Search
  • Thant Myint-U

မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ အခွင့်အလမ်း

Updated: Jun 23

မြန်မာနိုင်ငံသည် လက်ရှိတွင် အကျပ်အတည်း နှစ်ခုနှင့် ရင်ဆိုင်နေရလျက် ရှိသည်။ ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖြစ်သော ကျန်းမာရေးအကျပ်အတည်းနှင့် ကပ်ရောဂါအပေါ် ကမ္ဘာ့နိုင်ငံ အသီးသီးမှ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအကျပ်အတည်းတို့ ဖြစ်ပါသည်။

ကျန်းမာရေးကပ်ကြီး၏ ဒဏ်ချက် မည်မျှ ပြင်းထန်မည်ကို မည်သူမှ မသိပါ။ ကမ္ဘာပေါ်တွင် ဤရောဂါပိုးကြောင့် သေဆုံးရသူ၊ ရောဂါပိုး ကူးစက်ခံရသူ အရေအတွက် အမှန်တကယ်ကိုလည်း အတိအကျ မသိရှိနိုင်ပါ။ ထို့အတွက် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးနိုင်ခြေကို စိတ်ကူးဖြင့်သာ မှန်းဆနိုင်ပါသည်။ ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မသိသေးသည်မှာ များစွာ ရှိနေပါသည်။ ကမ္ဘာစံနှုန်းနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ ရောဂါ ကူးစက်ခံရသည်ဟု အတည်ပြုထားသော လူနာနှင့် သေဆုံးသူ ဦးရေမှာ အလွန်တရာ နည်းပါးပါသေးသည်။ ထည့်တွက်စရာ မလိုသည့် အရေအတွက်သာ ရှိသေးသည်ဟုပင် ဆိုနိုင်သည်။ သို့သော် လက်ရှိအခြေအနေမှ အဆိုးဆုံးသို့ တစ်ခဏအတွင်း ပြောင်းသွားနိုင်သည်။ အခြားနိုင်ငံများတွင် ဖြစ်ခဲ့ပြီးပြီ။ မည်သူမှ အတိအကျ မပြောနိုင်ချေ။

အတပ်ပြောနိုင်သည်မှာတော့ ယခုပင် တိုင်းပြည်တွင် ကြီးစွာသော စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ လာမည့်လများ အတွင်း အစိုးရဘက်မှ ထိရောက်သည့် အရေးယူဆောင်ရွက်ခြင်း မရှိပါက ယခုထက် ပိုဆိုးဖို့သာ ရှိတော့သည်။ ကျွန်တော်တို့ နားလည်ထားရမည့် အရေးကြီးသော အချက်မှာ အကျပ်အတည်းတိုင်းတွင် အခွင့်အလမ်းများ ရှိနေခြင်း ဖြစ်သည်။ မြန်မာ့စီးပွားရေးစနစ်ကို တိုင်းသူပြည်သား အားလုံးအတွက် အကျိုးရှိမည့် အနေအထားသို့ ရောက်အောင် ပြန်လည်ပုံသွင်းပစ်နိုင်မည့် အခွင့်အရေးပင် ဖြစ်သည်။ အထူးသဖြင့် ဆင်းရဲပြီး ထိခိုက်ရန် အလွယ်ဆုံး ဖြစ်သည့် လူတန်းစား အတွက်ပါ ဖြစ်သင့်သည်။

‘စီးပွားရေးစနစ်’ ဟုဆိုလိုက်လျှင် ‘ပညာရှင်များ’၏ နယ်ပယ် ဖြစ်သည်ဟု ရှုမြင်တတ်ကြသည်။ လက်တွေ့တွင်မူ စီးပွားရေးစနစ်၏ ၉၀ ရာခိုင်နှုန်းမှာ သာမန်စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိခြင်း ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းမှာ နိုင်ငံရေး ဖြစ်သည်။ ချမ်းသာကြွယ်ဝမှုကို ဖန်တီးပြီး လူ့အဖွဲ့အစည်း အတွင်း ခွဲဝေခြင်းသာ ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၃၀ ကျော် အတွင်း မြန်မာပြည်၌ လွန်စွာ မျှတမှု မရှိသော လူ့အဖွဲ့အစည်းတစ်ခု ဆင့်ကဲပြောင်းလဲလာသည်ကို ကျွန်တော်တို့ တွေ့မြင်ခဲ့ကြပါသည်။ ပြည်သူအများစုမှာ ဝင်ငွေ မဖြစ်စေလောက် ရရှိရန် နဖူးမှချွေး ခြေမကျသည်အထိ ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရသည်။ အခြေခံ ပြည်သူ့ဝန်ဆောင်မှု၊ ဘဝလုံခြုံမှု မရှိကြ။ ကျန်းမာရေး စောင့်ရှောက်မှုကောင်း၊ ပညာရေးကောင်း မရကြ။

