Search
  • Thant Myint-U

မြန်မာနိုင်ငံ၏ အနာဂတ်သည် လူငယ်များ၏ လက်ဝယ်တွင် ရှိသည်။

Updated: Mar 22

12 FEBRUARY 2021   |  FINANCIAL TIMES


© Ingram Pinn/Financial Times



မြန်မာ စစ်တပ်အာဏာသိမ်းမှု၏ ရည်ရွယ်ချက်သည် နိုဝင်ဘာလ ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်က အပြတ်အသတ် အနိုင်ရသွားသည့် အတွက် အာဏာချိန်ခွင်လျှာကို ပြန်လည် ထိန်းညှိရန် ကုထုံးတစ်ခုဖြစ်သည်။ သို့ရာတွင် ဗိုလ်ချုပ်များသည် မရည်ရွယ်ပဲ တိုင်းပြည် လူမှုရေး၊ စီးပွားရေး အရှုပ်အထွေး များလှသည့် ကာလ၌ ခေတ်သစ်တော်လှန်ရေး တစ်ခုစတင်ရန် အကြောင်းရှာပေးသလို ဖြစ်သွားခဲ့သည်။ ယခုအခါ တိုင်းပြည်၏ အနာဂတ်သည်လည်း မည်သူ့လက်အောက်မဆို ရောက်သွားနိုင်သည့် အနေအထား ရှိသွားလေပြီ။


လွန်ခဲ့သည့် ၁၁ နှစ်က စစ်တပ်ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်ချုပ်ကြီးများက စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ဆောင်ကြဥ်းခဲ့သည်။ ထိုဖွဲ့စည်းပုံအရ စစ်တပ်သည် ရွေးကောက်ခံ သမ္မတ၊လွှတ်တော်တို့နှင့် အုပ်ချုပ်မှု အာဏာကို မျှဝေမည်ဖြစ်သည်။ ၎င်းတို့သည် စစ်တပ် ကျောထောက်နောက်ခံ ဆိုရှယ်လစ် ၁၉၈၈ ခုနှစ် စစ်အစိုးရကို ဖြုတ်ချကာ မိမိတို့ အကျိုးအမြတ် ဖြစ်ထွန်းမည့် ဈေးကွက်စီးပွားရေး စနစ်သစ်တစ်ခုကို တည်ထောင်ခဲ့ကြသည်။ ထိုနိုင်ငံရေး စနစ်သစ်ဖြင့် စစ်တပ်၏ အချုပ်အချာ အာဏာကို အဓွန့်ရှည်နိုင်မည်၊ ၎င်းတို့၏ စည်းစိမ်ဥစ္စာများကိုလည်း ကာကွယ်နိုင်မည်၊ လူထု၏ ထောက်ခံအားပေးမှုကိုလည်း အတိုင်းအတာတစ်ခုအထိ ရရှိနိုင်မည်ဟု ဗိုလ်ချုပ်ကြီးများက ထင်ခဲ့ကြသည်။ ထို့နောက်တွင် ဗိုလ်ချုပ်ကြီးဟောင်းများက ရာထူးမှ နှုတ်ထွက်လိုက်ကြသည်။ ထို့နောက်တွင် တစ်ခါမျှ မကြုံစဖူးသော အတိုင်းအတာဖြင့် နိုင်ငံရေးပွင့်လင်းသည့် ခေတ်ကာလတစ်ခု ဖြစ်လာခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံပြီး အနိုင်ရရှိခဲ့သည်။


ထိုမှ နောက် ၅ နှစ်တာ ကာလတွင် ဒေါ်အောင်စန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်သစ် ဖြစ်သည့် မင်းအောင်လှိုင်တို့သည် အစေးမကပ်သော်လည်း အတူတကွ ယှဉ်တွဲတည်ရှိခဲ့ကြသည်။ စစ်တပ်က ကာကွယ်ရေးပိုင်းကို အခိုင်အမာ ဆုပ်ကိုင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံမျှ ရှိသည့် အစိုးရဘဏ္ဍာငွေနှင့် နိုင်ငံခြား ဆက်ဆံရေး စသည့် အထွေထွေသော အစိုးရဌာနများကို စီမံခဲ့သည်။ သူမသည်လည်း အာဏာရော၊ လူထုထောက်ခံမှုပါ ပို၍ တိုးလာခဲ့သည်။ သူမ၏ အန္တိမပန်းတိုင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို ပြင်ဆင်ကာ သူမ၏ အုပ်ချုပ်မှုအောက်သို့ စစ်တပ် ရောက်လာစေရန် ရည်ရွယ်ထားသည်။


