Search
  • Thant Myint-U

'' အခြေခံအကျဆုံး စိန်ခေါ်မှုကအစိုးရအဖွဲ့အစည်းတွေကိုအသစ်ပြင်ဆင်မွမ်းမံဖို့ပါပဲ ''

Updated: Jun 23

01 JUN 2020   |  မြန်မာတိုင်းမ်နေ့စဉ်


စာရေးဆရာ၊ သမိုင်းပညာရှင်ဒေါက်တာသန့်မြင့်ဦးနှင့်တွေ့ဆုံခြင်း

ကိုဗစ် ၁၉ ဖြစ်ပွားခြင်းနှင့်အတူကမ္ဘာ့စီးပွားရေး များစွာထိခိုက်ခဲ့ရသည်။ နိုင်ငံအသီးသီးကကိုယ့်နိုင်ငံအလိုက်စီးပွားရေးထိခိုက်မှုများစွာမဖြစ်ပေါ်ရေးနှင့်နလံအမြန်ပြန်ထူနိုင်ရေး ငွေကြေးမြောက်များစွာသုံး၍ကုစားမှုအစီအစဉ်များကိုလုပ်ဆောင်ကြသည်။ မြန်မာအစိုးရသည်လည်း ကုစားမှုအစီအစဉ်အဖြစ် Covid-19 Economic Relief Plan ကိုကြေငြာ၍လုပ်ဆောင်လျှက်ရှိသည်။