မြန်မာနိုင်ငံ အတွက် ‘စီးပွားရေးဆိုသည်မှာ’ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့်လည်း သက်ဆိုင်သည်။ ကမ္ဘာ့အဆင်းရဲဆုံးသော နိုင်ငံများ စာရင်းဝင် အဖြစ်မှ ပြည်သူပြည်သား အားလုံးအတွက် ကောင်းမွန်သော လူနေမှုအဆင့်အတန်းကို အာမခံနိုင်သည့် နိုင်ငံတစ်ခုအဖြစ်သို့ ပြောင်းလဲရန် ဖြစ်သည်။ ချမ်းသာကြွယ်ဝလာသော နိုင်ငံတိုင်းလိုလိုတွင် အစိုးရ ဦးဆောင်သည့် စက်မှုလက်မှု ထွန်းကားရေး နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ ထိုနိုင်ငံများတွင် အစိုးရမှ စီးပွားရေးကဏ္ဍ (အထည်အလိပ် သို့မဟုတ် သံမဏိ) အချို့ကို သတ်မှတ်ပေးကာ ဖွံ့ဖြိုးအောင် ကြိုးပမ်းမှု ရှိသလို ပြည်တွင်းကုမ္ပဏီများ ကမ္ဘာ့စင်မြင့်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်လည်း အကူအညီပေးသည်။

ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော စီးပွားရေး အကျပ်အတည်းကြားမှ ပူးတွဲအခွင့်အရေးနှစ်ခုကို ရယူနိုင်ပါသည်။ လူမှုဖူလုံရေး အားကောင်းသော တိုင်းပြည်တစ်ခု ဖြစ်လာစေရန် သာမက စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေးမူဝါဒများ ချမှတ်ရန်ပါ အုတ်မြစ်ချနိုင်သည့် အခွင့်အရေး ရှိနေပါသည်။

ပထမဦးစွာ အရေးပေါ် အခြေအနေကို တုံ့ပြန်ရပါမည်။ လက်ရှိအခြေအနေတွင် သန်းနှင့်ချီသော ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများ၊ အလုပ်အကိုင်များ ဆုံးရှုံးနိုင်ခြေ ရှိနေပါသည်။ ထိုအထဲတွင် အထည်ချုပ်စက်ရုံ လုပ်သားများ သာမက သတ္ထုတွင်းလုပ်ငန်းမှသည် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအထိ ကဏ္ဍအသီးသီးမှ လုပ်သားများလည်း ပါဝင်သည်။ ထိုင်းနိုင်ငံနှင့် အခြား နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် ၃ သန်းနှင့်အထက် ရှိသော မြန်မာများလည်း ပါဝင်သည်။ မကြာမီအတွင်း တစ်ပြည်လုံး အတိုင်းအတာတွင် မိသားစုဝင်ငွေ ဒေါ်လာဘီလီယံ ချီကာ ဆုံးရှုံးသွားနိုင်သည်။

ပြောင်းလဲလာသော ကမ္ဘာ့စီးပွားရေး အနေအထားများသည် မြန်မာ့စီးပွားရေးအကျပ်အတည်း ပေါ်ပေါက်စေခဲ့သော အကြောင်းရင်း တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဥပမာ ကမ္ဘာ့ကုန်သွယ်မှု အခြေပျက်ခြင်း ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကို တွန်းလှန်ရာတွင် မဖြစ်မနေ ပြုလုပ်ရမည့် နေ့စဉ်ဘဝတွင် လူအများနှင့် ထိတွေ့မှုကို လျှော့ချရေး ကန့်သတ်ချက်များကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ လာမည့် ရက်သတ္တပတ်များ၊ လများအတွင်း ထောင်သောင်းချီသော ပြည်တွင်း စီးပွားရေးလုပ်ငန်းများ လဲပြိုသွားနိုင်သည်။