ကာကွယ်ရေးဦးစီးချုပ် မျှော်မှန်းထားသည်မှာ နိုဝင်ဘာလလ ရွေးကောက်ပွဲများပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာသက်ရောက်မှု အနည်းငယ် လျော့သွားပေလိမ့်မည်၊ ထိုသို့ဆိုလျှင် သူကိုယ်တိုင်လည်း သမ္မတ ရာထူးအတွက် ကြိုးစားကြည့်နိုင်ပေလိမ့်မည်ဟု ဖြစ်၏။ သို့သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်သတ် မဲနိုင်ပြန်သည်။ ထိုအခါ မဲမသမာမှုများ ရှိသည် ဟူသော စွပ်စွဲမှုများ၊ ထို့အတွက် စစ်တပ်မှ ဝင်ရောက် စစ်ဆေးမည်ဟု စစ်တပ်ဘက်မှ အတင်းအကြပ် တောင်းဆိုမှုများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ငြင်းဆန်သောအခါ ယခုကဲ့သို့ အာဏာသိမ်းလိုက်သည်ထိ ဖြစ်လာခဲ့သည်။ ဤသည်မှာ ရှောင်လွှဲ၍ မရသည့် အခြေအနေမျိုးတော့ မဟုတ်။ ရှောင်လွှဲ၍ မရနိုင်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အားနည်းစေရန်၊ ဒုတိယသက်တမ်းတွင် ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ခြင်း မပြုနိုင်စေရန် ကြိုးပမ်းမှုများ ဖြစ်သည်။


၂၀၁၀ ပြည့်နှစ်က အနေအထားသို့ နာရီလက်တံ ပြန်လှည့်ပြီး ဇာတ်လမ်းဟောင်းအတိုင်း ပြန်သွားရန် စစ်တပ်ဘက်မှ ရည်ရွယ်သည်။ ဤတစ်ကြိမ်တွင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရ ဘေးဖယ်ထားလိုက်မည် ဖြစ်၏။ သူမကို နေအိမ်အကျယ်ချုပ် ထားလိုက်သည်။ ကာကွယ်ရေးဦးစီးချုပ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည် ဆိုသော်လည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ပေးရန်ခဲယဥ်းလှသည်။ လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်အတွင်းက ဖမ်းဆီးထိန်းသိမ်းမှုများကို ကြည့်ခြင်းအားဖြင့် စစ်တပ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စွဲချက်တင်ရန် ကြိုးပမ်းနေကြောင်း ထင်ရသည်။ လက်ရှိ မဲမသမာမှု ဟူသည့် စွပ်စွဲချက်များအပြင် အခြားသော အဂတိလိုက်စားမှု၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းလိမ်လည်မှုစသော လျှို့ဝှက်ကြံစည်မှုများဖြင့် စွပ်စွဲချက်ဖြင့် ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်သည် ကြမ်းကြုတ်သည့် စစ်အုပ်ချုပ်ရေးခေတ်ဟောင်းကိုတော့ ပြန်မသွားချင်လောက်ပေ။ သို့သော်လည်း နိုင်ငံရေး အခင်အကျင်းသစ် တစ်ခု ဖြစ်လာအောင် ဖန်တီးရာတွင် သူ၏ တွက်ဆမှု တစ်ခုကတော့ မှားသွားခဲ့သည်မှာ စစ်တပ်၏ လွှမ်းမိုးခြယ်လှယ်မှုကို တစ်ခါတည်း အမြစ်ဖြတ်ပစ်ချင်နေသည့် သာမာန်ပြည်သူတို့၏ တဟုန်းဟုန်းတောက် လိုအင်ဆန္ဒကို ဖြစ်သည်။