ယင်းသို့သောအခြေအနေများနှင့်ကိုဗစ် -၁၉ အလွန်ကာလကိုမည်သို့ဖြတ်သန်း သင့်သနည်း။ ဖြတ်သန်းကြရာတွင်မြန်မာ့စီးပွားရေး မည်သည်တို့အပေါ် အာရုံစိုက်လုပ်ဆောင်သင့်သနည်း စသောအကြောင်းအရာများကိုစာရေးဆရာ၊ သမိုင်းပညာရှင်ဒေါက်တာသန့်မြင့်ဦးသို့မြန်မာတိုင်းမ် အင်္ဂလိပ်ပိုင်းအွန်လိုင်းအယ်ဒီတာ Thompson Chau မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။ မေး  -   လက်ရှိကမ္ဘာ့ကပ်ရောဂါနဲ့နောက်ဆက်တွဲစီးပွားရေး ထိခိုက်မှုတွေကို အရေးပေါ် တုံ့ပြန်ဖို့အတွက်တင် မဟုတ်ဘဲ “စီးပွားရေး စနစ်သစ်အတွက်အုတ်မြစ်ချနိုင်ဖို့အစိုးရအသုံးစရိတ်ကိုငွေကျပ်ထရီလီယံချီပြီး သုံးစေချင်တယ်လို့ဦးသန့်မြင့်ဦးကဆိုထားတာကိုတွေ့ရပါတယ်။ ဖြေ   -   မြန်မာနိုင်ငံကအခုချိန်မှာရည်မှန်းချက်ကြီးကြီး ထားဖို့ကောင်းပါတယ်။ ဒီနိုင်ငံက ပထဝီဝင် အနေအထားကသူများနဲ့မတူဘဲအာရှတိုက်ရဲ့အချက်အချာမှာရှိနေပြီး အလားအလာကောင်း အများကြီး ရှိပါတယ်။ တစ်ချိန်တည်းမှာပဲလက်နက်ကိုင်ပဋိပက္ခတွေ၊ ရာသီဥတုပြောင်းလဲမှုတွေစတဲ့ကြီးစွာသောစိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ဒီအလားအလာတွေကိုလက်တွေ့မှာအသုံးချနိုင်ဖို့နဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့အဓိကသော့ချက်ကတော့စီးပွားရေးစနစ်ကိုအသွင်ပြောင်းဖို့ပါပဲ။ ဒီကနေ့ဈေးကွက်ကိုလိုသလိုကစား၊ ကြားကနေဖြတ်စားလတ်စားလုပ်၊ အဲသလိုမျိုး လုပ်ကွက်တွေရှိတဲ့လယ်ယာစိုက်ပျိုးရေးကိုအခြေခံတဲ့လက်ရှိစီးပွားရေး စနစ်ကနေပိုပြီး ညီညွတ်မျှတတဲ့စက်မှုအခြေပြုစီးပွားရေးစနစ်ကိုပြောင်းလဲနိုင်ဖို့လိုပါတယ်။ သည်အတိုင်း ဆင်းဆင်းရဲရဲနဲ့လယ်ယာစိုက်ပျိုးရေးကိုသာအားကိုးတဲ့စီးပွားရေး စနစ်သာဆက်သွားရင် အသက်ရှင်ရေး အတွက်တောင်မှသူများကိုအားကိုးနေရပါဦးမယ်။ ဒါကိုအခုကပ်ရောဂါ ကာလအတွင်းမှာမြင်ရပါပြီ။ ကမ္ဘာ့တစ်ဝှမ်းမှာ ဈေးကွက်စီးပွားရေး စနစ်များ တည်ငြိမ်စေဖို့နဲ့ ဝယ်လိုအားကို မြှင့်တင်ဖို့ ဒေါ်လာထရီလီယံချီသုံးစွဲနေတဲ့အချိန်မှာမြန်မာနိုင်ငံကလည်း စီးပွားရေး အသွင်ပြောင်းနိုင်ဖို့ရှင်းလင်းတိကျတဲ့အစီအစဉ်တစ်ရပ်ချမှတ်ကာကျပ်ထရီလီယံချီပြီး သုံးစွဲသင့်ပါတယ်။ မေး    -   စီးပွားရေး စနစ်သစ်တစ်ခုအတွက်အုတ်မြစ်ချဖို့ရင်းမြစ်တွေကိုဘယ်လိုအသုံးပြုသင့်ပါသလဲ။ ဖြေ     -   မဟာဗျူဟာကျကျ၊ လက်တွေ့ကျကျ ဆောင်ရွက်ရမှာပါ။  နောင်လာမယ့်နှစ်တွေမှာကမ္ဘာ့စီးပွားရေးဟာ ဘယ်အနေအထားမှာရှိနေနိုင်တယ်ဆိုတာကိုအနီးစပ်ဆုံး ဆန်းစစ်သုံးသပ်ချက်ပေါ်မှာမူတည်ရမယ်။ ပြီးတော့နောင် ၁ဝ နှစ်၊ အနှစ် ၂ဝ မှာမြန်မာနိုင်ငံကိုဘယ်နေရာမှာရောက်စေချင်သလဲဆိုတဲ့အားလုံး သဘောတူထားတဲ့မျှော်မှန်းချက်ပေါ်မှာလည်း အခြေခံရမယ်။ အနောက်နိုင်ငံ မဟုတ်တဲ့ (ကိုရီးယား၊ စင်ကာပူကဲ့သို့) နိုင်ငံအချို့သာခေတ်မီတိုးတက်တဲ့စက်မှုလုပ်ငန်း အခြေပြုစီးပွားရေးစနစ်ဖြစ်လာကြပါတယ်။ အဲ့ဒီလိုဖြစ်လာတာကလည်း အစိုးရက လုပ်ငန်းစဉ်ကိုမောင်းတင် ဆောင်ရွက်လို့ပါ။ ဈေးကွက်စီးပွားရေးကို ဝင်မစွက်ပါဘူး။  ကောင်းစွာလည်ပတ်နေတဲ့ဈေးကွက်စီးပွားရေး စနစ်တွေမှာတောင်အလျင်အမြန်စီးပွားရေး အသွင်ပြောင်းလဲရေးကိုဖန်တီးမပေးပါဘူး။ ဘာလို့လဲဆိုတော့စီးပွားရေး အသွင်ပြောင်းလဲခြင်း ဆိုတာကနိုင်ငံရေးနဲ့ဆက်စပ်နေပါတယ်။ အခြားနိုင်ငံရေး ကိစ္စရပ်တွေမှာလိုပဲ စည်းရုံး လှုံ့ဆော်ရသလိုအပေးအယူတွေလည်း လုပ်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ပညာရေး၊ ကျန်းမာရေးနဲ့အခြေခံအဆောက်အအုံစတဲ့ကဏ္ဍအသီးသီးမှာကျပ်ထရီလီယံများစွာရင်းနှီးမြှုပ်နှံဖို့လိုပါမယ်။ အလိုအပ်ဆုံးကတော့တိုင်းပြည်ရဲ့ အနာဂတ်စီးပွားရေး စနစ်ဟာ ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ပတ်သက်ပြီး  အကျွမ်းတဝင် ဖြစ်ပြီးသား ပြည်သူများ အားလုံး ဝိုင်းဝန်း ဆွေးနွေးကြဖို့ဖြစ်ပါတယ်။ မေး   -   မြန်မာနိုင်ငံရဲ့လူမှုဖူလုံရေး စနစ်လစ်ဟာနေမှုအပြင်ဘဏ်လုပ်ငန်း မသုံးစွဲတဲ့လူဦးရေအမြောက်အမြား ရှိနေခြင်းကပြည်သူတွေနဲ့အသေးစား လုပ်ငန်းတွေဆီကိုထောက်ပံ့မှုပေးအပ်ဖို့ပိုပြီး ခက်ခဲစေပါတယ်။ လူမှုဖူလုံရေး စနစ်တစ်ခုရှိမနေခြင်းရဲ့ အန္တရာယ်တွေကို ကိုဗစ်-၁၉ က မီးမောင်း ထိုးပြလိုက်တာလား။

