝှမ်းရှိ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၂-၉၆ ခုနှစ်အတွင်း ကုလသမဂ္ဂအဖွဲ့၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ် ၃ ခုတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-၉၃ ခုနှစ်တွင် ဖနွမ်းပင်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့နေရာ သမိုင်း၌ အကြီးကျယ်ဆုံးသော ငြိမ်းချမ်းမှုထိန်းသိမ်းရေး ဆောင်ရွက်ချက်တစ်ခုဖြစ်သည့် ကုလသမဂ္ဂမှ ကမ္ဘောဒီးယားနိုင်ငံအား အာဏာပြန်လည်လွှဲပြောင်းခြင်း ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၄-၉၅ ခုနှစ်တွင် ဘော့စနီးယားစစ်တွင်းကာလ၌ ဆာရာယေဗိုမြို့တွင် ကုလသမဂ္ဂအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဘော့စနီးယားနိုင်ငံတွင် တာဝန်ကျသော ကုလသမဂ္ဂ အဖွဲ့ခေါင်းဆောင်၏ နိုင်ငံရေး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော ကာလဖြစ်ပါသည်။

    ၁၉၉၆ ခုနှစ်နှောင်းပိုင်းတွင် ပါရဂူဘွဲ့ ရရှိပြီးနောက် နောက်ထပ် လေးနှစ်တာ ကိန်းဘရစ်ချ်တက္ကသိုလ်တွင် ဆက်လက်နေထိုင်ပြီး အာရှနှင့် ဗြိတိသျှအင်ပါယာသမိုင်းပညာကို သင်ကြားပို့ချခဲ့သည်။ ထိုအခိုက် ကျွနု်ပ်၏ ပထမဆုံး စာအုပ်ဖြစ်သော “The Making of Modern Burma” ကို စတင်ရေးသားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် မြန်မာအစိုးရသည် ကျွန်ုပ်အား ရန်ကုန်မြို့သို့ လာရောက်ရန် ပြန်လည်ခွင့်ပြုလိုက်သည်။ ပထမဆုံး ရန်ကုန်ပြန်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းအဆက်အသွယ် ပြုလုပ်နိုင်ခဲ့သည်။ နောက်တစ်နေ့တွင် နေ့လည်စာ စားရန် ဖိတ်ကြားခံရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ရှိ စစ်ဆေးရေးဂိတ်တွင် တားမြစ်ခံရကာ အိမ်ထဲသို့ ဝင်ခွင့်မရရှိခဲ့ပါ။ ၁၉၉၆-၂၀၀၇ ခုနှစ်များတွင် မြန်မာနိုင်ငံသို့ နှစ်တိုင်းပြန်ဖြစ်ကာ ပြည်တွင်းခရီးများ ခြေဆန့်ရင်း နိုင်ငံအကြောင်း ပိုမို နားလည်လာရန် ကြိုးစားခဲ့သည်။

    ၂၀၀၁ ခုနှစ်တွင် ကျွန်ုပ်၏ ပထမဆုံးစာအုပ် “The Making of Modern Burma” ကို စတင်ထုတ်ဝေနိုင်ခဲ့သည်။

၂၀၀၀ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ ၇ နှစ်တာ နယူးယောက်မြို့၌ နေထိုင်ကာ ကုလသမဂ္ဂအဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေး အရေးအရာဌာန (Department of Political Affairs) ၏ မူဝါဒစီမံရေး ညွှန်ကြားရေးမှူး (Director of Policy Planning) ဖြစ်လာခဲ့သည်။ ကျွနု်ပ် ဆောင်ရွက်ခဲ့သော ကိစ္စရပ်များတွင် အီရတ်နှင့် အာဖဂန်နစ္စတန်အရေးများ အပြင် ကုလသမဂ္ဂအဖွဲ့၏ ယန္တရားကြီးတစ်ခုလုံး ပြုပြင်ပြောင်းလဲရေးများလည်း ပါဝင်သည်။ ၂၀၀၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုများကို ဆန်းစစ်ရန် သမ္မတဟောင်းများနှင့်ဝန်ကြီးချုပ်ဟောင်းများ ပါဝင်သော ထိပ်တန်းဆွေးနွေးပွဲတစ်ခုကို ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့ညီလာခံ (2005 World Summit) ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ခဲ့သည်။