ဤကမ္ဘာ့ကပ်ရောဂါကြီး၏ ခြိမ်းခြောက်မှုကို ခံနေရသော လူ့အသက်များကို မဖြစ်မနေ ကယ်တင်ရန် လိုအပ်ပါသည်။ သို့ရာတွင် အန္တရာယ်နှင့် အချိုးအစား မျှတသည့် ဆောင်ရွက်ချက်များ ဖြစ်ရန် အရေးကြီးသလို စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်များကို သေချာတွက်ချက်ပြီး တရားဝင် အရေးပေါ် အစီအမံ လုပ်ဆောင်ချက်များဖြင့် တုံ့ပြန်ဖို့ရာ အရေးကြီးပါသည်။

အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ ချိနဲ့နဲ့ အစိုးရ အဖွဲ့အစည်းများနှင့် တစ်နေ့စာပင် မနည်းရှာနေရသည့် လက်လုပ်လက်စား ဆင်းရဲသား သန်းချီ ရှိနေပြီး လွယ်လွယ်နှင့် အထိနာနိုင်သည့် မြန်မာနိုင်ငံ အနေနှင့် တိုင်းပြည်စီးပွားရေး ဆိုးရွားစွာ ကျဆင်းမသွားအောင် ကာကွယ်ရန်မှာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မဖြစ်အောင် ကာကွယ်ရန် နည်းတူ အရေးကြီးလှသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရများက သာမန်ပြည်သူများကို ကူညီသည့်အနေဖြင့်၊ စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့သည့်အနေဖြင့် တိုင်းပြည်ဂျီဒီပီ၏ ၁၀-၂၀ ရာခိုင်နှုန်းနှင့် အထက် ဒေါ်လာ သန်းကုဋေပေါင်းများစွာ ထုတ်သုံးနေကြသည်။ မြန်မာနိုင်ငံကလည်း ယင်းတို့ထက် မပိုလျှင်တောင် တန်းတူညီမျှသော တုံ့ပြန်မှုကို ပြုလုပ်သင့်သည်။ တိုင်းပြည်စီးပွားရေး ပြိုလဲသွားပါက အခြားနိုင်ငံများထက် မြန်မာနိုင်ငံက ပိုအထိနာနိုင်သည်။

အချိန်စောနိုင်သမျှ စောစီးစွာ သာမန်လူတန်းစားများ၏ လက်ထဲအရောက် ထောက်ပံ့ငွေ ပေးအပ်ရန်မှာ အဓိကဦးတည်ချက် ဖြစ်သင့်သည်။ အခြေအနေ မဟန်ပါက ဝန်ထမ်းလျော့ချရမည့် စီးပွားရေးလုပ်ငန်းများ အတွက် ဝန်ထမ်းလစာ ထောက်ပံ့နိုင်သည်။ ကြုံရာကျပန်း လုပ်ကိုင်ကြရသည့် ပြည်သူအများစု သို့မဟုတ် ထိုင်းနိုင်ငံမှ ပြန်ရောက်လာကြသော ရွှေ့ပြောင်းလုပ်သားများ အတွက် အစိုးရက ထောက်ပံ့ကြေး ပေးအပ်ရာတွင် တိုက်ရိုက်ငွေလွှဲမှုစနစ်ကို အသုံးပြုသင့်သည်။ ဥပမာ - ဒီဂျစ်တယ် ငွေလွှဲငွေချေစနစ်များမှ တစ်ဆင့် ထောက်ပံ့ငွေ လွှဲပေးခြင်း ဖြစ်သည်။ ဆုံးရှုံးသွားသော ဝင်ငွေများကို ကာမိစေရန် ဒေါ်လာဘီလီယံများစွာ (ကျပ်ကုဋေပေါင်းများစွာ) မဆိုင်းမတွ ထုတ်သုံးရန် စဉ်းစားသင့်ပေသည်။

ထိုငွေကြေးကို နည်းလမ်း အမျိုးမျိုးဖြင့် ရယူနိုင်ပါသည်။ (၁) လက်ဝယ်ရှိ ဘတ်ဂျတ်ကို အရေးပေါ် ပြန်လည်ခွဲဝေခြင်း၊ (၂)ငွေတိုက်စာချုပ် ရောင်းချခြင်း၊ (၃) နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများမှ အထောက်အပံ့ ရယူခြင်းနှင့် (၄) ဗဟိုဘဏ်မှ ချေးငွေယူခြင်းတို့ ပြုလုပ်နိုင်ပါသည်။