ဖြေ    -   လွန်ခဲ့တဲ့နှစ်ရာနဲ့ချီကာလအတွင်း နယ်ချဲ့ကိုလိုနီစနစ်၊ စစ်၊ အာဏာရှင်စနစ်၊ လူထုအုံကြွမှုနဲ့စီးပွားရေး ပိတ်ဆို့မှုစသဖြင့်ကြုံခဲ့ရသမျှမှာအထိနာခဲ့ရတဲ့သူတွေဟာ သာမန်ပြည်သူတွေသာဖြစ်ပါတယ်။ လွန်ခဲ့တဲ့အနှစ် ၃ဝ ကာလမှာကျင့်သုံးနေတဲ့အရင်းရှင်စနစ်ကလည်း ဆင်းရဲချမ်းသာမညီမျှမှုအကြီးအကျယ်ဖြစ်စေခဲ့ပါတယ်။ အသက်ရှင်ရပ်တည်နိုင်ရေးအတွက်လူသန်းချီရပ်ရွာ ရွှေ့ပြောင်း အလုပ်အကိုင်ရှာဖွေကြရတယ်။ ကျေးရွာနေ မိသားစုအများစုအတွက်အနည်းဆုံးတော့လယ်ယာမြေ ဧက အချို့ကိုအသုံးပြုနိုင်စေတဲ့လူမှုဖူလုံရေး အသက်ကယ်ပိုက်တွေဟာလည်း တော်တော်များများ မရှိတော့ဘူး။ ပြည်သူတိုင်းအတွက်ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကောင်း တစ်ခုမဖြစ်မနေလိုအပ်နေပြီဆိုတာကို ဒီ ကပ်ရောဂါကပေါ်လွင်သွားစေတယ်။ ကပ်ရောဂါကြောင့်ဖြစ်လာတဲ့စီးပွားရေး အကြပ်အတည်းတွေကလည်း အခြေခံဝင်ငွေ စနစ်တစ်ခုလိုအပ်ကြောင်း မီးမောင်း ထိုးပြလိုက်တာပဲ။ တကယ်တော့လူမှုဖူလုံရေး စနစ်ဆိုတာ ၂ဝ ရာစုရဲ့အကောင်းဆုံး တီထွင်မှုပါပဲ။ အနောက်နိုင်ငံတွေမှာ ဒီစနစ်ကြောင့်ပဲစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့လူသားသမိုင်း တစ်လျှောက်မှာမကြုံဖူးသေးတဲ့အနေအထားများအထိလူနေမှုအဆင့်အတန်းကိုမြှင့်တင်နိုင်ခဲ့တယ်။ ၂၁ ရာစုမြန်မာ့လူမှုဖူလုံရေးစနစ်ကိုဘယ်လိုဖန်တီးပုံဖော်မလဲဆိုတာ ဒီမိုကရေစီ စကားဝိုင်းတွေရဲ့ ဗဟိုချက်မဖြစ်သင့်ပါတယ်။

မေး   -   ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးတွေက မြန်မာနိုင်ငံမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်အောင်ဆွဲဆောင်ပါမယ်လို့ဆိုကြပါတယ်။ ပဋိပက္ခတွေနဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပိုဆိုး မသွားစေဘဲဖွံ့ဖြိုးရေးကိုအထောက်အကူပြုမယ့်၊ ပဋိပက္ခတွေကိုလျှော့ချပေးမယ့်ရင်းနှီးမြှုပ်နှံမှုမျိုးလို့ဆိုပါတယ်။ ဘာလို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့စီးပွားရေးလုပ်ငန်းတွေရှိရုံနဲ့ ဆင်းရဲချမ်းသာမညီမျှမှုနဲ့အခြားသောစီးပွားရေး စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့မဖြစ်နိုင်တာပါလဲ။