ယခုအခါ စစ်အုပ်ချုပ်မှုကို အဆုံးသတ်စေလိုသည့် အတွက် လူရာထောင်ချီကာ လမ်းမပေါ်ထွက်ရင်း ဆန္ဒထုတ်ဖော်နေကြပြီ ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများ၊ အစိုးရလုပ်ငန်းများမှ ဝန်ထမ်းများ ထောင်ချီကာ အလုပ်မဆင်းဘဲနေကာ အစိုးရ မလည်ပတ်နိုင်အောင် လုပ်လိုက်ကြသည်။ ဤဆန့်ကျင်ရေးကို တက်ကြွလှုပ်ရှားသူ မျိုးဆက်သစ်က ဦးဆောင်နေခဲ့သည်။


ထိုသို့ ဆန္ဒထုတ်ဖော်နေကြရုံဖြင့် စစ်အုပ်ချုပ်ရေးကို ပြိုလဲသွားအောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ဝင်ရောက် စေ့စပ်ညှိနှိုင်းကာ အပြန်အလှန် နားလည်မှု ရရှိအောင် ဆောင်ရွက်ဖို့ကလည်း မဖြစ်နိုင်လောက်။ မြန်မာ့ခေတ်သစ်သမိုင်းတွင်လည်း ထိပ်တန်းအရာရှိများက ဖောက်ထွက်သည့် သာဓက မရှိခဲ့။ အလျှော့ပေးလိုက်လျောခြင်း ဟူသော ဝေါဟာရကပင် မြန်မာ့နိုင်ငံရေးတွင် မပြောအပ်သည့် စကားသဖွယ် ဖြစ်နေသေးသည်။


ဖြစ်နိုင်သည်က ဆန္ဒပြခြင်းနှင့် ဖိနှိပ်ခြင်း သံသရာ လည်နေသရွေ့ စစ်တပ်ကလည်း အာဏာကို စုစည်းတည်ထောင်ရန် မဖြစ်နိုင်။ တိုင်းပြည်သည် အုပ်ချုပ်၍ မရသည့် အနေအထား ဖြစ်လာနိုင်သည်။ ထိုအခါ လူမျိုးရေးအရ ဘာသာရေးအရ ခွဲခြားဆက်ဆံမှု၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ၊ ပိုပိုကြီးလာသည့် ဆင်းရဲချမ်းသာ မညီမျှမှုနှင့် ရာသီဥတု ပြောင်းလဲမှု စသည့် မြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရသည့် အမှန်တရားများနှင့် နိုင်ငံရေးတို့ ထိပ်တိုက်တွေ့ကြရမည့် အနေအထား ဖြစ်လာလိမ့်မည်။ ရိုဟင်ဂျာနှင့် အခြားသော စစ်ဘေးဒုက္ခသည် တစ်သန်းမျှ ရှိသေးသည်။ နယ်စပ်ဒေသများတွင် သြဇာညောင်းသည့် အစိုးရ မဟုတ်သည့် စစ်တပ်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ဒါဇင်နှင့်ချီကာ ရှိနေသည်။ မြန်မာပြည်၏ နိုင်ငံရေးနှင့် ဆက်စပ်နေသည့် စီးပွားရေးစနစ်၏ အထွဋ်အထိပ်တွင် ရှိနေသည်မှာ စစ်တပ်တစ်ခုတည်း မဟုတ်။ ပြည်တွင်းကျော်ဖြတ်၍ ငွေရှာနိုင်သည့် နိုင်ငံပေါင်းစုံပါ ကွန်ယက်ကြီးများက ပြည်တွင်းရှိ အဖွဲ့အစည်းတိုင်းထက် အဆမတန် အင်အားကြီးလှသည်။ သန်းချီသော ပြည်သူများသည် မိမိတို့ ပိုင်ဆိုင်ခဲ့သည့် မြေများကို ဆုံးရှုံးကာ ပြည်တွင်းသော်လည်းကောင်း၊ ထိုင်းနိုင်ငံသို့သော်လည်းကောင်း ရွှေ့ပြောင်းခဲ့ရပြီး ဖြစ်သည်။ ကပ်ရောဂါ စတင်ချိန်မှပင် လေ့လာမှုတစ်ခုက တစ်နေ့ကို ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၉၀ အောက် (မြန်မာကျပ် ၂၀၀၀ ခန့်) သာ ရရှိသူများမှာ လူဦးရေက ၆၃ ရာခိုင်နှုန်းခန့်ပင် ရှိလာသည်ဟု ဆိုသဖြင့် လူသန်းပေါင်းများစွာသည် မရေရာသော ဘဝများနှင့် ရှင်သန်နေရသည်။ တစ်ချိန်တည်းမှာပင် ဆယ်စုနှစ် တစ်ခု အလွန်ကတော့ မည်သူ့တွင်မှ ဖုန်းမရှိ၊ ယခုမူ Facebook ပေါ်တွင် လူတိုင်း ရောက်နေကြပြီ ဖြစ်သည်။


မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရလုရနီး အခြေအနေတွင် ရှိမနေပါ။ သို့ရာတွင် တော်လှန်ရေး အပြောင်းအလဲ တစ်ခု ဖြစ်လုဖြစ်နီး အနေအထားတွင် ဆိုက်ရောက်နေပါသည်။ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အကြားမှ ပျက်ပြားသွားခဲ့သည့် ကတိကဝတ်မှာ အမှန်ဆိုလျှင် ၅၄ သန်းသော ပြည်သူရှိ နိုင်ငံကို တဲတဲလေး ပေါင်းစည်းထားသည့် ခေတ်နောက်ပြန် သဘောတူညီမှု တစ်ခုသာဖြစ်ပေသည်။ ယခုအပြောင်းအလဲက မည်သည့်ဘက်ကို ဦးတည်မည်ကို မှန်းဆရန် မဖြစ်နိုင်ပေ။


ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာ့နိုင်ငံရေးမှာ အသက်အရွယ် ကြီးသူများသာ အုပ်စိုးနေမှုနှင့် ရွေးကောက်ပွဲများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများကိုသာ အမြင်ကျဥ်းစွာ အာရုံစူးစိုက်မှု စသည်တို့ကြောင့် တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဖြစ်ခဲ့ရသည်။ ယနေ့ ဆန္ဒပြပွဲများကို ဦးစီးဦးဆောင်ပြုသူများ၏ ကြီးမားသည့် ရဲစွမ်းသတ္တိနှင့် ခိုင်မာသော သန္နိဌာန်တို့ကို မြင်တွေ့ရသည်။ ဤသည်မှာ မိမိကိုယ်ကို ယုံကြည်ချက် ပိုရှိသည့် မျိုးဆက်သစ် ဖြစ်သည်။ ယင်းတို့သည် နည်းပညာကို ကောင်းစွာ အသုံးချတတ်ကာ ကမ္ဘာတစ်ဝှမ်းနှင့် ကောင်းစွာ ချိတ်ဆက်တတ်ကြသည်။ သို့ရာတွင် အောင်မြင်မှု ရရှိရန်အတွက် လမ်းဟောင်းမလိုက် တိုးတက်တီထွင်သော လုပ်ငန်းစဥ်တစ်ရပ်ကို ဖန်တီးအကောင်အထည် ဖော်ဖို့ လိုအပ်ပေလိမ့်မည်။ တိုင်းရင်းသား လူမျိုးအားလုံး ပါဝင်သည့်၊ မညီမျှမှုနှင့် ဖွံ့ဖြိုးမှုကို ဗဟိုပြုသည့်၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးတို့ကို အဓိကထားသည့် လုပ်ငန်းစဥ်တစ်ရပ် လိုအပ်ပါလိမ့်မည်။ ယင်းတို့အနေဖြင့် လူ့အဖွဲ့အစည်းကိုလည်း ပြန်လည်ပုံဖော်ကာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရန် လိုအပ်ပါလိမ့်မည်။ မြန်မာနိုင်ငံရှိ လူငယ်များသည် အမွေဆိုးများစွာ ဆက်ခံခဲ့ကြရသည်။ ထိုအမွေဆိုးများကို မြန်မာ့လူငယ်များ ငြင်းပယ်သင့်သည်။ ယခုအခါ တိုင်းပြည်၏ အနာဂတ်သည် တော်မှန်စွာဖြင့် ယင်းတို့၏ လက်ထဲတွင် ရောက်ရှိနေပြီ ဖြစ်ပါသည်။



(၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Financial Times သတင်းစာတွင် ဖော်ပြခဲ့သည့် ဒေါက်တာသန့်မြင့်ဦး၏“Myanmar”s youth hold the country”s future in their hands" ဆောင်းပါးကို မြန်မာဘာသာ ပြန်ဆိုဖော်ပြပါသည်။)






81 views0 comments