ဗဟိုဘဏ်မှ လိုငွေအတွက် ငွေစက္ကူ မရိုက်နှိပ်ဖို့ရာ၊ ထိုမျှမက အတိုးနှုန်း မလျှော့ချဖို့ရာ အကြောင်း တစ်စုံတစ်ရာ မရှိပေ။ ကမ္ဘာ့စီးပွားရေး အသွင်ပြောင်းသွားပါပြီ။ အနည်းဆုံး လာမည့်နှစ်များထိ ရှိနေဦးမည့် အန္တရာယ်မှာ ငွေကြေးဖောင်းပွမှု မဟုတ် ငွေကြေးကျုံ့မှု ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်ကာလများက နောက်ဆုံး ကြုံခဲ့ရသည့် မြန်မာနိုင်ငံရော တစ်ကမ္ဘာလုံးပါ စီးပွားရေးပျက်ကပ်ကြီး ဆိုက်တော့မည့် အခြေအနေကို တစ်ဖန် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

အထက်တွင် ဆိုခဲ့သလို ယခုအကျပ်အတည်းကို တွန်းလှန်ရန် အတွက် ဘီလီယံဒေါ်လာများစွာ သုံးစွဲရာတွင် တိုင်းပြည်၏ စီးပွားရေးကို ပြန်လည်ပုံသွင်းရန် အခွင့်ကောင်းယူခြင်း ဖြစ်သင့်သည်။ တိုင်းပြည်၏ စီးပွားရေးကို ပို၍ သာတူညီမျှမှု ဖြစ်ပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုများကို ပို၍ အားကောင်းစေသော လမ်းကြောင်းပေါ်သို့ ဦးလှည့်ပေးနိုင်မည့် အခွင့်အရေးကို အကျိုးရှိအောင် အသုံးချသင့်သည်။

မြန်မာနိုင်ငံတွင် လူမှုဖူလုံရေး အသက်ကယ်ပိုက် မရှိပါ။ သာမန်ပြည်သူများ အတွက် ဝင်ငွေ၊ ကျန်းမာရေးတို့ကို အာမခံ မပေးနိုင်ပါ။ ထိုသို့ လစ်ဟာနေသော စနစ်များကြောင့် လက်ရှိအကျပ်အတည်းနှင့် ကြုံလာရသောအခါ သာမန်ပြည်သူများ၏ လက်ထဲအရောက် ငွေကြေးပေးအပ်နိုင်ရန်နှင့် ကျန်းမာရေးစနစ်ကို လက်လှမ်းမီနိုင်မှုကို မြှင့်တင်ရန် လိုအပ်ပါသည်။ အရေးပေါ် အခြေအနေ ဖြစ်သောကြောင့် တန်ပြန်ဆောင်ရွက်ရသည်ဟု မယူဆဘဲ အနာဂတ် လူမှုဖူလုံရေးစနစ် ကောင်းမွန်သည့် နိုင်ငံတစ်ခု ဖြစ်တည်လာရေး အတွက် ခြေဦးတည်သည်ဟု မှတ်ယူသင့်ပါသည်။

ခွဲခြားဆက်ဆံခြင်း မရှိဘဲ ပြည်သူအားလုံးကို ထောက်ပံ့ပေး​သော လူမှုဖူလုံရေးစနစ်သည် မြန်မာ့ဒီမိုကရေစီ၏ အချက်အချာတွင် ရှိသင့်သည်။ ငြိမ်းချမ်းရေးအတွက်လည်း အဓိကသော့ချက် ဖြစ်ပေသည်။

ဘီလီယံဒေါ်လာများစွာ သုံးစွဲခြင်းဖြင့် ကပ်ရောဂါလွန် စက်မှုထွန်းကားရေး နည်းဗျူဟာအတွက် အုတ်မြစ်ချပေးနိုင်သည်။ အနာဂတ် ကမ္ဘာ့စီးပွားရေး စျေးကွက်မှာ လွန်ခဲ့သည့် လအနည်းငယ်ကနှင့် ယှဉ်လျှင်ပင် လုံးဝ ကွာခြားသည့် အနေအထားတွင် ရှိနေနိုင်ပါသည်။ ခရီးသွားလုပ်ငန်းများ ယခင် အနေအထားသို့ ပြန်ရောက်ရန် နှစ်အတော်ကြာ ပြန်လည်ထူထောင်ရဦးမည်။ အခြားနိုင်ငံများက ရွှေ့ပြောင်းလုပ်သားများကို လက်ခံချင်မှ လက်ခံကြလိမ့်မည်။ ကမ္ဘာ့ ရေနံစျေး၊ စက်သုံးဆီစျေးများ ထိုးကျသွားခဲ့ပြီ။ ကမ္ဘာတစ်ဝှမ်းမှ အစိုးရများ၏ ငွေအလုံးအရင်း သုံးစွဲခြင်းက ငွေကြေးစနစ်နှင့် ချေးငွေစျေးကွက်များ အပေါ် မကြုံစဖူး အပြောင်းအလဲများ ဖြစ်ပေါ်စေလိမ့်မည်။