ဖြေ    -    ပထမဆုံး ကျွန်တော်တို့လိုအပ်တာကနောင် ၁ဝ နှစ်၊ အနှစ် ၂ဝ မှာဘယ်လိုစီးပွားရေးစနစ်ကိုလိုချင်သလဲနဲ့ဘယ်ကဏ္ဍတွေကိုဖွံ့ဖြိုးအောင်လုပ်မလဲဆိုတဲ့မျှော်မှန်းချက်ပါ။ အဲ့ဒီကဏ္ဍတွေမှာအစိုးရနဲ့ပုဂ္ဂလိက လုပ်ငန်းတွေအားလုံး နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်ဖို့ပြည်တွင်း စွမ်းဆောင်ရည်ကိုဘယ်လိုမြှင့်တင်ရမလဲဆိုတာစဉ်းစားဖို့လိုပါတယ်။ စီးပွားရေး အသွင်ကူးပြောင်းရေး မဟာဗျူဟာကိုအခြေခံပြီး မြေအသုံးပြုမှုနဲ့ (သဘာဝ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မယ်လို့မျှော်လင့်ရတဲ့)အခြေခံအဆောက်အအုံတည်ဆောက်မှုစတဲ့ဆုံးဖြတ်ချက်ကြီးတွေကိုပြုလုပ်သင့်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြား ကုမ္ပဏီတွေဟာလည်း အဲ့ဒီမဟာဗျူဟာရဲ့တစ်စိတ်တစ်ဒေသဖြစ်သင့်ပါတယ်။ ဒီမဟာဗျူဟာ ဆိုသည်ကိုက  ဒီမိုကရေစီကျင့်သုံးတဲ့တိုင်းပြည်ရဲ့ လက်ဝယ်တွင် ရှိသင့်ပါတယ်။ ဒီမိုကရေစီဆိုတာပြည်သူအားလုံး အတူတကွအပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီး မိမိတို့ လိုချင်တဲ့ဘဝကို ရွေးချယ်နိုင်ခြင်းပါ။ လူနည်းစုဟာလည်း မိမိတို့ဒေသမှာဘယ်လိုစီးပွားရေးစနစ်မျိုး လိုချင်သလဲကိုယ်တိုင်ဆုံးဖြတ်နိုင်ခြင်းလို့ဆိုလိုပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပါတယ်ဆိုသည့်တိုင်မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုပုံဖော်နိုင်တာမျိုး မဖြစ်သင့်ပါဘူး။


မေး    -    သင့်တော်မှန်ကန်တဲ့အဖွဲ့အစည်းတွေမရှိဘဲနဲ့ပြုပြင်ပြောင်းလဲရေးတွေဟာ မအောင်မြင်နိုင်ပါဘူး။ ယခုလက်ရှိ ဗျူရိုကရေစီ စနစ်နဲ့ကော်မတီတွေပေါင်းစုံနေတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့စီးပွားရေး အဖွဲ့အစည်းတွေဟာ  ဒီပြုပြင်ပြောင်းလဲရေး ဆိုင်ရာစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်လာအောင်ခေတ်မီအောင်ဘယ်လိုပြောင်းလဲရမလဲ။

ဖြေ    -  မှန်တာပေါ့။ အခြေခံအကျဆုံး စိန်ခေါ်မှုကအစိုးရအဖွဲ့အစည်းတွေကိုအသစ်ပြင်ဆင်မွမ်းမံဖို့ပါပဲ။ ယနေ့ နိုင်ငံဝန်ထမ်းတွေထဲမှာ တကယ်ကို တာဝန်ကျေပွန်ပြီး အသိပညာ ကြွယ်ဝသူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်သူတို့တွေဟာ သူတို့အလုပ်လုပ်နေရတဲ့အဖွဲ့အစည်းအတွင်းမှာခြေချုပ်မိနေကြတယ်။ စီးပွားရေး အသွင်ကူးပြောင်းရေးဆိုတာတိုင်းပြည်မှာလိုအပ်တဲ့တွေးခေါ်ကြံဆရေး၊ စီမံခန့်ခွဲ့ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုထိန်းညှိပေးနိုင်တဲ့အဖွဲ့အစည်းတွေကိုတည်ထောင်ဖို့ပါ။ နိုင်ငံဟာ ဒီမိုကရေစီကျလေလေ၊ အဖွဲ့အစည်းတွေမှာအဘက်ဘက်က အားလုံးအကျုံးဝင် ကျယ်ပြန့်ခြုံငုံနိုင်လေလေပိုကောင်းလေလေပါပဲ။ ဒါပေမယ့်တကယ်တမ်း အရေးကြီးတာကတော့အဲ့ဒီအဖွဲ့အစည်းတွေဟာ မူဝါဒတွေကို လက်တွေ့ဖော်ဆောင်ရာမှာထိရောက်စွာ ဆောင်ရွက်တတ်ဖို့ လိုပါတယ်။ အစိုးရရဲ့ အစီအစဉ်မှာအစိုးရပိုင်အဖွဲ့အစည်းတွေ အပါအဝင် ဘယ်အဖွဲ့အစည်းတွေ (ဝန်ကြီးဌာနများ၊ ရုံးများ) ကိုဦးစားပေး ပြုပြင်ပြောင်းလဲရမလဲသိဖို့လိုပါတယ်။ ဥပမာမြန်မာ့မီးရထားလိုအစိုးရပိုင်စီးပွားရေးတွေဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ရင်အများပိုင်ကုမ္ပဏီကောင်း တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေအားလုံးရဲ့ အဓိကကျဆုံး အချက်ကတော့လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုကိုမျက်ခြေမပြတ် အာရုံစိုက်ဖို့ပဲ။ အရည်အချင်း ရှိသူတွေကိုရှာဖွေ၊ သင်ကြား၊ စုဆောင်း၊ ခန့်အပ်တာမျိုး  လုပ်သင့်ပါတယ်။