    ၂၀၀၆ ခုနှစ်တွင် ကျွန်ုပ်၏ ဒုတိယစာအုပ် “The River of Lost Footsteps” ကို ထုတ်ဝေနိုင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံအား အကူအညီပေးနိုင်မည့် နည်းလမ်းကို ရှာဖွေရန် ကုလသမဂ္ဂအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ကမ္ဘာ့တစ်ဝှမ်းမှ ခေါင်းဆောင်ပိုင်း အစိုးရအရာရှိများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ အခြား ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။

၂၀၀၈-၁၁ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ကာလများတွင် ပရဟိတအဖွဲ့အစည်းများဖြင့် အများဆုံး အလုပ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အထောက်အပံ့ တိုးမြှင့်ရရှိနိုင်ရန် ဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့ဘဏ်၏ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံရှိ အဆင်းရဲဆုံးသော ကျေးရွာများကို အမေရိကန်ဒေါ်လာ ၄၀၀ သန်းခန့် ထောက်ပံ့ပေးနိုင်ခဲ့သည့် LIFT (Myanmar Livelihoods and Food Security Trust Fund) အဖွဲ့အစည်း၏ ဘုတ်အဖွဲ့ဝင် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ထိုကာလများတွင် အဆင်းရဲဆုံးသော ကျေးလက်ဒေသများကို ခရီးဆန့်နိုင်ခဲ့ပြီး ဒေသခံများ၏ ဘဝအခြေအနေနှင့် လိုအပ်ချက်များကို လေ့လာခဲ့သည်။ တစ်ခါတရံ ဝေးလံခေါင်သီသော ဒေသများတွင် ညအိပ်နေထိုင်ခဲ့သည်များလည်း ရှိခဲ့သည်။

၂၀၀၇-၁၁ ခုနှစ်များတွင် မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းများကို ပိုမိုနားလည်နိုင်ရန် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ကျွန်ုပ်၏ တတိယစာအုပ် ဖြစ်သော “Where China meets India” ကို ထုတ်ဝေနိုင်ခဲ့သည်။

    ၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံ့မှု စီမံခန့်ခွဲရေးစသည့် ကိစ္စရပ် နှစ်ရပ်တွင် အကူအညီပေးရန် ကျွန်ုပ်အား ကမ်းလှမ်းလာခဲ့သည်။ ပထမကိစ္စရပ် အတွက် မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် အထူးအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ ဒုတိယကိစ္စရပ်အတွက် နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့်လူမှုရေး အကြံပေးကောင်စီတွင် ခန့်အပ်ခဲ့သည်။ ထိုလေးနှစ်တာကာလတွင် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တရားဝင် ညှိနှိုင်းဆွေးနွေးပွဲ အများစုကို တက်ရောက်ခဲ့သည်။ ငြိမ်းချမ်းရေးထောက်ပံ့သော အလှူရှင်အဖွဲ့ (Donor Support Group) ကို ကူညီတည်ထောင်ပေးခဲ့သည်။ အခြားနိုင်ငံများမှ ထိပ်တန်းအစိုးရအရာရှိများက သူတို့၏ အတွေ့အကြုံများကို မြန်မာဘက်ကို လာရောက်ဝေမျှသော “အပစ်အခတ်ရပ်စဲရေး အလွန် လုပ်ငန်းစဉ်များ ကမကထပြုရေးအဖွဲ့ - Beyond Ceasefires Initiative” တွင်လည်း တစ်စိတ်တစ်ဒေသ ပါဝင်ဆောင်ရွက်ခဲ့သည်။ 

    ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust - YHT) ကို တည်ထောင်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ YHT သည် ရန်ကုန်ရှိ ရှေးမြို့ဟောင်း ဖြိုချဖျက်ဆီးခံရခြင်းမှ ကာကွယ်ရန် ကူညီဆောင်ရွက်ခဲ့ပြီး နည်းပညာအထောက်အပံ့ပေးသော စီမံကိန်း ၁၀၀ ခန့်တွင် ပါဝင်လုပ်ကိုင်လျက် ရှိသည်။ အမွေအနှစ်နေရာများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် အမေရိကန်ဒေါ်လာ ၂၀၀ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်သည်။

ထိုနှစ်တွင်ပင် “ဦးသန့်နေအိမ်” ကို ပြန်လည်ပြုပြင်ရန် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပြတိုက်နှင့် ပညာရေး ဆွေးနွေးပွဲများ ပြုလုပ်ရာ နေရာတစ်ခု ဖြစ်လာပြီ ဖြစ်သည်။ ယခုအခါ ဦးသန့်နေအိမ်သည် TripAdvisor တွင် ဖော်ပြထားသည့် ရန်ကုန်မြို့တွင် လည်ပတ်သင့်သော နေရာများမှ ဒုတိယနေရာတွင် ရှိနေပြီ ဖြစ်သည်။ 

    ကျွန်ုပ်သည် မိတ်ဟောင်းဆွေဟောင်းများနှင့်လည်း ကမ္ဘာအနှံ့အပြားတွင် မကြာခဏ တွေ့ဆုံဖြစ်သည်။ ယင်းတို့သည် လက်ရှိတွင် ဝန်ကြီးများ သို့မဟုတ် UN ထိပ်တန်းရာထူးများဖြစ်နေကြပြီ ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသော ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ယင်းတို့ပိုမိုနားလည်လာစေရန် ရည်ရွယ်ကာ တွေ့ဆုံဖြစ်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်သည် လက်ရှိတွင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asian Development Bank)၊ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံရှိ အချို့သော အပြည်ပြည်ဆိုင်ရာကုမ္ဗဏီများတွင် အကြံပေးခြင်းများ ပြုလုပ်လျက် ရှိပါသည်။

   ကျွန်ုပ်၏ လုပ်သက်တစ်လျှောက်တွင် အသိအမှတ်ပြု ပေးအပ်ချီးမြှင့်သော ဆုတံဆိပ်နှင့် ဘွဲ့အချို့ ရရှိခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် Foreign Policy မဂ္ဂဇင်းမှ ထိုနှစ်အတွက် “ကမ္ဘာ့ဦးဆောင် အတွေးအခေါ် ပညာရှင် ၁၀၀” ထဲမှ တစ်ဦး အဖြစ် ဖော်ပြခဲ့သည်။ ၂၀၁၄ ခုနှစ် ဧပြီလတွင် Prospect မဂ္ဂဇင်း၏ “ကမ္ဘာ့အတွေးအခေါ်ပညာရှင် - World Thinker” ၅၀ ဦးကို အွန်လိုင်းမဲပေးရွေးချယ်ရာတွင် အဆင့် ၁၅ တွင် ဖော်ပြခြင်းခံခဲ့ရသည်။ ၂၀၁၅ ခုနှစ် ဇွန်လတွင် နှစ်စဉ်ပေးအပ်သည့် ဂျပန်ထိပ်တန်းယဉ်ကျေးမှုဆု ဖြစ်သော Fukuoka Grand Prize ကို လက်ခံရရှိခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယအစိုးရက အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံးဘွဲ့များထဲက တစ်ခုဖြစ်သော ပဒုမ္မာသီရိဆု (Padma Shri award) ကို ရရှိခဲ့ပါသည်။ သူသည် ကိန်းဘရစ်တက္ကသိုလ်မှ တောင်အာရှရေးရာစင်တာတွင် တွဲဖက်ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ 

bottom of page