မြန်မာနိုင်ငံတွင် နည်းဗျူဟာတစ်ခု ရှိဖို့ လိုအပ်သည်။ လက်ရှိတွင် အစိုးရဘက်မှ စီးပွားရေးလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရန် ကူညီပေးနိုင်သလို ၀န်ထမ်းလျော့ချရမည့် အခြေအနေ မရောက်အောင် ထောက်ပံ့ပေးနိုင်သည်။ သို့ရာတွင် ရေရှည်အတွက် မည်သည့်ကဏ္ဍများကို တိုးတက်အောင် လုပ်လိုသည်၊ မည်သည့်စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးမည်တို့ကို ယခုပင် ထည့်သွင်း စဉ်းစားထားသင့်သည်။ လာမည့် ၅နှစ် -၁၀နှစ် အတွင်း ကမ္ဘာ့စီးပွားရေး မည်သည့်အနေအထားတွင် ရှိနေနိုင်သည်ကို တတ်စွမ်းသမျှ လေ့လာသုံးသပ်ပြီး ငွေကြေးအသုံးအစွဲများကို တွက်ဆသင့်သည်။ မည်ကဲ့သို့သော အလုပ်အကိုင် ဖန်တီးရေး စီမံကိန်းကြီးများက အကြမ်းဖက်ပဋိပက္ခများ အဆုံးသတ်သွားရန် အထောက်အကူဖြစ်စေနိုင်မည်၊ ရာသီဥတု ပြောင်းလဲလာမှု အတွက် အသင့်ပြင်ရာတွင် အကူအညီ ဖြစ်နိုင်မည် စသဖြင့် ထောင့်စေ့အောင် သုံးသပ်ပြီး ချိတ်ဆက် တွေးဆသင့်ပါသည်။ နောင်လာမည့် အနာဂတ်တွင် ငွေကြေးပိုင်ဆိုင်မှုကို မည်ကဲ့သို့ ဖန်တီးဝေမျှမည်နည်း ဆိုသည့် မြန်မာ့စီးပွားရေး မျှော်မှန်းချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။

ဤအရာများ အားလုံး လုပ်ဆောင်နိုင်ရန် လိုအပ်သည်မှာ ဌာနဆိုင်ရာ ဖွဲ့စည်းပုံသစ် (Institutional) ဖြစ်သည်။ လက်ရှိ အကျပ်အတည်းအတွက် ငွေကြေးသုံးစွဲမှုများ အတွက် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု ရှိသင့်ပြီး ဒီမိုကရေစီစနစ်ကို အားကောင်းလာစေသင့်သည်။ ဖြတ်သန်းကြီးပြင်းခဲ့ရသည့် ခေတ်ကာလများက ဖွဲ့စည်းခဲ့သည့် လက်ရှိဌာနဆိုင်ရာများသည် ငွေကျပ်ကုဋေများစွာကို ထုတ်သုံးနိုင်မည့် အနေအထားတွင် မရှိနေ။ ဤသည်မှာ ကြီးစွာသော စိန်ခေါ်မှုကြီး ဖြစ်သည်မှာ မှန်သော်လည်း မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ချေ။ အခြား ရွေးချယ်စရာ နည်းလမ်းလည်း မရှိချေ။ မြန်မာနိုင်ငံတွင် ရှင်းလင်းတိကျသော စီးပွားရေး နည်းဗျူဟာ တစ်ခု မရှိဘဲ၊ လတ်တလော ရင်ဆိုင်နေရသည့် စီးပွားရေးအကျပ်အတည်း အတွက်သာ ရှိရှိသမျှ ကျည်ကုန် ထုတ်သုံးကာ ရင်ဆိုင်မည်ဆိုလျှင် ရောဂါကပ်ဆိုးကြီး မဆိုက်လာသည့်တိုင် တိုင်းပြည်အနာဂတ်မှာ ရင်မောစရာ ဖြစ်လာပေမည်။ ဤအခွင့်အရေးကို အမိအရ ဆုတ်ကိုင်နိုင်မည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ်သည် တောက်ပသော အနာဂတ်သစ်၏ အစ ဖြစ်လာနိုင်ပေသည်။




113 views

©2019 by Thant Myint-U.