မေး   -   ကပ်ရောဂါကြောင့် စိုက်ပျိုးရေး ပို့ကုန်တွေနဲ့ ခရီးသွားလုပ်ငန်းတွေ အထိနာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ မူဝါဒ ရေးဆွဲသူတွေဟာ တရုတ်နိုင်ငံအပေါ်  စီးပွားရေး အရ ဆက်လက် မှီခိုသင့်တယ်လို့ ထင်ပါသလား။

ဖြေ - မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ အရင်းနှီးဆုံးစီးပွားရေးအရ ဆက်ဆံရေးပဲ ရှိနေပါစေ၊ အဲ့ဒီဆက်ဆံရေးဟာ ဘယ်လို ရှိသင့်တယ်ဆိုတာကို ပိုအားနည်းပြီး ပိုဆင်းရဲတဲ့ မြန်မာနိုင်ငံဘက်က ဆုံးဖြတ်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ကတော့ မြန်မာနိုင်ငံကို အမြန် အသွင်ကူးပြောင်းနိုင်ဖို့၊ ခေတ်နှင့်အညီ တိုးတက်တဲ့ စက်မှု စီးပွားရေးစနစ် ဖြစ်လာနိုင်ဖို့ အားပေးတဲ့ ဆက်ဆံရေးကို တည်ဆောက်သင့်ပါတယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံကို စိုက်ပျိုးရေး ပို့ကုန်တွေ တင်ပို့တဲ့ လုပ်ငန်းတွေဟာ အလုပ်အကိုင် ဖန်တီးရေးမှာ အရေးပါပြီး နောင်လာမယ့်နှစ်များမှာလည်း ဆက်လက် အရေးကြီးနေဦးမယ့်ဟန် ရှိပါတယ်။ သို့သော်ညား ကျွန်တော်တို့ သိထားရမှာက တရုတ်နိုင်ငံ ကိုယ်တိုင် စီးပွားရေး အသွင်ကူးပြောင်းမှုကလည်း အရှိန်အဟုန်ကြီးစွာနဲ့ ရှေ့ဆက်နေတယ်ဆိုတာပါပဲ။ အခုဆိုရင် ဉာဏ်တု (Artificial Intelligence) နဲ့ မျိုးဗီဇဆိုင်ရာ နည်းပညာမှာ ထိပ်တန်းနေရာတွင် ရှိနေပါပြီ။ လတ်တလောတင်ကို ယူနန်ပြည်နယ် တစ်ခုတည်းမှာ အခြေခံ အဆောက်အအုံ တည်ဆောက်ဖို့ ဒေါ်လာဘီလီယံ ရာနဲ့ချီပြီး သုံးစွဲဖို့ အတည်ပြုလိုက်ပါတယ်။ တရုတ်နိုင်ငံကို ဖရဲသီးတွေ တင်ပို့နေတာလောက်ကိုပဲ တိုးမြှင့်ရမှာ မဟုတ်ပါဘူး။  နိုင်ငံရဲ့ အခြေခံ ရှင်သန်ဖြစ်တည်ရေး အတွက် အဘက်ဘက်ကနေ အမီလိုက်ဖို့ လိုပါတယ်။ ကျွန်တော်တို့တွေ အချိန်ဖြုန်းနေလို့ မရတော့ပါဘူး။


Source: https://myanmar.mmtimes.com/news/139804.html?fbclid=IwAR23Kc_HkP7zwRLWuPXr4GRBVTYjGJGmzQqHxkbGfy6BeyC4P_wi7mxiXlk

413 views

©2019 by Thant Myint-U.